Queen of the Queen (A Story Of Woriza 3)

158 18 0
                                    

Uni

မနက်ခင်းနေရောင်ခြည်သည် ရွှေလိုက်ကာ ထူထူကြီးများကာရံထားသော မှန်ပြတင်းပေါက်ဆီသို့ ခစားလျက်ရှိသည်။ လိုက်ကာထူကြီးများ ကာရံပေးထားသဖြင့် အထဲရှိ မိန်းမငယ်လေးမှာ နွေးထွေးသော အမှောင်ထုထဲ၌ စိတ်အေးလက်အေးပင် ဆက်လက်အိပ်ဆက်လို့ ရနိုင်သေးသည်။ ပိုးသားညအိပ်ဂါဝန်က သူမ၏ ဝါဝင်းသော အသားအရည်တို့ကို အလုံးစုံမဖုံးအုပ်ပေးနိုင်သဖြင့် ပေါင်တံသွယ်လျလျနှင့် လက်မောင်းသားတို့၏ အလှအပကို ထင်းထင်းလင်းလင်း မြင်နေရသည်။ အညိုရောင် ဆံပင်တွန့်တွန့်လေးတွေကြား မျက်နှာဖွက်၍ ပိုးကတ္တီပါစောင်စကို ကန်ထုတ်လိုက်ကာ အိအိစက်စက်မွေ့ရာ ပေါ်တွင် ခဏတာ လူးလိမ့်နေလိုက်သည်။ တော်ဝန်ဆန်ဆန် အငွေ့အသက်များရှိ ဒီအခန်းငယ်လေးထဲမှာ တိတ်ဆိတ်လှပသော ပန်းချီကားလေးက ရှုမငြီးဖွယ်ပင်။

ရွှေကနုတ်များနှင့် တန်ဆာဆင်ထားသော စားပွဲလှလှပေါ်မှ ဘော်ငွေရောင် နာရီလေးမှာ ၉နာရီသို့ ညွှန်ပြနေပြီဖြစ်သော်ငြား သူမလေးကတော့ အိပ်ယာကို မက်မောစွာတွယ်ဖက်ရင်း အိပ်စက်နေတုန်းပင်။ ကျယ်ပြန့်ကြီးမားသော တံခါးရွက်ကြီးအား တစ်စုံတစ်ယောက် တွန်းဖွင့်မလာခင် အထိပင်ဖြစ်သည်။

"Li Li မင်းထဖို့သင့်ပြီ။ မနက်စာက မကြာခင် စားရတော့မှာ"

"အာ..."

ရင်းနှီိးနေသော ထိုအသံအား ကြားလိုက်ရပြီးနောက် လီလီက မျက်လုံးကိုပွတ်ကာ ကမန်းကတန်းခေါင်းထောင်၏။

"ဘယ်နှနာရီတောင် ရှိပြီလဲ ဖီယာ"

"ကိုးနာရီတောင်ရှိနေပြီ"

ဖီယာက ရေတစ်ခွက်ကို ငှဲ့လာပေးကာ လီလီ့လက်ထဲထည့်ပေးရင်း ပြန်ဖြေလိုက်သည်။ သူမ၏ မျက်လုံးတွေက အိပ်ချင်မူးတူး ကပိုကရိုဖြစ်နေသော လီလီ့ဆီမှာသာရှိနေ၏။ ဘယ်လောက်တောင် တွန့်လိမ်အိပ်ထားသလဲမသိ။ ပိုးဂါဝန်လက်ပြတ်က ကြိုးတစ်ဖက်လျှောကျနေကာ လီလီ၏ ညှပ်ရိုးလှလှနှင့် ပုခုံးသားဆီမှ စွဲမက်ဖွယ်အလှတရားကို ဖော်ပြနေသည်။ ရေစက်တချို့က သောက်နေသည့်ကလေးမနှုတ်ခမ်းမှ ခုန်ထွက်ကာ လည်ပင်းဆီပြေးဆင်းသွားကြပြန်သည်။ ဖီယာ သူမရဲ့ မျက်လုံးဆီမှ မငြိမ်သက်ဖြစ်သွားမှုကို ဖုံးဖိထားလိုက်ကာ လိုက်ကာထူထူတွေဆီသွားလိုက်ပြီး ဘေးကိုဆွဲကပ်ပစ်လိုက်၏။

OɴᴇSʜᴏᴛs Bʏ PɪᴄᴋTahanan ng mga kuwento. Tumuklas ngayon