နိုဝင်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ ။
လူတစ်ယောက်ကို စပြီးငြိတွယ်မယ် ။
နောက် ချစ်မိသွားမယ် ။
ပြီးတော့ ကျောချင်းဆိုင်ရင်း တစ်နေရာစီကို ပြေးကြမယ် ။_________________________________________
"အိုး အဆင်ပြေရဲ့လား"
ဖုတ်ခနဲ လဲကျသွားတာဟာ နှင်းပြင်ဖြစ်လို့သာ တော်ရော့မည် ။ မဟုတ်ရင် ဂျန်းနီ မြှီးညှောင်ရိုး ကျိုးပြီသာပဲ ။
"ဟုတ်ကဲ့ တောင်းပန်ပါတယ်"
ပြန့်ကျဲသွားသော စာရွက်များကို လိုက်ကောက်ရင်း ဂျန်းနီ ထိုလူကို မကြည့်ဘဲ ဖြေလိုက်မိသည် ။ စာကြည့်တိုက်မှာ အချိန်တော်တော်ကြာ ဖြန်းမိသွားတာကြောင့် ကော်ဖီဆိုင်က အချိန်ပိုင်းအလုပ်က နောက်ကျနေပြီ ။ နှင်းတောထဲ အလျင်စလို ပြေးလာရင်း ထိုလူနှင့် တိုက်မိရာမှ အရှိန်သေသွားသော ရထားတစ်စင်းလိုပင် ။ ရာသီဥတုရဲ့ အအေးဒဏ်ကို ခုမှပင် သေချာ ခံစားရတော့သည် ။
"ကြည့်ရသလောက်တော့ အဆင်မပြေတဲ့ပုံပဲ"
နှင်းတောထဲက စာရွက်များကို ဟိုတစ်စ ဒီတစ်စ လိုက်ကောက်ရင်း တဟူးဟူးဖြစ်နေသော ဂျန်းနီကို ကြည့်ကာ ထိုလူက ပြောသည် ။ သေချာကြည့်လိုက်မှပင် ထိုလူမဟုတ် ၊ ထိုမိန်းကလေး ။ အညိုရောင်ဆွယ်တာတစ်ထည် ဝတ်ဆင်ထားကာ အအေးဒဏ်ကြောင့် ပါးနှစ်ဖက် အနီရောင်သန်းနေသော အပြာရောင်မျက်ဝန်းများနှင့် မိန်းကလေး ။
"ဟို ကိုယ် ဒါကို ကူညီပေးရမလား"
ဂျန်းနီလက်ထဲ မနိုင့်တနိုင်ဖြင့် ပွေ့ချီထားရသော စာအုပ်ပုံအထပ်ကြီးကို ကြည့်ရင်း သူက မေးသည် ။ အလျင်လိုနေသော ဂျန်းနီဟာ ချမ်းစိမ့်စိမ့်ရာသီဥတုကြား ကြာကြာ မနေနိုင်တော့သည်ကြောင့် လွယ်လွယ်ပင် ခေါင်းညိတ်ပြလိုက်မိသည် ။
"အားနားစရာကောင်းပေမဲ့ ဒီအထိ လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် ။ ကော်ဖီတစ်ခွက်လောက် သောက်သွားပါဦးလား"
ကော်ဖီဆိုင်အထိ ဂျန်းနီစာအုပ်ပုံကြီးကို ကူသယ်ပေးခဲ့သော ထိုမိန်းကလေးအား ကော်ဖီတစ်ခွက်လောက်တော့ တိုက်တန်ရာ၏ ။