၁၈၉၀ ခုနှစ်
ဆံပင်အညိုရောင်အခွေလိပ်ကလေးများ ကျောပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းကြသည် ။ မှန်ထဲ၌ မြင်နေရသည့် သူ့ပုံရိပ်သည် အပြင်ဘက်ဆီမှ မိုးသားတိမ်တိုက်များကဲ့သို့ ဖြစ်သည် ။
မကြာခင် မိုးများ ရွာချတော့မည်လား ။
"ဂျန်းနီ အဆင်သင့်ဖြစ်ပြီလား"
သက်လတ်ပိုင်း မိန်းမတစ်ယောက်က သူ့ပုခုံးကို အသာဆုပ်ကိုင်၍ မေးသည် ။ ဂျန်းနီသည် အသက်မပါသည့် အပြုံးတစ်ခုကို ပေးသည် ။
"အဆင်မပြေလို့ရော ရသေးရဲ့လား"
အမျိုးသမီးက သက်ပြင်းချသည် ။ မိုးမရွာဖို့ကို သူ မျှော်လင့်မိသည် ။ မိုးရွာလျှင် ပွဲပျက်တော့မည်ပဲ ။
ဒီစေ့စပ်ပွဲသည် ပျက်စရာ အကြောင်းမရှိရ ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီစေ့စပ်ပွဲက ဖြစ်ကိုဖြစ်ရမည်လေ ။
ဂျန်းနီသည် အညိုရောင် ဂါဝန်ကြီးကြီးတစ်ထည်ကို ဝတ်ဆင်ထားသည် ။ ထိုအညိုရောင်ဂါဝန်နှင့် သူမ၏ အညိုရောင် ဆံပင်ခွေခွေကလေးများမှာ မှိုင်းပျပျ ရှိသည် ။
"ခဏနေ ဆင်းလာခဲ့တော့နော်"
အမျိုးသမီးက ဂျန်းနီပုခုံးကို နှစ်ခါပုတ်၍ ပြောပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းသွားသည် ။ အောက်ထပ်တွင် အစေခံများ လွန်စွာ အလုပ်ရှုပ်နေသည် ။
ခေတ်အဆက်ဆက် အာဏာရှိခဲ့သော ကင်မ်အိမ်တော်၏ နောက်ဆုံးမျိုးဆက် မဖြစ်စေရေးအတွက် အလွန်ကို အရေးပါသည့် ပွဲတစ်ခုဖြစ်သည် ။
မင်းသမီးကင်မ်ဂျန်းနီ၏ စေ့စပ်ပွဲပင် ဖြစ်သည် ။
အိမ်အပေါ်ထပ်၌ ဂျန်းနီတစ်ယောက်တည်းသာ ကျန်ခဲ့သည် ။ သူမ သေပစ်ချင်မိသည် ။
"မောင်နဲ့မှ မဟုတ်ရင် ကျွန်မတော့ တကယ် သေမှာပဲ"
စိတ်ရှုပ်စွာဖြင့် ဆံပင်တို့ကို သပ်တင်ပစ်လိုက်သည် ။
"ဂျန်"
ခေါ်သံတိုးတိုးကလေး.... ။
ဂျန်းနီ၏ သွေးကြောတို့ ဖြတ်သန်းစီးဆင်းရာ၌ ရောနှောပါဝင်နေလေ့ရှိသော ထိုအသံ... ။