ဆိုင်

143 9 0
                                    

Uni

ညက မှောင်မည်းနေတယ်။ ပုရစ်တွေရဲ့ အော်သံကလွဲရင် တခြားအသံကြားရဖို့က သိပ်ခက်ခဲတယ်။ ဗာဒံပင်အောက်မှာတော့ လမ်းဘေးဆိုင်လေးတစ်ဆိုင်။ ဟိုဟိုဒီဒီမြင်ဖူးနေကျ ပစ္စည်းအတိုအထွာလေးတွေကို စားပွဲခုံတစ်ခုပေါ် ခင်းကျင်းထားတယ်။ ဆိုင်ရှင်ဟာ ထိပ်ပြောင်နေပြီဖြစ်တဲ့ ခပ်ဝဝအမျိုးသားကြီးဖြစ်တယ်။ လမ်းမီးမရှိတဲ့ လမ်းမှာ ဒီဆိုင်နေရာလေးက မီးကွက်ကွက် လင်းနေလေရဲ့။

စားပွဲပေါ်က ကော်ခြင်းနီလေးထဲ ရောင်းကုန်မဟုတ်တဲ့ အိမ်မွေးကြောင်တစ်ကောင်ရှိနေတယ်။ သူ့အမွှေးတွေက မည်းနက်ပြီး လမ်းတစ်ဖက်က အမှောင်ဘက်ခြမ်းကို မကြာခဏ စိုက်ကြည့်တတ်တယ်။ သိပ်မကြာလိုက်ပါ။ အမှောင်ထဲက လှုပ်ရှားမှုတစ်ခုကို သူမြင်လိုက်ရတယ်။

"တစ်သျှူး ပါကင်တစ်ထုပ်ရလား"

မိန်းမတစ်ယောက်။ နှုတ်ခမ်းကို နီရဲရဲဆိုးပြီး အနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားတယ်။ ဆံပင်အနက်ရောင် အရှည်ကြီးကို ဘီးနဲ့ပတ်ကာ ဆုံထုံးထုံးထားလေရဲ့။ မီးရောင်အောက်က သူ့ဟန်ပန်က ခပ်လှလှ ခပ်ကြွကြွ။

"ဘာလဲ နင့်ကလေးမက ငိုပြန်ပြီလား"

ဆိုင်ရှင်က မှတ်မိနေသလိုမျိုး တရင်းတနှီးနှုတ်ဆက်တော့ မိန်းကလေးက ပြုံးတယ်။

"သူက အငိုတော့ သိပ်သန်တာပဲ"

"နင်က ဖမ်းထားမှတော့ ဘယ်ကြိုက်မတုံးဟဲ့။ လူသားဆိုတာ နဂိုကတည်းက အငိုသန်တွေဆိုတာ မသိတာလည်း မဟုတ်ဘဲနဲ့"

ဆိုင်ရှင်ဦးလေးကြီးက ခပ်ညည်းညည်းပြောလေရဲ့။ သူမကတော့ အခုထိ ပြုံးနေတုန်း။

"ရော့ ပိုထည့်ပေးလိုက်တယ်နော်"

"ဟုတ်ကဲ့ပါ ကျွန်မလည်း ပိုပေးမှာပါပဲ"

မိန်းကလေးက တစ်သျှူးတစ်ထုပ်ကို လက်တစ်ဖက်က ယူရင်း နောက်လက်တစ်ဖက်ကို မြှောက်လိုက်တယ်။ ညှီစို့စို့ သွေးနံ့နဲ့ အသားနံ့က လေထုထဲမှာ ပျံ့လွင့်သွားရဲ့။ ဆိုင်ရှင်ဦးလေးကြီးက တဟဲဟဲရယ်ပြီး လှမ်းယူတယ်။

"ဒီညတော့ ဈေးဦးဖောက်တာ နင်ပဲဟေ့။ နောက်လည်း လာခဲ့ဦးနော်။ အသားတွေက နင့်ဆီကမှ ပိုလတ်သလိုပဲ"

OɴᴇSʜᴏᴛs Bʏ PɪᴄᴋWhere stories live. Discover now