ဆာလမ်ပြည် တနေရာ..။
"ဇလုံအကြီးလေး ယူလာပေးပါဦး ဆယ်လီလေးရေ.."
နားနေခန်းဆီမှ အမျိုးသမီးကြီးတယောက်အသံထွက်ပေါ်လာသည်။
"လာပါပြီရှင့် မစ္စမန်နာရေ.."
ဆယ်လီက ဇလုံအကြီးတခုကို နားနေခန်းဆီသို့ သယ်လာပေးသည်တွင် အမျိုးသမီးကြီးက ကျေးဇူးတင်စွာဖြင့် လက်ခံယူလိုက်သည်။
"လာလေ တို့နဲ့ တခါတည်း တူတူလာစားလိုက်.."
မစ္စမန်နာက ကြင်ကြင်နာနာပြုံးရင်း ဆိုတယ်။
"တမိနစ်လောက်ပါ မစ္စမန်နာ.."
ဆယ်လီ မီးဖိုချောင်သို့ ပြန်ဝင်သွားလိုက်သည်။ ထိုနေရာရှိ ထိုင်ခုံသေးသေးလေးတခုပေါ်တွင် ထိုင်ချလိုက်ရင်း မျက်လုံးများက ပတ်ဝန်းကျင်ကို ခြုံကြည့်လိုက်မိသည်။
သူမ ဤနေရာသို့ ရောက်နေသည်မှာ တပတ်ကျော်၍ ရက်အနည်းငယ်ပင် စွန်းသွားချေပြီ။ သူမကို လက်ခံရရှိခဲ့သည့် အသက်ကြီးကြီး စုံတွဲသည် အလွန်ကြင်နာတတ်သူများပင်။ သူမက အိမ်အကူတယောက်သာ ဖြစ်နေပါသော်လည်း သူတို့သည် သူမအား မိသားစုဝင် တယောက်ကဲ့သို့ပင် ကောင်းကောင်းမွန်မွန်ဆက်ဆံကြပေသည်။
ယခုဆိုလျှင် သူမသည် ကျွန် တယောက်မဟုတ်တော့။ အိမ်အကူတယောက်သာ။ ရိုးရိုးရှင်းရှင်း အလုပ်လေးများ လုပ်ပေးရုံဖြင့်ပင် သူမအတွက် လုပ်ခ လစာ ခံစားနိုင်နေပြီဖြစ်သည်။ ထိုဘဝသည် ကျွန်တယောက်အဖြစ် မွေးဖွားလာခဲ့သည့် မိန်းကလေးတယောက်အတွက်မူ အလွန့်အလွန် ကောင်းမွန်သည့် ဘဝတခုပင်ဖြစ်၍ သူမ အလွန်ပျော်ရွှင်နေသင့်ပါသည်။
သို့သော်လည်း သူမ မပျော်နိုင်။ လုံးဝကို မပျော်နိုင်ပါ။
သူမ၏ မင်းသမီးလေးအား အချိန်ပြည့် သတိရနေမိသည်။ သူမ၏ မင်းသမီးလေး ဒါနီကာပင်။ ဘုရင်က သူမအား ကျွန်အဖြစ် ခေါ်ဆောင်သွားခဲ့ပေသည်။ သူမ၏မင်းသမီးလေး ကော်လာတခု တပ်ဆင်ခံလိုက်ရသည်ကိုပင် သူမ ဝိုးတဝါး မြင်ယောင်နေမိပါသေးသည်။
မင်းသမီးလေး ဒါနီကာ တစုံတယောက်၏ ကျွန် ဖြစ်နေမည့် အဖြစ်ကို သူမ တွေးပင် မတွေးကြည့်ရဲပါချေ။ သူမ၏မင်းသမီးလေး မိုင်းကွင်းတွင် အလုပ်လုပ်နေပုံ သို့မဟုတ် တစုံတယောက်၏ အမိန့်အားနာခံနေရမည့် ပုံတို့ကို ပုံဖေါ်ကြည့်မိပေမယ့်လည်း မျက်စိထဲ မမြင်ယောင်နိုင်ခဲ့။
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...