ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့မှ မလိုတာ ။ ထားခဲ့တော့လည်း ကျန်ခဲ့လိုက်ရုံပဲ ။ ဆွဲခေါ်သွားတော့လည်း ပြေးလိုက်ရုံပဲ ။ အကုန်လုံးကို ဆန့်ကျင်ပုန်ကန်ဖို့ လုပ်မနေစမ်းပါနဲ့ ။ သဘာဝကျကျလေး နေစမ်းပါ ။
_________________________________________"ငါ့ကို မချစ်ဘူးဆိုတာသိပေမဲ့ ဒီထီးတော့ ယူသွား"
ချယ်ယောင်း မိမိတွင် ပါလာသော ထီးအား သူ့ကို လှမ်းပေးသည် ။ ထွက်သွားတော့မည့်ဆဲဆဲ သူ့ခြေလှမ်းများ ရပ်တန့်သွားကာ ချယ်ယောင်းကို မျက်နှာချင်းဆိုင်လာ၏ ။ ရင်တွေ တဒုတ်ဒုတ်ခုန်နေသည် ။ ဆံပင်ကောက်ကောက်ကလေးများ၏ အဖျား၌ မိုးစက်ကလေးတွေ တွဲလွဲခိုနေသည် ။ ချယ်ယောင်းသာ ဖြစ်လိုက်ပါတော့ဟု စိတ်ထဲမှ အကြိမ်ကြိမ် ဆုတောင်းမိသည် ။
"ငါတို့ သူငယ်ချင်းတော့ ဖြစ်နိုင်သေးတယ်မလား ဂျေ"
"ဟင့်အင်း"
စိတ်ထဲ သိမ့်ခနဲ ဖြစ်သွားပြီး ချယ်ယောင်း သဘောတကျ ပြုံးလိုက်မိသည် ။ ငယ်ငယ်ကတည်းက ချယ်ယောင်းရဲ့ မွေးရာပါစွမ်းရည်ဟာ တစ်ဖက်သားရဲ့ စိတ်ကို အချိန်ပိုင်းအတွင်း ခန့်မှန်းနိုင်ခြင်းတဲ့ ။ ဂျန်းနီ ဘာဖြစ်နေသလဲ ချယ်ယောင်း သိသည် ။
"ရယ်စရာလား"
မေးလျှင် ပြန်မဖြေဘဲ ပြုံးစိစိ လုပ်နေတတ်တာကို ဂျေ သဘောမကျမှန်း ချယ်ယောင်း သိသည် ။ သူ့အနားကို ကပ်တွယ်မနေဘဲ စကားနားထောင်ပြီး အဝေးကို ထွက်သွားမှာကို ဂျေ သဘောမကျမှန်း ချယ်ယောင်း သိသည် ။
"အရူး မိုးစိုကုန်ပြီ ၊ ဒီဘက် လာစမ်းပါ"
ချယ်ယောင်းကတော့ မိုးအစိုခံကာ သူ့ကို ထီးဆောင်းပေးထားသည်ကို ဂျေက ချယ်ယောင်းအား လက်ကောက်ဝတ်မှ ဆောင့်ဆွဲကာ ထီးအောက်ကို အတူ ဝင်စေသည် ။ စက္ကန့်အတော်ကြာ မိုးရေအောက် ရပ်နေမိသည်ကြောင့် ချယ်ယောင်းတစ်ကိုယ်လုံးနီးပါး မိုးရေစိုနေပြီ ဖြစ်၏ ။
ရင်ခွင်ထဲ ကွက်တိကျသွားသော ဂျေ့ထံမှ သစ်သီးနံ့များ ရသည် ။ သူ့အား အမွေးပွ ဝက်ဝံလေးတစ်ကောင်အသွင် ဆောင်ပေးနေသည့် သူ့ပါးဖောင်းဖောင်းတစ်ဖက်ထဲ ရိုဆန့်လက်ညှိုးကလေးကို နစ်ဝင်စေလိုက်သည် ။