နွေဦးသည် နံနက်လေးနာရီအိပ်ရာထကာ ရေချိုးလိုက်သည်။ အပြင်သွားဖို့ရာအတွက် စိတ်တိုင်းကျပြင်ဆင်ပြီးသောအခါ ကားသော့နှင့်ပိုက်ဆံအိတ်ကို ဆွဲယူလိုက်သည်။ လေးလပိုင်း တစ်ရက်နေ့။ သည်နေ့ကသူ့မွေးနေ့ဖြစ်သည်။ မွေးနေ့တွင် ထွေထွေထူးထူးလုပ်ရန် စိတ်လည်းမပါ။ မနက်အစောကြီး ဘုရားသွားကုသိုလ်ယူဖို့သာ တွေးလိုက်သည်။ နေ့ခင်းဘက်တွင် ပူပြီး လူရှုပ်တာမို့ ပိုပြီးအပြင်ထွက်ဖို့စိတ်ပါမည်မဟုတ်ပေ။
သူတစ်ယောက်တည်းရှိသောမွေးနေ့ တစ်နည်းအားဖြင့် ထိုသူမရှိသည့် ပထမဆုံးမွေးနေ့ဖြစ်သည်။ ၁၅နှစ်လောက်အကျင့်ဖြစ်လာသည့်အရာကို သူသတိမရမိဘဲမနေ။ သို့ပေမဲ့ သူသည် ဝဲပစ်လိုက်သည်။ စိတ်ရှုပ်စရာကို သူ့ခေါင်းထဲငါးမိနစ်မျှပင် မထားမိရန် သူအမြဲကြိုးစားသည်။
အခန်းတံခါးဖွင့်ပြီး အပြင်ကိုထွက်လိုက်သောအခါ ဆယ်မင်းဆက်ကိုတွေ့လိုက်ရသည်။ မနက်ခင်းအလင်းရောင်ပင် သဲကွဲစွာမမြင်ရသောအချိန်တွင် ထိုကောင်လေးသည်သူ့အခန်းရှေ့ကို ရောက်နေသည်။ ဂျယ်မလိမ်းထားသော ဆံပင်များက ဆယ်မင်းဆက်၏နဖူးရှေ့မှာ လျော့ရဲစွာကျဆင်းနေသည်။ အပြာနုရောင်ရှပ်အင်္ကျီ ဂျင်းဂျက်ကတ်အနီလေးဖြင့် ဆယ်လေးသည် နုနုထွေးထွေးလေး။ သူ့ကိုမြင်တော့ ဆယ်လေးသည် ချက်ချင်းသူ့အနားကိုရောက်လာသည်။ မြင့်မားသောအရပ် ကျယ်ပြန့်သောပခုံးပြင်ကျယ်နှင့် ထိုကောင်လေးကသူ့ရှေ့လာရပ်သောအခါ သူ့ကိုတံတိုင်းကြီးတစ်ခု ကာဆီးမိုးထားသလို ခံစားရသည်။
"မင်း ဒီလောက်အစောကြီးဘာလာလုပ်တာလဲ"
ဆယ်လေး၏မဲနက်ပြီးလျှို့ဝှက်လွန်းသော မျက်လုံးများက ပကတိကြည်လင်ကာနေသည်။ နွေဦးကိုတစိမ့်စိမ့်ကြည့်နေသော ခံ့တည်နေသည့်မျက်နှာ... တည်နေသောအခါ နဂိုမာနကြီးသောမျက်နှာပေးကို ဖုံးကွယ်၍မရတော့ချေ။
သို့ပေမဲ့ ဆယ်မင်းဆက်က တဖြည်းဖြည်းပြုံးလာခဲ့သည်။ စိတ်လိုလက်ရအပြုံးသည် နံနက်ခင်းနေရောင်လို တောက်ပမှုတို့ဆောင်ကျဥ်းပေးလာသည်။
"ကိုကိုဘုရားသွားတာ လိုက်မလို့လေ။ Happy Birthdayကိုကို... မွေးနေ့ကနေစပြီး တစ်နှစ်ပတ်လုံးစိတ်ချမ်းသာစရာများပဲ ကြုံတွေ့ရပါစေနော်"
YOU ARE READING
နွေဦးသည် နောက်တစ်ဖန်
Romanceအကယ်၍ ချစ်ခြင်းမေတ္တာနဲ့ နွေဦးသာမရှိရင် ဘဝနေ့ရက်တွေက အလွန်တရာ ဝမ်းနည်းအထီးကျန်ဖို့ ကောင်းလိမ့်မှာပဲ။