Unicode :
ကားထဲမှာတိတ်ဆိတ်နေပုံက လက်မှာပတ်ထားတဲ့ နာရီဆီက စက္ကန့်သံတစ်ချက်ချက်ကိုပါ သဲကွဲစွာကြားနေရတဲ့အထိ။ကားမောင်းသူနေရာမှာ လူတစ်ယောက် ထိုင်နေကာ သူ့လက်ထဲမှာလည်း သေသပ်စွာထုပ်ပိုးထားတဲ့ တစ်ပေပတ်လည်ပါကင်ဘူးလေးကိုကိုင်ထားသည်။ထို့အပြင် ထိုသူကထိုင်နေရင်းနဲ့ သူ့မျက်လုံးရှေ့မှာ တည်ရှိနေတဲ့အဆောက်အဦးကိုပဲ မမှိတ်မသုန်ကြည့်နေခဲ့သည်။
ထို့နောက်ဘူးလေးကို ဘေးကထိုင်ခုံပေါ်မှာပြန်တင်လိုက်သည်။ထိုဘူးလေးကိုအကြည်သားပလက်စတစ်တို့ဖြင့် ပတ်ကာထားပြန်တော့ အတွင်း၌ရှိနေသည့်အရာကိုလည်းဖောက်ထွင်းကာမြင်နေရသေးသည်။
ထိုအရာလေးက အရွယ်အစားမကြီးလွန်းမသေးတဲ့ ချစ်စဖွယ်ကိတ်မုန့်လေးတစ်လုံး။ပြာနုနုအရောင်ကိတ်မုန့်ဝိုင်းလေးထက်မှာ ရွှေရောင်ကြယ်ပွင့်လေးတွေက အရွယ်အစားစုံနဲ့ကွတ်ကြားတည်ရှိနေသည်။ထို့အပြင် အဖြူရောင် လခြမ်းကွေးကလည်းသဏ္ဍာန်ပေါ်လှသည်။ထိုလခြမ်းကွေ့ထဲမှာမှ အညိုရောင် ဝက်ဝံလေးက မှောက်လျက်သားကုန်းကုန်းလေး။ဘေးမှ '1' ဆိုတဲ့စကားလုံးကလည်း လခြမ်းကွေးနဲ့အရွယ်အစားတူညီကာရွှေရောင်လေးလည်းဖြစ်နေသဖြင့် ကိတ်မုန့်လေးက စားပစ်လိုက်ဖို့နှမြောရလောက်အောင်ပင် ကြွရွလှပနေသည်။
ထိုလူသည် ကားထိုင်ခုံရဲ့နေရာကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေရင်း ဘာမှမလုပ်ဘဲ ထိုဘူးလေးကိုသာခနနေကိုင်လိုက် ကြည့်ပြီးပြန်ချလိုက်လုပ်နေတာလည်း အခေါက်ပေါင်းမနည်းတော့ဘူးထင်သည်။ထိုတိတ်ဆိတ်နေတဲ့ကားခေါင်းကျဉ်းကျဉ်းလေးထဲမှာ သူ့အားတစ်ကိုယ်တည်းအထီးကျန်ဆန်နေခြင်းနှင့်နောင်တတရားကဖိစီးနှိပ်စက်နေပြန်သေးသည်။
အပြင်မှ သက်ဝင်လှုပ်ရှားနေတဲ့အရာတွေကိုသူကြည့်နေရင်းနဲ့ နောက်ဆုံးမှာတော့ ကြံရာမရသည့်အဆုံး စတီရာရင်ပေါ်ကိုသာ စိတ်ပျက်လက်ပျက်နဲ့မျက်နှာအပ်ချလိုက်သည်။
"တင်"
ထိုအချိန်တွင် သူ့ဖုန်းဆီမှ တင်ခနဲအသံပေးလာကာမျက်နှာပြင်လည်း လင်းလက်လာခဲ့သည်။ထို့နောက်တစ်ချိန်တည်းမှာပဲထိုအဆောက်အဦးကြီးထဲမှာ ဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေကို သူအသေးစိတ်မြင်ခွင့်ရလာသည်။