Unicode :
"တောက်!"
မညှာမတာတောက်ခေါက်လိုက်သံကပြင်းသည်။ခွဲစိတ်ခန်းရှေ့မှာကျဲကခြေလှမ်းကျဲများဖြင့် ဟိုဘက်သည်ဘက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။မျက်နှာထက်ကစိုးရိမ်နေမှုတွေ ဒေါသတွေကဟန်တောင်မဆောင်နိုင်လောက်အောင်အထင်းသား။
"ကိုလင်းအံ့!!"
"....."
နာမည်ခေါ်တော့သူ့ဘေးမှာမတ်တပ်ရပ်နေရင်းငုံ့ထားတဲ့ခေါင်းကမော့လာသည်။
"ဒါခင်ဗျားရဲ့အရည်အချင်းတွေလား!"
ခုမှအိပ်မှုန်စမွှားထလာတဲ့ ရင်ခွင်ရဲ့မန်နေဂျာဖြစ်သူက ကျဲရဲ့ဒေါသကြောင့်ပါးစပ်ပင်မဟရဲ။ညကြီးအချိန်မတော်မှ ရင်ခွင်ဗိုက်တွေအောင့်နေလို့အရေးပေါ်ရောက်သွားရသည်တဲ့။
"သူ့အနားကမန်နေဂျာတစ်ယောက်လုပ်နေပြီးခင်ဗျားသိတာဘာရှိလဲ..ခုလည်းကြည့်ဦး..တောက်"
ကျဲတောက်ခေါက်ပြန်သည်။
ညနက်သန်းခေါင် ဖုန်းဆက်တာကို အထူးတဆန်းဆိုပြီးသူကိုင်မိလို့ပေါ့။ဖုန်းကဆိုင်းလန့်ဖြစ်နေတာတို့ မကိုင်ဖြစ်လိုက်တာတို့ဆိုဘယ်လိုလုပ်မလဲ။
'ကျဲရေငါ့ကိုကယ်ပါဦး'ဆိုတဲ့တုန်တုန်ယင်ယင်အသံကြောင့် ထိတ်ပြာသွားခဲ့ရတာ သူ့ဆီဘယ်လိုတွေရောက်သွားလိုက်မှန်းတောင်မသိ။ရောက်သွားတော့လည်း ဟိုမှာမခံမရပ်နိုင်အောင်နာလွန်းလို့ ချွေးစေးတွေပျံပြီးသတိတောင်မေ့တော့မည်။ချက်ချင်းဆေးရုံကိုပြေးခဲ့ရသည်။ဒါကိုမန်နေဂျာလုပ်တဲ့သူကတော့ ခုမှသိ ခုမှရောက်လာ။
"သူဒီလောက်ဖြစ်နေတာကို ခင်ဗျားနည်းနည်းမှသတိမထားမိဘူးလား"
"ညဘက်ရှုတင်ပြီးတုန်းကတော့သူဗိုက်နာတယ်လို့တော့ပြောတယ် ဒါပေမဲ့ငါလည်းဒီလောက်ကြီးထိဖြစ်သွားလိမ့်မယ်လို့တော့ထင်မထားခဲ့ဘူး"
"ထင်မထားဘူးဟုတ်လား"
ကျဲပြန်မေးတော့မှ မဆင်မခြင်ဖြေမိတဲ့ ကိုယ့်ပါးစပ်ကိုသာပိတ်ရိုက်ချင်မိသည်။