သမိုင်းကြောင်းတစ်စုံတစ်ရာအား ထိခိုက်လိုစိတ် အလျဉ်း မရှိပါ ။
________________________________________
December,1862
"ကြေးနန်းရပြီးကတည်းက ကိုယ့်မှာ ချက်ချင်းပြေးလာချင်မိခဲ့တာပဲ ဂျန်"
အိမ်တံခါးအရှေ့၌ ရပ်နေသော သူသည် စိုးရိမ်နေသည့် အသံများဖြင့် ပြောသည် ။ နောက်ပြီး မောဟိုက်နေသည် ။ နှင်းဖတ်များက သူ့ကုတ်အင်္ကျီထူထူကြီးအပေါ်၌ ဟိုတစ်စ ဒီတစ်စ တင်နေကြသေးသည် ။ ဂျန်းနီသည် သူ့လက်ထဲမှ သားရေလက်ဆွဲအိတ်ကို လွှဲပြောင်းယူလိုက်သည် ။
"ကျွန်မ နေကောင်းသွားပါပြီ ရိုဆန် ။ အမေ့ကို ကြေးနန်းမပို့ဖို့ သေချာပြောထားတာကို သက်သက်မဲ့ အလုပ်ရှုပ်သွားပြီ"
သူက သက်ပြင်းကို ခပ်ဖြည်းဖြည်းချသည် ။ ထို့နောက် ဂျန်းနီလက်ကို ဆွဲကိုင်ကာ ဖက်သည် ။
အချိန်အကြာကြီး လွမ်းနေခဲ့ရသော သူ့ကိုယ်သင်းနံ့ကို ဂျန်းနီ တဝကြီး ရှုရှိုက်မိသည် ။
"ဘာမှမဖြစ်တာ ဘုရားသခင် စောင့်ရှောက်တာပဲ"
"အများကြီး စိတ်ပူနေခဲ့တာလား ရိုဆန်"
သူက စကားဖြင့်မဖြေပဲ ဂျန်းနီ ပုခုံးပေါ်က သူ့ခေါင်းကလေးကို အသာ ညိတ်ပြသည် ။ ဂျန်းနီချစ်သူကလေးမှာ ခွေးပေါက်စကလေးနှင့်ပင် တူနေပြီ ။
"အပြင်မှာ အေးတယ် ဂျန် ၊ အထဲဝင်ရအောင်"
သူက ဂျန်းနီ လက်ကို ဆွဲကာ အိမ်ထဲဝင်လာတော့ ဖိုထားခဲ့သည့် မီးဖိုမှ အနွေးဓာတ်က ရွှင်ပျစွာ ဆီးကြိုသည် ။ သူသည် သူ့ကုတ်အင်္ကျီကို တံခါးနားက ချိတ်မှာ ချိတ်ထားခဲ့သည် ။
"ခရစ္စမတ်အမီ ပြန်လာနိုင်တာ မပျော်ဘူးလား ဂျန်"
မီးဖိုအနီးက ထိုင်ခုံပေါ်တွင် ဝင်ထိုင်ကာ ဂျန်းနီကို သူ့ပေါင်ပေါ်လာထိုင်ဖို့ ခေါ်သည် ။
"ပျော်တာပေါ့ ရိုဆန် ၊ ကျွန်မဖြင့် ရှင့်ကို သိပ်လွမ်းနေခဲ့တာ"
ဂျန်းနီ သူ့ပေါင်ပေါ် ဝင်ထိုင်လိုက်ရင်း သူ့ရင်ခွင်ထဲခေါင်းမှီကာ ပြောပြမိသည် ။ ပြည်တွင်းစစ်ကြောင့် တပ်ထဲဝင်လိုက်သော ဂျန်းနီချစ်သူကလေးမှာ ပြီးခဲ့သည့် ခရစ္စမတ်ကတည်းက သူနှင့် ခွဲခွါခဲ့ရသည် ။ သုံးလတစ်ကြိမ် ပြန်လာတတ်သော်လည်း တစ်ရက်အပြင် ပိုပြီး ကြာကြာမနေတတ်သောကြောင့် ဂျန်းနီမှာ နေ့တိုင်း သူ့ကို လွမ်းဆွတ်နေရသည် ။ ကြားထဲ စာအဆက်အသွယ်ရှိသည်ဆိုသော်လည်း ဒီမျက်နှာနုနုကလေးကို မမြင်ရဘဲ ဂျန်းနီ နေနိုင်ခဲ့သည် မဟုတ်ပါ ။