1.4

2.6K 326 11
                                        

Zawgyi

ဓာတ်လှေကားက အောက်သို့အမြန်ဆင်းသွားပြီး မကြာမီတွင် ဆယ်ထပ်မြောက်သို့ ရောက်ရှိသွားသည်။

သူ့ကို ကြည့်နေသော လူပေါင်းများစွာ၏ မျက်လုံးများကို လျစ်လျူရှုကာ ဟောခန်းမကို ခေါက်တုံ့ခေါက်ပြန် အမြန်ဖြတ်သွားလိုက်ပြီး သူ့အခန်းကိုရှာဝင်၍ တံခါးလော့ချလိုက်သည်၊ စခန်းကို ဝင်လာပြီးနောက်တွင်မှ တင်းကြပ်မှုများ ပြေလျော့သွားခဲ့ရသည်။

စခန်းကို ကျိုးမော့ ပထမဆုံးဝင်လာတုန်းကဆိုလျှင် တတိယထပ်ရှိ လူရှစ်ယောက်ခန်းများတွင် နေခဲ့ရသည်၊ တဖြည်းဖြည်းနှင့် ဇွန်ဘီများကိုသတ်ဖြတ်ရာမှ ဆယ်ထပ်မြောက်ရှိ သီးသန့်ခန်းတစ်ခန်း ရလာခဲ့သည်။ အခန်းက အလွန်သေးငယ်ကာ သန့်ရှင်း၍ အဖြူရောင်ဖြစ်ပြီး 30 စတုရန်းမီတာမပြည့်ပေ။ ကိုယ်ပိုင်အိမ်သာတစ်လုံးရှိကာ ဓာတ်အားဖြတ်တောက်မှုနှင့် ရင်မဆိုင်ရပဲ ကိုယ့်ဘာသာပင် ချက်ပြုတ်စားနိုင်သည်။

အပြင်ဖက်တွင် ဇွန်ဘီများက အတားအဆီးမရှိပြေးလွှားနေကြချိန် ဤကဲ့သို့သော အိမ်တွင်နေထိုင်ရခြင်းအား ကျိုးမော့ကျေနပ်ပါ၏။

ကျောပိုးလွယ်အိတ်ချလိုက်ကာ ပစ္စည်းများကို အထဲတွင် သပ်သပ်ရပ်ရပ်ထားလိုက်သည်။ ကျိုးမော့က ရေချိုးရန် ရေချိုးခန်းတံခါးဖွင့်လိုက်သည်။ ရေချိုးခန်းက သေးငယ်၍ လူတစ်ကိုယ်စာလှည့်ရန် လုံလောက်၏။

အဖွင့်ခလုတ်ကိုဖိလိုက်ကာ မျက်နှာကြက်မှ ရေပူများကျစေလိုက်သည်။

ရေပူများက သူ့ခန္ဓာကိုယ်ကို လာရောက်ထိခတ်ချိန်တွင် လက်တွေ့မဆန်သော ခံစားချက်တစ်ခုရလိုက်သည်။ ၎င်းက ဇွန်ဘီများ စတင်မဖြစ်ပွားမီ လွန်ခဲ့သောသုံးနှစ်က ကိုယ်ခံပညာကျောင်းရှိ အဝတ်လဲခန်းထဲ၌ ရေချိုးနေရသလိုမျိုးဖြစ်သည်။

အိမ်တွင် ခြောက်လနေထိုင်ကာ အစားအသောက်များအားလုံး စားလိုက်ပြီးသည့်နောက် ကျိုးမော့သည် နောက်ဆုံး၌ အပြင်ထွက်ခဲ့ရတော့သည်။

လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဇွန်ဘီများကိုသတ်ဖြတ်ကာ လူတချို့ကိုကယ်တင်ရာမှ အကိုက်ခံရခါနီးဖြစ်သွားပြီး ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းသွား​တော့မလိုဖြစ်ခဲ့ရသည်။

ကမ္ဘာကြီး၏ အဆုံးသတ် / ကမ္ဘာကြီး၏ အဆုံးသတ် ABOWhere stories live. Discover now