အခိုက်အတန့်သေးသေးလေးတွေက "မင်းနဲ့"ဆိုတဲ့ စိတ်ကလေးနဲ့ ပြန်ပုံဖော်လိုက်ရင် အမှတ်တရတွေ ဖြစ်သွားကြတယ် ။
_________________________________________
အဝါရောင် ။ ။
"ဂျန်းနီ ငါ့ကို စိတ်ကောက်နေတာလား"
စာအုပ်ကိုပဲ အာရုံစိုက်နေတဲ့ ဂျန်းနီဟာ ဘာမှ ပြန်မဖြေခဲ့ ။
"ဂျန်းနီ ဖြေပါဦး"
ဖတ်နေတဲ့ စာအုပ်ကို သူ့လက်ချောင်းတွေနဲ့ ကာလိုက်ပြီး ဂျန်းနီမျက်ဝန်းတွေကို အတင်းလိုက်ကြည့်ရင်း ချယ်ယောင်း ပြောလိုက်မိတယ် ။
"ဟုတ်တယ်"
"ဘာလို့လဲဟင် ၊ ငါ ဘာလုပ်မိလို့လဲ"
"ကျစ် ပတ်ချယ်ယောင်း"
ဂျန်းနီဆီက အဲ့ဒီလို ခေါ်ခံရတိုင်း ချယ်ယောင်းတစ်ယောက် ကျောတို့ မတ်သွားရစမြဲ ။ ဒါဟာ ဂျန်းနီ အလွန်စိတ်တိုနေတယ်ဆိုတာကို ပြတဲ့ သင်္ကေတတစ်ခု ။
"ငါ ရန်ဖြစ်လာလို့လား ဟင်"
"မိဘခေါ်ခိုင်းတယ်ဆို"
ချယ်ယောင်း ခေါင်းသာ အသာညိမ့်ပြလိုက်မိတယ် ။
"ဒါ ဒုတိယအကြိမ်နော် ပတ်ချယ်ယောင်း ၊ ပထမအကြိမ်ကတည်းက သတိပေးပြီးတာကို ရန်ထပ်ဖြစ်ရင် ကျောင်းထုတ်ခံရမယ်ဆိုတာ မသိဘူးလား"
"ဂျန်းနီကလည်း ငါက ဖြစ်ချင်လို့ ဖြစ်တာမှ မဟုတ်တာ"
"လျှောက်ပြောမနေနဲ့ ၊ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ"
"သူတို့က ဂျန်းနီကို !!!"
ဂျန်းနီ မျက်မှောင်ကလေးတွေ ကြုတ်သွားတယ် ။ ချယ်ယောင်းလည်း မျက်နှာကို စူပုတ်ပြီး ဂျန်းနီ ဖတ်နေတဲ့ စာအုပ်ကို စိုက်ကြည့်နေလိုက်တယ် ။ စိတ်ထဲမှာတော့ ဂျန်းနီကို ဖြေရှင်းချက်တွေ ပေးနေမိသည်ပင် ။
"ထပ်ပြီး ငါ့ကြောင့်ပဲလား"
"မဟုတ်ဘူး ၊ ရန်ဖြစ်ချင်လို့ ဖြစ်တာ"
"ခုနတုန်းကတော့ မဟုတ်ပါဘူးဆို"
"အဲ့ဒါ ဂျန်းနီကို လိမ်လိုက်တာ"