နွေဦးသည် ညနေရုံးဆင်းချိန်တွင် ခန့်လွန်းနောင်နှင့် တိုက်ဆိုင်စွာဆုံလေသည်။ သူတို့ရုံးဘေးက လျှပ်စစ်ပစ္စည်းဆိုင်ကိုလာသည့် ခန့်လွန်းနောင်နှင့်ချိန်းမထားပါဘဲ ဆုံဖြစ်သွားသောအခါ သူတို့သည်စိတ်တူကိုယ်တူဖြစ်စွာဖြင့် ဘားဆိုင်ကိုရောက်လာပါတော့သည်။
ခန့်လွန်းနောင်အကြံပြုလာသောဆိုင်က နွေဦးသိပြီးသားဆိုင်ပင်။
မြို့တော်ဥယျာဥ်နှင့်နီးသော ဧရာဝတီမြစ်ကမ်းနံဘေးရှိဆိုင်ဖြစ်သည်။ သွားရတာဝေးသော်လည်း သီးသန့်ဆန်ပြီးထူးခြားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရောက်သွားကြခြင်းဖြစ်သည်။ rooftop barပါရှိပြီး မြစ်ရှုခင်းကိုပါမြင်ရသောဆိုင်ဖြစ်သည်။ Moonlight ဟုအမည်ရသော ဆိုင်ကို နွေဦးရင်းနှီးနေခြင်းမှာ ဒီဆိုင်ကနွေဦး
အရင်ကုမ္ပဏီတွင်ရှိစဥ်က ဒီဇိုင်းဆွဲပေးဖူးသောဆိုင်ဖြစ်နေသောကြောင့်ပင်။ဆိုင်အဆောက်ဦပုံစံနှင့် အတွင်းပိုင်းအပြင်အဆင်သည် နွေဦး၏teamနှင့် ပိုင်ရှင်ကောင်လေးသုံးယောက်တို့အားလုံးပေါင်းထားသည့် စိတ်ကူးဖြစ်သည်။ သူငယ်ချင်းဖြစ်ကြသည့် ပိုင်ရှင်သုံးယောက်က လူငယ်တွေလည်းဖြစ်ပြန် ကိုယ်ပိုင်စိတ်ကူးကိုယ်စီနှင့်မို့ ဒီဇိုင်းဆွဲပေးရသည့်အခါ နွေဦးအတွက်အခက်အခဲအနည်းငယ်ရှိခဲ့သည်။ နောက်ဆုံး
လိုချင်သည့်ပုံစံထွက်လာမှသာ သူတို့အကုန်သက်ပြင်းချနိုင်ကြခြင်း ဖြစ်သည်။
ထို့နောက် သူသည်လည်း ထိုကောင်လေးများနှင့် မိတ်ဆွေဖြစ်သွားခဲ့သည်။လတ်တလောကမှ ထိုပိုင်ရှင်သုံးယောက်ထဲက တစ်ယောက်ဖြစ်သည့် ရှင်နေမင်းကို သူဆက်သွယ်ခဲ့သေးသည်။ ငြိမ်းကိုအတွက်အလုပ်နေရာစုံစမ်းပေးရန်ဖြစ်သည်။ ယခု ထိုအရာသည် မလိုအပ်တော့။ နွေဦးသည် ဆယ်မင်းဆက်နှင့်ဖြစ်ခဲ့သည့် ပရမ်းပတာကိစ္စများကို စဥ်းစားမိလျှင် ရယ်ချင်စိတ်သာရှိတော့သည်။
ခန့်လွန်းနောင်သည် နွေဦးအတွက်သူငယ်ချင်းကောင်းဖြစ်သည်။ များစွာသောအကြောင်းအရာကို ပြောဖြစ်ပေမဲ့ ဓနသိုက်ကိစ္စကိုတော့ သူတို့နှစ်ယောက်လုံးအစမဖော်ဖြစ်ကြ။ ထိုအကြောင်းအရာကို နှစ်ယောက်လုံးတမင်တကာရှောင်ထားကြသည်။
YOU ARE READING
နွေဦးသည် နောက်တစ်ဖန်
Romanceအကယ်၍ ချစ်ခြင်းမေတ္တာနဲ့ နွေဦးသာမရှိရင် ဘဝနေ့ရက်တွေက အလွန်တရာ ဝမ်းနည်းအထီးကျန်ဖို့ ကောင်းလိမ့်မှာပဲ။