Unicode :ဆွံ့အစွာကျန်ခဲ့တဲ့သူကို ပြန်ပြီးမြင်ယောင်မိတော့ စည်းစိမ် ရယ်ချင်သွားသည်။ပြန်လှည့်ကြည့်လိုက်တော့ အံကြိတ်လက်သီးဆုပ်လျက်။ကိုယ်ကလည်းအငဲ့ သူကလည်းမျက်လုံးအပင့်မှာ ရန်သူတွေမဟုတ်ပါဘဲနဲ့ အကြည့်တစ်ချက်နှင့်ပင်သေစေနိုင်လောက်သော လျှပ်စီးကြောင်းနှစ်ခုက လေထုကိုဖီဆန်ရင်း ထိပ်တိုက်တွေ့ဆုံသွားသည်။ရင်ထဲမှာတော့ ဆက်ထုံးတစ်ခုက တွယ်ငြိလျက်။သေချာတယ် မပြီးသေးဘူးမင်းနဲ့ငါ...။
စည်းစိမ်ကကျဲဖိဆုပ်လို့ ကျေသွားတဲ့အင်္ကျီကော်လာကို မာန်ပါပါပြန်ပြင်လိုက်ရင်း...၊
"သူ့ကိုသူများဘာထင်နေတာလဲ..အဟွန်း...တကယ့်ကောင်ပဲ..."
နောက်မှပေါက်တဲ့ရွှေကြာကလာပြီးရေလည်မှာတင့်တယ်နေသလိုမျိုး မြင်ရတာထော်လော်ကန့်လန့်ဖြစ်နေကာ စိတ်ထင်တိုင်းပေးသွားတဲ့အမိန့်တွေနဲ့ ဒေါသစကားသံတွေက ရယ်ချင်ဖွယ်ပါ။
ကိုယ့်အတွေးနဲ့ကိုရယ်ချင်နေတုန်းဘေးကနေတိုးညှင်းတဲ့အသံက ပုတ်နှိုးလိုက်သလို...၊
"ဆောရီးပါ ငါ့ကြောင့်နဲ့..."
စည်းစိမ်ရဲ့လည်ပင်းကို ကျဲဒေါသတကြီးသွားပြီးဆောင့်ကိုင်လိုက်တုန်းကဆို စေညွှန်တကယ်ကိုလန့်သွားခဲ့ရတာပါ။ပြီးတော့ မျက်နှာလည်းပူတယ်။မင်းလက်ထပ်ထားတာဒီလိုကောင်မျိုးဆိုတာ ယုံပါပြီဆိုပြီး မပြောရုံတမယ်ဖြစ်နေတဲ့ စည်းစိမ်အကြည့်တွေကြောင့် သူ့မှာရှက်လည်းရှက် အားလည်းနာ။
"သူကအဲ့လိုပဲ...မိုက်ရိုင်းတယ်"
မိုက်ရိုင်းတယ်တဲ့။အဲ့ဒါက ရိုင်းတာလား။သူတော့ရိုင်းတယ်လို့သိပ်မထင်သလိုပဲ။စေပြောတုန်းကသူကငါ့ကိုစိတ်မဝင်စားပါဘူးတဲ့။အိမ်ထောင်ရေးလည်းစိတ်မဝင်စားဘဲ ပျော်သလိုပဲနေတာတဲ့။
အခုမြင်လိုက်ရတော့ ဒီလိုမဟုတ်ပါလား။အဲ့ကောင်အကြည့်တွေထဲမှာတော့ တစ်စုံတစ်ရာကိုငတ်မွတ်နေသလားလို့။နှစ်ခုထဲကတစ်ခုခုတော့ဖြစ်လိမ့်မယ် နိုင်ချင်နေတာလား။ပိုင်ချင်နေတာလား။