Unicode :
"ခွင့်လွှတ်လို့မရအောင်မှားခဲ့တဲ့ ကျွန်တော့်အပြစ်တွေအတွက် ဒူးထောက်ပြီးပဲတောင်းပန်ရပါစေ တံတောင်ထောက်ပြီးပဲတောင်းပန်ရပါစေ ကျွန်တော်မမှုဘူး ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားကကျွန်တော့်ရဲ့လူမလို့ ကလေးကလည်းကျွန်တော့်ကလေး ခင်ဗျားတို့နှစ်ယောက်အပေါ်မှာ ကျွန်တော်အမှားကြီးမှားခဲ့တာ မှန်တယ် ဒါပေမဲ့...."
ဒါပေမဲ့ဆိုပြီးစကားဆက်ဖို့ သူမော့ကြည့်လိုက်တော့ ထိုလူကမျက်ဝန်းသေတွေနဲ့ စူးစိုက်ကြည့်နေသည်။ဒူးထောက်လိုက်တာကိုမယုံနိုင်ဖြစ်သွားတာလား ချစ်တယ်ဆိုတာကိုအရှက်မရှိမျက်နှာပြောင်တိုက်တယ်ဆိုပြီး အံ့ဩနေတာလားကတော့ သူသာသိပါလိမ့်မည်။ထို့နောက်ကျဲကပြောဖို့ကိုအားယူလိုက်ပြီးမှ ပြောချလိုက်သည်။
"အပြစ်ကအပြစ် အချစ်ကအချစ်"
အချစ်ကြောင့်မှားခဲ့တာဖြစ်ဖြစ် အပြစ်ကြောင့်ပဲချစ်မိတာဖြစ်ဖြစ် သူနှလုံးသားကတော့သေချာတယ် အဲ့လူကိုမှတောင့်တနေပြီ။အပြစ်တွေနဲ့အမှားတွေနဲ့ မသက်ဆိုင်တဲ့ရပ်ဝန်းတစ်ခုကနေ သူ့အချစ်ကလည်းတသီးတသန့်ဖြစ်တည်လာတာ။
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုဆို စက်ဆုပ်ရွံရှာနေတာကို နာကျင်ရကောင်းမှန်း မသိရအောင် သူတိရိစ္ဆာန်မှ မဟုတ်တာ။ဒါပေမဲ့ချစ်တာကိုလည်းသိစေချင်နေသည်။
ဒီလူကိုလိုအပ်နေပြီဆိုတာကိုသေချာနေတဲ့ နှလုံးသားက အချစ်ကိုတသီးတသန့်ခံစားချင်နေသည်။ကြည်ဖြူလိုက်လျောစွာပေးအပ်လာမည့် ထပ်တူညီတဲ့ရင်ခုန်သံတွေအတွက် သူမျှော်လင့်ပြီးရင်းမျှော်လင့်ရင်းနဲ့ရူးနေပြီ။
"ကျွန်တော်သိတယ် ခင်ဗျားလည်းကျွန်တော့်အပေါ်မှာရင်ခုန်ခဲ့ဖူးပါတယ် ဟုတ်တယ်မလား ကျွန်တော့်အမှားတွေအတွက်ခွင့်မလွှတ်ဘူးဆိုရင်တောင် လိမ်လိမ်မာမာနဲ့အနားကိုသာပြန်လာခဲ့ပါ ကျွန်တော့်တစ်ဘဝလုံးနဲ့ပြန်ပြီးပေးဆပ်ပါ့မယ် အဲ့လိုမျိုးအခွင့်အရေးပြန်ပေးပါ..."
ကတိတွေအထပ်ထပ်ပေးပြီး အခွင့်အရေးပြန်ပေးပါတဲ့။သူနဲ့ကိုယ့်ကြားမှာ မျက်နှာချင်းတောင်ဆိုင်ဖို့ မဖြစ်နိုင်လောက်အောင်ဖြစ်ခဲ့ကြတဲ့ ပဋိပက္ခတွေ သူပေးခဲ့တဲ့ဒဏ်ရာတွေ ခုချိန်ထိတောင်မပျောက်နိုင်သေးတာကို သူကတော့ အချစ်ပဲပြန်ပေးပါ။ကြင်နာခြင်းတွေ ကြည်ဖြူခြင်းတွေပြန်ပေးပါတဲ့။တစ်ကနေပြန်စပြီး ယုယပေးပါမယ်တဲ့။