Chapter 2

5.5K 395 3
                                    

Empress with No Virtue
Chapter 2
Translator – Utopia

ကြီးမြတ်တဲ့ မင်္ဂလာအခမ်းအနားကြီးအပြီး နောက်တစ်ရက်မှာတော့ ယဲ့ကျန်းကျန်းကို လုပ်စရာတာဝန်တွေက စောင့်ကြိုနေတယ်။ မယ်တော်ကြီးနဲ့ တွေ့ဆုံရမယ်၊ အဲ့ဒါပြီးရင်တော့ အ‌တွင်းနန်းဆောင်က ကြင်ယာတော် ကိုယ်လုပ်တော်တွေကို ဦးဆောင်ပြီး အရှင်မင်းကြီးကို သွားနှုတ်ဆက်ရမယ်။ အားလုံးပြီးလို့ ခွန်းနင်နန်းဆောင်ကို ပြန်ရောက်တဲ့အခါ ပုခုံးတွေတောင် တောင့်နေပြီ။ သူ(မ)ခန္ဓာကိုယ်အောက်ပိုင်းကလည်း နာကျင်နေတယ်။ ခြုံပြောရရင် သူ(မ) တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေပြီ။

သူ(မ)ရဲ့ အစေခံ စူးယွဲ့က အလိုက်သိစွာပဲ ပုခုံးကို နှိပ်နယ်‌ပေးနေတယ်။ နောက်ထပ်အစေခံတစ်ယောက်ဖြစ်တဲ့ စူးဖုန့်ကတော့ သောက်စရာ လက်ဖက်ရည်ကို ပြင်ပေးထားတယ်။ ယဲ့ကျန်းကျန်း တစ်ငုံယူသောက်လိုက်တယ်။

စူးယွဲ့နဲ့ စူးဖုန့်တို့က ခန်းဝင်ပစ္စည်းရဲ့ တစ်စိတ်တပိုင်းဖြစ်ပြီး သူ(မ) ငယ်ငယ်ကတည်းက အလုပ်အကျွေးပြုလာကြတာပဲ ဖြစ်တယ်။ စူးယွဲ့က အလုပ်လုပ်ရင် အသေးစိတ်အထိ တိတိကျကျ လုပ်ဆောင်တတ်ပြီး စူးဖုန့်ကတော့ အကင်းပါးပြီး အာဝဇ္ဇန်းရွှင်တယ်။

“ မယ်မယ် မနေ့ညက လုဟွားနန်းဆောင်မှာ အရှင်မင်းကြီး အိပ်စက်တယ်တဲ့ ”

စူးယွဲ့က ပြောလာတယ်။

“ အွန်း ”

ယဲ့ကျန်းကျန်း ခပ်အေးအေးပဲ ပြန်ဖြေလာတယ်။

“ အဲ့ဒီလီကိုယ်လုပ်တော်ကလည်း တော်တော် ရဲတင်းလွန်းတယ်။ အရှင်မင်းကြီးက သူ(မ)ကို နည်းနည်း နှစ်သက်တယ်ဆိုတာနဲ့ပဲ မယ်မယ့်ကိုတောင် စိန်ခေါ်လာရဲတယ်။ သူ(မ) ကိုယ့်နေရာကိုယ် တကယ် မသိဘူးပဲ ”

စူးဖုန့်က ထောက်ခံပြီး ဝင်ပြောတယ်။

“ အို ”

အခုဖြစ်နေတဲ့ကိစ္စကို သူတို့သခင်မက ဂရုမထားဘူးဆိုတာ တွေ့တော့ စူးဖုန့်စိတ်ထဲ နည်းနည်း စိုးရိမ်သွားတယ်။

“ မယ်မယ် အခုလို နေနေလို့ မဖြစ်ပါဘူး။ နို့ဆို သူများတွေက မယ်မယ့်ကို အလွယ်ကလေး အနိုင်ကျင့်ကြလိမ့်မယ် ”

သက်ပြင်းချလိုက်ရင်း စူးယွဲ့ကလည်း ထပ်ပြောလာတယ်။

“ အခု အရေးအကြီးဆုံးအရာက အရှင်မင်းကြီးကို ဆွဲဆောင်ထားနိုင်ဖို့ပါပဲ။ အဲ့ဒီ့လီကိုယ်လုပ်တော်က အရှင်မင်းကြီး နှစ်သက်မှုကို ရနေတယ်ဆိုတာနဲ့ မောက်မာထောင်လွှားလွန်းတယ်။ မယ်မယ် မယ်မယ် အခုလုပ်သင့် .... ”

ယဲ့ကျန်းကျန်း ခေါင်းခါလိုက်ရင်း

“ သူ‌(မ) ထောင်လွှားနေနိုင်တာက သူ(မ)အဖေက အနောက်အရပ်ကက လူရိုင်းတွေကို တိုက်ခိုက်နေရတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နေလို့ပဲ”

ဟာသပဲ ! အခု အရှင်မင်းကြီးက သူ(မ)ကို နှစ်သက်နေတာ မဟုတ်ဘူး။ တကယ်လို့ ကျီဝူကျိုးသာ သူ(မ)ကို နန်းတော်ထဲ မဝင်ခိုင်းရင် ဘယ်လိုလုပ် သူ(မ)ရဲ့ အဖေ အနောက်အရပ်က စစ်သူကြီးကို ထိန်းချုပ်လို့ ရတော့မလဲ။ လက်ရှိ နယ်စပ်က အခြေအနေတွေက အရေးကြီးနေတယ်။ စူးစစ်သူကြီးက လူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးတော့ မဟုတ်ပေမဲ့ အရည်အချင်းရှိပြီး သစ္စာရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒီလိုအရည်အချင်းရှိတဲ့ စစ်သူကြီး‌မျိုးကို ရှာရခက်တာမို့ တစ်ယောက်တလေ ရှိလာရင် အဲ့တစ်ယောက်ကို အပိုင်ချုပ်ထားမှ ဖြစ်မယ်။ ဒါပေါ့ အကောင်းဆုံးနည်းလမ်းက သူ့သမီးကို အရှင်မင်းကြီးရဲ့ အိပ်ရာပေါ် တက်ခွင့်ပေးလိုက်တာပဲလေ။

စူးဖုန့်ကတော့ ဒီဟာကို သိပ်နားမလည်ဘူးဖြစ်နေတယ်။

“ ဒါဆိုရင် အရှင်မင်းကြီးက .... ”

“ အရှင်မင်းကြီးက တိုင်းပြည်ကောင်းစားရေးအတွက် ကိုယ့်ကိုကိုယ် အနစ်နာခံပေးလိုက်တာပဲ။ တို့ သူ့ကို တကယ် လေးစားမိတယ် ”

ယဲ့ကျန်းကျန်းပြောလို့လည်း ပြီးကော အစေခံ နန်းတွင်းသူလေးနှစ်‌ယောက်လုံး ခွက်ထိုးခွက်လန် ရယ်ကြတော့တယ်။ စူးယွဲ့က တဖြေးဖြေး အရယ်သတ်လိုက်ရင်း

“ ကျွန်မတို့ရဲ့ ဧကရီမိဖုရားခေါင်ကြီး အခုထိကို အရင်အတိုင်းပါပဲလား။  အခုဆို မယ်မယ် ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ လိုလာပြီ။ နံရံတွေမှာ နားတွေ ရှိတယ်။ ကျွန်မတို့ သတိထားမှ ဖြစ်မယ်။ တကယ်လို့ အရှင်မင်းကြီးသာ ကြားသွားရင် မယ်မယ် သူ့ကို စော်ကားတဲ့ ပြစ်မှုအတွက် အပြစ်ကြီးကြီး ပေးခံရနိုင်တယ် ”

ယဲ့ကျန်းကျန်းရဲ့ စိတ်ထဲမှာ “ အဲ့လိုဆိုရင်တောင် မနေ့ကလုပ်ခဲ့တာလောက်တော့ မဆိုးသေးပါဘူး ” လို့ ပြောလိုက်တယ်။
*****

ခဏလောက် အနားယူပြီးတဲ့နောက်မှာတော့ တခြား အနောက်နန်းဆောင်က ကြင်ယာတော် ကိုယ်လုပ်တော်တွေက မိဖုရားခေါင်ကြီးကို နှုတ်ဆက်ဖို့ ရောက်လာကြတယ်။ ဒီနေ့ပြီးသွားတာနဲ့ သူတို့က သူ(မ)ဆီ နေ့တိုင်း လာနှုတ်ဆက်ရမှာဖြစ်ပြီး သူ(မ)ကတော့ သူတို့ကို ဦးဆောင်ကာ မယ်တော်ကြီးကို နှုတ်ခွန်းဆက်ဖို့ သွားရမှာပဲ ဖြစ်တယ်။

ကျီဝူကျိုးက အခုမှ အသက် ၂၀ပဲ ရှိသေးတာကြောင့် သူ့မောင်းမဆောင်က မောင်းမတွေကလည်း နည်းပါးသေးတယ်။ အဆင့်မြင့် ရာထူးရထားတဲ့ ကိုယ်လုပ်တော်ဆို ပိုတောင် ရှားသေး။ ဒါ့ကြောင့် တော်‌ဝင်ကိုယ်လုပ်တော်ဆိုလို့ လီကိုယ်လုပ်တော်နဲ့ ရှန်ကိုယ်လုပ်တော် နှစ်ပါးပဲ ရှိတယ်။ လီကိုယ်လုပ်တော်က စူးစစ်သူကြီးရဲ့ ကိုယ်လုပ်တော်ဖွား သမီးဖြစ်ပြီး ဟိုးအရင်ကတည်းက အရှေ့နန်းတော်မှာ အရှင်မင်းကြီးကို အလုပ်အကျွေး ပြုလာတဲ့ ကိုယ်လုပ်တော်တစ်ပါးပဲ ဖြစ်တယ်။ ကျီဝူကျိုး နန်းတက်ပြီးသွားတဲ့နောက်မှာတော့ သူ(မ)ရဲ့ ရာထူးကလည်း တဖြေးဖြေး တက်လာခဲ့တယ်။

တစ်ဖက်မှာတော့ ရှန်ကိုယ်လုပ်တော်က အိမ်ထောင်စု‌ရေးရာဝန်ကြီးရဲ့ တရားဝင်ဇနီးက မွေးထားတဲ့ သမီးတစ်ယောက်ဖြစ်ပြီး မနေ့ကမှ ယဲ့ကျန်းကျန်းနဲ့အတူ နန်းတော်ထဲ ဝင်လာတာ ဖြစ်တယ်။ စည်းမျဉ်းတွေအရ ဧကရီမိဖုရားခေါင်ကြီး ဘိသိက်ခံတဲ့နေ့မှာ တော်ဝင်ကိုယ်လုပ်တော် တစ်‌ယောက် နှစ်ယောက်ပါ အတူတွဲပြီး အနောက်ဆောင်ကို ဝင်ရတယ်။ အဲ့မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ အနောက်နန်းဆောင် မောင်းမတွေထဲကပဲ ရွေးမလား အပြင်ကတစ်ယောက်ကို တော်ကောက်မလား။ ရှန်ကိုယ်လုပ်တော်ကတော့ ဒုတိယတစ်ခုဖြစ်တယ်။

တော်ဝင်ကြင်ယာတော်တွေရဲ့ အဆင့်သတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်တယ်။ ဒုတိယအဆင့်မှာ ကျွမ်းဘွဲ့၊ ဟွေ့ဘွဲ့၊ ရှီးဘွဲ့ဆိုပြီး အဆင့်ခွဲသုံးခု ရှိတယ်။ တတိယအဆင့် “ကျဲယွီ”မှာတော့ ၃ယောက် ထားတယ်။ စတုတ္ထအဆင့် “ကျောင်းရိ”မှာတော့ ၂ယောက် ရှိတယ်။ ပဉ္စမအဆင့် “ မေရန် ” ကတော့ ကျန်တဲ့သူတွေ အကုန်ဖြစ်တယ်။ ဒီတော်ဝင်ကြင်ယာတော်တွေ အကုန်လုံးက တစ်‌ယောက်တစ်မျိုးစီ အလှကိုယ်စီနဲ့ လှပကြတယ်။ ဘာအမူအရာမှ မျက်နှာမှာ မရှိဘဲ ယဲ့ကျန်းကျန်း သူတို့ကို တချက်ကြည့်လိုက်တယ်။ သူ(မ)ရဲ့ အကြည့်တွေဟာ ကျက်သရေရှိပြီး ဩဇာကြီးမားတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတာကြောင့် အကြည့်ခံရတဲ့သူတိုင်း စိတ်ထဲ ရှိန်သွားကြတယ်။

သူ(မ)ရဲ့အကြည့်က လီကိုယ်လုပ်တော်ဆီ ကျသွားတယ်။ အစတုန်းကတော့ သူ(မ) အေးအေးပဲ ကျော်သွားပေးချင်ပေမဲ့လည်း ဒီနေ့ လီကိုယ်လုပ်တော်က နောက်ကျမှရောက်လာတယ်။ ဆိုတော့ သူ(မ)နောက်ကျရတဲ့ အကြောင်းကို ရှင်းပြဖို့ အခွင့်အရေးပေးရမှာပေါ့။ ထင်ထားတဲ့အတိုင်းပဲ လီကိုယ်လုပ်တော်က

“ ကျွန်တော်မျိုးမ ဒီနေ့ ကိုယ်လက်မအီသာတာကြောင့် နောက်ကျသွားပါတယ်။ ကျေးဇူးပြုပြီး ဧကရီမိဖုရားခေါင်ကြီး အပြစ်ပေးတော်မူပါ ”

ယဲ့ကျန်းကျန်းကတော့ မျက်နှာတစ်ချက် မပြောင်းဘဲ

“ လီကိုယ်လုပ်တော် စိတ်ပူစရာ မလိုပါဘူး။ နောက်ဆုံးတော့လည်း ဒါက အရှင်မင်းကြီးကို ခစားရတဲ့အတွက်ကြောင့်ပဲလေ။ တို့ ဘယ်လိုလုပ် အပြစ်တင်လို့သင့်မလဲ ”

ယဲ့ကျန်းကျန်းရဲ့ မျက်နှာမှာ ဘာခံစားချက်မှမပါဘဲ ပြောနေတာကို တွေ့လိုက်တော့ လီကိုယ်လုပ်တော် အံ့ဩသွားတယ်။ နောက်ထပ် နှစ်သက်ခြင်းခံရတဲ့ ကြင်ယာတော်တစ်ပါးဖြစ်တဲ့ ရှီးဖေးက ပြုံးလိုက်ပြီး မိဖုရားခေါင်ကြီးကို ထောက်ခံလိုက်တယ်။ ထို့နောက် လီကိုယ်လုပ်တော်ဘက်ကို လှည့်ပြုံးပြပြီး

“ ညီမလေး မနေ့က ညီမလေး မတော်တဆပြုတ်ကျသွားတယ်လို့ ကြားတယ်။ အခုကော သက်သာသွားပြီလား ”

“ မနေ့က အရှင်မင်းကြီးရောက်လာပြီး သမားတော်ကို စမ်းသပ်ကြည့်ခိုင်းပြီးပါပြီ။ ကြီးကြီးမားမား ခိုက်မိတာမျိုး မရှိပါဘူး။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

“ ညီမလေးက ခိုက်မိတာကို‌ သမားတော်ကို အရင် အကြောင်းမကြားဘဲ အရှင်မင်းကြီးကို အရင် အကြောင်းကြားတယ်ဆိုတော့ ညီမလေးက တကယ်ကို သတိရှိတာပဲ။ ”

ရှီးဖေး ခနဲ့လိုက်ရင်း မိဖုရားခေါင်ကြီးကို လှမ်းကြည့်လိုက်တယ်။ မိဖုရားခေါင်ကြီးကား မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ အစောနက အတိုင်းသာ ရှိနေတာကို တွေ့လိုက်ရတယ်။

ကျန်တဲ့ ကြင်ယာတော်တွေကတော့ သူတို့နှစ်ယောက် ဘာမဟုတ်တာလေးနဲ့ ငြင်းခုံနေကြတာကို ပျော်ပျော်ကြီး ပွဲကြည့်နေတယ်။ လီကိုယ်လုပ်တော်က အရင်က အာဏာအရှိဆုံးသူလို ဖြစ်နေတော့ ဘယ်သူမှ သူ့ကို ရန်မစရဲခဲ့ဘူး။ ဒါပေမဲ့ အခု ဧကရီမိဖုရားခေါင်ကြီး ရှိနေပြီဆိုမှတော့ ရှီးဖေးက မိဖုရားခေါင်ကြီးကို မျက်နှာလုပ်ပြီး လီကိုယ်လုပ်တော်ကို ပညာပြနေတယ်။ ဒါပေမဲ့ မိဖုရားကြီးကို ကြည့်ရတာ သူတို့နှစ်ယောက်ကို ဂရုထားတဲ့ပုံမပေါ်ဘဲ တခြားသူတွေလိုပဲ အေးအေးဆေးဆေး သူတို့နှစ်ယောက် ငြင်းခုံနေတာကို ပွဲကြည့်နေခဲ့တယ်။

ရှီးဖေး ဒီထက်ပိုပြီး ပြောချင်နေပေမဲ့ ယဲ့ကျန်းကျန်းရဲ့ မျက်နှာထားကို တွေ့လိုက်တဲ့အခါမှာတော့ နောက်တွန့်သွားမိတယ်။ ထို့နောက် လီကိုယ်လုပ်တော်ဘက်ကပါတဲ့ ကျွမ်းဖေးက ဝင်ပြောလာတယ်။

“ မမရှီး မသိသေးဘူးနဲ့တူတယ်။ အရှင်မင်းကြီးက ကုန်းကုန်းတွေနဲ့ နန်းတွင်းသူတွေကို အမိန့်ပေးထားတယ်။ တကယ်လို့ လီကိုယ်လုပ်တော် တစ်ခုခုဖြစ်ခဲ့ရင် ချက်ချင်း အရှင်မင်းကြီးဆီ အရင် အကြောင်းကြားရမယ်ဆိုပြီး ”

အရှင်မင်းကြီးက သမားတော်ထက်အရင် ရောက်သွားခဲ့တာက လီကိုယ်လုပ်တော်ရဲ့ နန်းဆောင်က သမားတော်နန်းဆောင်ထက်စာရင် မိဖုရားခေါင်ကြီးရဲ့ နန်းဆောင်နဲ့ ပိုနီးတာကြောင့်ပဲဖြစ်တယ်။ အရှင်မင်းကြီးက မြန်မြန် ရောက်ချလာတယ်ဆိုတော့ သူ့နှလုံးသားထဲ လီကိုယ်လုပ်တော် နေရာယူထားလို့ပဲ ဖြစ်မယ်။

“ နှုတ်စ ထက်သားပဲ ”

ယဲ့ကျန်းကျန်းက ချီးကျူးဟန်အပြည့်နဲ့ ပြောလိုက်တယ်။ ကြည့်ရတဲ့ သူ(မ) သူတို့ပြောတာတွေကို တကယ် နားထောင်နေတဲ့ပုံပဲ။ ကျွမ်းဖေး ဘယ်လိုပြန်ဖြေရမလဲ မသိတော့ဘူး။ မိဖုရားကြီးက ချီးကျူးနေတာလား နှာခေါင်းရှုံ့လိုက်တာလား။

မိဖုရားခေါင်ကြီးရဲ့ ရည်ရွယ်ချက်က ဘာမှန်းသေချာမသိသေးတော့ လီကိုယ်လုပ်တော်က ပြုံးလိုက်ပြီး

“ ညီမလေးကျွမ်းပြောတာ မှန်ပါတယ်။ တို့နန်းဆောင်က အစေခံတွေက အရှင်မင်းကြီးဆီ အရင် သွားလျှောက်တင်ကြလိမ့်မယ်လို့ တို့ မထင်ထားခဲ့ဘူး။ အရှင်မင်းကြီးက တို့ကို ဒီလောက်တောင် ဂရု‌စိုက်တယ်ဆိုတာ မသိခဲ့ဘူး ”
ပြောရင်းနဲ့ မိဖုရားခေါင်ကြီးကိုပါ ခနဲ့လိုက်တယ်။

Author’s Note :
အနောက်နန်းဆောင်ကြင်ယာတော်တွေရဲ့ အဆင့် သတ်မှတ်ချက်
ဧကရီမိဖုရားခေါင်ကြီး = တစ်ပါးတည်းသာရှိ
ပထမအဆင့် = ကွေ့ဖေး (လီကိုယ်လုပ်တော်ရဲ့ အဆင့်က ကွေ့ဖေးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်)
ဒုတိယအဆင့် = ကျွမ်း၊ ဟွေ့၊ ရှီး
တတိယအဆင့် = ကျဲယွီ
စတုတ္ထအဆင့် = ကျောင်းရိ
ပဉ္စမအဆင့် = မေရန်

သူတို့တွေ ငြင်းခုံရန်စောင်နေကြတာကို ကြည့်ရင်း ယဲ့ကျန်းကျန်း ပျင်းလာတယ်။ သူ(မ) လက်ဝှေ့ယမ်းလိုက်တာကို တွေ့တဲ့အခါ စူးယွဲ့က ချက်ချင်းပဲ ပြင်ခိုင်းထားတဲ့ လက်ဆောင်ကို လီကိုယ်လုပ်တော်ဆီ ဆက်သလာတယ်။ စည်းမျဉ်းတွေအရ ဧကရာဇ်မင်းမြတ်ကို ခစားပြီးသွားပြီဆိုရင် အဲ့သူကို ဧကရီမိဖုရားခေါင်ကြီးက လက်ဆောင်တစ်ခုခု ချီးမြှင့်ရမှာ ဖြစ်တယ်။

“ နင်က ခမ်းခမ်းနားနားနဲ့ မင်္ဂလာဆောင်ခဲ့ရရင်တောင်၊ နင်က ဧကရီမိဖုရားခေါင်ကြီး ဖြစ်နေရင်တောင်မှ အရှင်မင်းကြီးက ငါ့နန်းဆောင်မှာပဲ အိပ်စက်နေတုန်းပဲ ”
လီကိုယ်လုပ်တော် စိတ်ထဲ ကိုယ့်ဟာကိုယ် ပြောလိုက်ရင်း ပျော်ပျော်ကြီး ဆက်သလာတဲ့ လက်ဆောင်ကို ကြည့်လိုက်တယ်။ မိဖုရားခေါင်ကြီးရဲ့ စေတနာကို ပြတဲ့အနေနဲ့ တန်ဖိုးကြီး ရတနာအချို့ရယ် နောက်ပြီး .... ကျောက်စိမ်းဖြူနဲ့ ထုထားတဲ့ ဖားပြုပ်ကြီး ...!?

ဖားပြုပ်ရုပ်က လက်တစ်ဖဝါးစာရှိပြီး နှင်းလို ဖြူဖွေးနေတယ်။ အနုစိတ်ကျကျ ထုဆစ်ထားတာမို့ တကယ့် ဖားပြုတ်အတိုင်းပဲ။ ဒါပေမဲ့ ဖားပြုပ်အစစ်နဲ့ တူလွန်းနေတော့ ကြည့်ကောင်းတယ်ဆိုတာထက် နည်းနည်းတောင် မနှစ်မြို့ချင်စရာကြီး ဖြစ်နေတယ်။ မျက်လုံးတွေနေရာမှာတော့ တောက်ပတဲ့ ပဲစေ့အရွယ် ပတ္တမြားနစ်လုံးကို မြှုပ်ထားတယ်။

ဖားပြုပ်ကို လင်ဗန်းရဲ့ အလယ်မှာ ထားထားတာဆိုတော့ မသိရင် ဖားပြုပ်က လီကိုယ်လုပ်တော်ကို တည့်တည့် စိုက်ကြည့်နေသလိုပဲ။ သူ(မ) ကြက်သီးမွှေးညှင်းတောင် ထသွားတယ်။ ဒီဖားပြုပ်ကြီး သူ(မ)ဆီ ထခုန်လာတော့မလားတောင် တွေးကြောက်မိတယ်။

“ မိဖုရားခေါင်ကြီး ဒါ ဘာသဘောပါလဲ ”

လီကိုယ်လုပ်တော်က မျက်စိပျက် မျက်နှာပျက် မေးလာတယ်။

“ လီကိုယ်လုပ်တော် ရှင် မသိဘူးလား။ ဖားပြုပ်က သားသမီးရတနာ ပွားများတာကို ကိုယ်စားပြုပြီး စည်းစိမ်ဥစ္စာကိုလည်း ကြွယ်ဝစေတယ်။ ဒါ့ကြောင့် ဖားပြုပ်ကို ကြီးပွားကြွယ်ဝခြင်း ပြယုဂ်အနေနဲ့ အသုံးပြုလာကြတာ ရှေးတုန်းကတည်းကပဲ။ တို့စိတ်ထဲ ဒီလက်ဆောင်က ရှင့်အတွက် အသင့်လျော်ဆုံးဖြစ်မယ်လို့ ထင်တယ်။ ”

ပုံမှန်ဆို အရှင်မင်းကြီးကို ခစားပြီးတဲ့နောက် သားသမီးရတနာ ပွားများစေတဲ့ လက်ဆောင်မွန်ကို ရတာက ကောင်းတယ်ဆိုပေမဲ့ ဘာဖြစ်လို့ ဖားပြုပ်ကြီး ဖြစ်နေရတာလဲ။ မဟုတ်မှလွဲရော မိဖုရားခေါင်ကြီးက လီကိုယ်လုပ်တော်ကို ဖားပြုပ်လို့ ပြောချင်နေတာလား။

လီကိုယ်လုပ်တော် မပြုံးနိုင်တော့ဘဲ ဖားပြုပ်ကိုသာ စိုက်ကြည့်နေရင်း အန်မထွက်အောင် စိတ်ထိန်းပြီးတော့ ပြန်ဖြေလာတယ်။

“ တကယ်ကို တန်ဖိုးကြီးတဲ့ လက်ဆောင်မွန်ပဲ။ ဒါ ... ဒါကို မိဖုရားခေါင်ကြီးသာ ပိုင်ဆိုင်ထိုက်တာပါ ... ”

ယဲ့ကျန်းကျန်းက စကားကို ဖြတ်လိုက်တယ်။

“ လီကိုယ်လုပ်တော် ရှင် စိတ်ပူစရာ မလိုပါဘူး။ ဒီလိုပစ္စည်းတွေက တို့ဆီမှာ ထားစရာနေရာတောင် မရှိဘူး။ ”

ကျန်တဲ့ ကြင်ယာတော်တွေ အကုန်လုံး မျက်နှာပေါ်တော့ ဘာအမူအရာမှ မပြပေမဲ့ လီကိုယ်လုပ်တော် မရှူနိုင် မကယ်နိုင်ဖြစ်နေပုံကို လှမ်းကြည့်ရင်း စိတ်ထဲ တိတ်တိတ်လေး ကြိတ်ရယ်နေကြတယ်။

မိဖုရားခေါင်ကြီးဆီမှာ ပေါလွန်းလို့ ထားစရာနေရာတောင် မရှိတဲ့ ပစ္စည်းကို လီကိုယ်လုပ်တော်က ရတနာတစ်ပါးအလား ပြောနေတယ်ပေါ့။ တကယ်ကို လီကိုယ်လုပ်တော်က လောကကြီးကို မမြင်ဖူးသေးတာပဲ။ ဘာစကားတစ်ခွန်းမှ ပြန်မချေပနိုင်ဘဲ လီကိုယ်လုပ်တော်တစ်ယောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ဟန်နဲ့ လက်ဆောင်ကို လက်ခံလိုက်ရတော့တယ်။
ဧကရာဇ်မင်းမြတ်ရဲ့ စာကြည့်ဆောင်တွင်
“ဖူး”……

ကုန်းကုန်း လျှောက်တင်တာကို နားထောင်ပြီး ကျီဝူကျိုးတစ်ယောက် သောက်လက်စ လက်ဖက်ရည်ကိုပါ မှုတ်ထုတ်မိသွားတယ်။ အညိုရောင်ရင့်ရင့် လက်ဖက်ရည်တွေက စားပွဲပေါ်တင်ထားတဲ့ စာရွက်တွေအပေါ် ဖိတ်ကုန်တယ်။ ဒီစာရွက်တွေက ဝန်ကြီးတွေ တင်ပြလာတဲ့ စာရွက်စာတမ်းတွေဖြစ်ပြီး အရှင်မင်းကြီး စစ်ဆေးနေရတာနဲ့ မနေ့က တစ်ညလုံးတောင် မအိပ်ရသေးဘူး။

“ သူ(မ) တကယ်ပဲ အဲ့လိုပြောတာလား ”

ကမ်းလာတဲ့ လက်ကိုင်ပုဝါနဲ့ ပါးစပ်ကို သုတ်လိုက်ရင်း တည်တည်ငြိမ်ငြိမ် မေးလာတယ်။

“ အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဘယ်အရာမှ ကွယ်ဝှက်မထားဝံ့ပါဘူး ”

ကုန်းကုန်းငယ်လေးက ကျီဝူကျိုးရဲ့ မျက်နှာထားကို မြင့်တော့ ကြောက်လန့်ပြီး တုန်ယင်နေပြီ။ သူ သိသမျှကို အသေးစိတ်ပါမချန် အိတ်သွန်ဖာမှောက် လျှောက်တင်လိုက်တာပဲ ဖြစ်ပေမဲ့ ဒီစကားက အရှင်မင်းကြီးရဲ့ သိက္ခာကို သွားစော်ကားသလို ဖြစ်နေတယ်။

“ ကောင်းပြီ မင်း တော်တယ်။ နောက်လည်း ဒီလိုပဲ ဖြစ်ပါစေ။ မိဖုရားခေါင်ကြီး ဒီအကြောင်းကို မသိစေနဲ့ ”

“ အရှင်မင်းကြီးကို အလုပ်အကျွေးပြုရမှာက ကျွန်တော်မျိုးရဲ့ တာဝန်ပါပဲ။ ကျွန်တော်မျိုး သေချာပေါက် တာဝန်ကျေပွန်အောင် လုပ်ဆောင်ပါ့မယ် ”

“ ကောင်းပြီ မင်းတို့ထွက်သွားလို့ ရပြီ ”

အရှင်မင်းကြီးက အကုန်လုံးကို ထွက်သွားခိုင်းတာဆိုတော့ ဖုန့်ရိုးတျယ်လည်း ဂရုတစိုက်နဲ့ အနောက်က တံခါးကို ပိတ်ခဲ့ပြီး ထွက်သွားလိုက်တယ်။ တံခါးပိတ်သွားတာနဲ့ တစ်ခုခု မြေကြီးပေါ် ကျကွဲသွားတဲ့အသံကို လှမ်းကြားလိုက်ရတယ်။

ဖုန့်ရိုးတျယ် ခေါင်းကို ခါယမ်းလိုက်ရင်း “ အရှင်မင်းကြီး တကယ် ဒေါသထွက်နေတာပဲ ” ။

စာကြည့်ခန်းထဲမှာ ကျီဝူကျိုးတစ်ယောက် လက်သီးဆုပ်လျက် ဒေါသအမျက်ခြောင်းခြောင်း ထွက်နေတယ်။ ဆိုတော့ သူ(မ)က ငါကိုယ်တော်မြတ်က တိုင်းပြည်ကောင်းစားရေးအတွက် ကိုယ့်ခန္ဓာကိုယ်ကို စတေးလိုက်တယ်လို့ ပြောရဲတယ်ပေါ့လား ! အဲ့ဒီအတွက် သူ(မ) လေးစားမိတယ်လို့တောင် ပြောလိုက်သေးတယ်ပေါ့ ! ဒီမိန်းမကတော့ ... ဒီမိန်းမကတော့ ... တကယ် ... တကယ် ...!!

ယဲ့ကျန်းကျန်းကို ဖော်ပြဖို့ ဘယ်စကားလုံးမှကို ရှာမရဘူး။ ကြည့်ရတာ သူ(မ)က ပုံမှန်လူတစ်ယောက်ရဲ့ ဉာဏ်လောက်ကို အေးဆေးလေး အနိုင်ယူနိုင်တဲ့ပုံပဲ။ ကျီဝူကျိုး စားပွဲကို ဝုန်းကနဲ ထိုးလိုက်ရင်း “ မင်းကတော့ တကယ် ပြဿနာကို မီးခွက်ထွန်းရှာချင်နေတာပဲကိုး ”

သူ(မ)နဲ့ စတွေ့တဲ့ မနေ့က ညကတည်းက ယဲ့ကျန်းကျန်းက သူ့ကို ခယဝပ်တွားတာမျိုး မရှိဘူး။ အဲ့နေ့ညက စိတ်ရှုပ်နေတဲ့ ယဲ့ကျန်းကျန်းရဲ့ အမူအရာကို ပြန်သတိရသွားတော့ ကျီဝူကျိုး ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်မိတယ်။ သူက ဧကရာဇ်မင်းလေ။ သူကသာ မိန်းကလေးတစ်‌ယောက်ကို မြှောက်စားမှာလား ပစ်ပယ်မှာလား လုပ်ပိုင်ခွင့်ရှိတဲ့သူ။ ဒါပေမဲ့ အခုတော့ မိန်းကလေးတစ်‌ယောက်က သူ့ကို မတူသလို မတန်သလိုတောင် ကြည့်ရဲ‌နေတယ်တဲ့လား။

တကယ်ကို ယဲ့မျိုးနွယ်တွေက တစ်‌ယောက်မဟုတ် တစ်ယောက် ပြဿနာရှာနေကြတာပဲ !




ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now