ဖျတ်ခနဲ မျက်လုံးတွေ ပွင့်လာတော့ အရင်မြင်လိုက်ရတာက ချစ်စရာကောင်းသည့် သူ့မျက်နှာကြက်ကလေးပဲ ဖြစ်သည် ။
ဟုတ်တယ် သူ့မျက်နှာကြက်လေးက ချစ်စရာကောင်းတယ် ။ ဒီအတိုင်း ဗြောင်ဖြစ်နေတာတောင် ချစ်စရာကောင်းတယ် ။ နောက်ပြီး သူ့မျက်နှာကြက်မှ မဟုတ်ပါဘူး ၊ မြင်မြင်သမျှ အရာအားလုံးက သူ့အတွက် ချစ်စရာကောင်းတယ် ။
ဂျိန်းရူဘီအတွက် မနေ့ကစပြီး အရာအားလုံးဟာ ချစ်စရာကောင်းနေခဲ့သည် ။ အမြဲ ပူညံပူညံလုပ်တတ်သည့် မာမီရော ၊ အိမ်ရှေ့က ရေလောင်းရမှာ ပျင်းစရာကောင်းလှသည့် အပင်ကလေးတွေရော ၊ နောက် အမြဲ ကြည်လင်နေတတ်သည့် ကောင်းကင်ကြီးရော ။
"ဒီအချိန်ဆို ပါပီချန်း ဘာလုပ်နေမလဲ မသိဘူး"
အပြုံးသေးသေးလေးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သော ဂျိန်းရူဘီ၏ မျက်နှာကလေးမှာ အိပ်ရာထကာစဖြစ်သဖြင့် ရှုပ်ပွနေသော ဆံပင်တို့နှင့် အနည်းငယ် မို့ဖောင်းနေသော မျက်လုံးတို့၏ အတားအဆီးမှ ကျော်လွန်ကာ ကြည်ကြည်လင်လင် ရှိလှသည် ။ ဂျိန်းရူဘီသည် အိပ်ရာမှ ငေါက်ခနဲ ထထိုင်ကာ ဘယ်နှကြိမ်မြောက်မှန်း မသိသည့် အပြုံးကို နောက်တစ်ခေါက် ပြုံးလိုက်ပြန်သည် ။
မနေ့က အချိန်အကြာကြီး စောင့်နေခဲ့ရသည့် စကားကို သူ၏ နှစ်တုံးမရှိသော ကျောက်တုံးလေးထံမှ သူ ကြားပြီးခဲ့ပြီး ဖြစ်သည် ။
"ဂျိန်းရူဘီ ကိုယ်နဲ့ တွဲပေးပါ"
မရဲတရဲဖြင့် အလွန်ရှက်နေဟန်ရှိသော သူ့မျက်နှာ နီနီရဲရဲကလေးက ဂျိန်းရူဘီ၏ အာရုံထဲဝယ် လိပ်ပြာလေးတစ်ကောင်အလား ပျံဝဲနေဆဲပင် ။ သူ့ကျောက်တုံးကလေးဘက်က စတင်လှုပ်ရှားလားဖို့ ဂျိန်းရူဘီဟာ တစ်နှစ်ကျော်တောင် စောင့်နေခဲ့ရတာမလား ။ နောက်ဆုံးတော့ သူ့ကျောက်တုံးကလေးဟာ ဂျိန်းရူဘီ၏ နှစ်ဆယ့်လေးနှစ်ပြည့် မွေးနေ့မှာ ဂျိန်းရူဘီကို ဖွင့်ပြောလာခဲ့ပြီလေ ။ အသက်ရှင်နေရသည့် အချိန်တွေမှာ ဒီရက်ကစပြီး သူ့ဆီ အကောင်းဆုံးဆိုတာတွေပဲ ရောက်လာတော့မယ်ဆိုတာ ဂျိန်းရူဘီ တစ်ထစ်ချ ယုံကြည်နေမိသည် ။
![](https://img.wattpad.com/cover/329474297-288-k643216.jpg)