Chapter 64

2.1K 172 1
                                    

Empress with No Virtue
Chapter 64
Translator – Utopia

ဧကရာဇ်ကိုယ်တိုင် စစ်တိုက်ထွက်ခဲ့ပြီး စစ်ပွဲမှာ အနိုင်ရလာခဲ့လေတယ်။ ယဲ့ရှိုးမင် ကျန်တဲ့ အမတ်တွေကို ဦးဆောင်ပြီး ယုံတင်းဂိတ်မှာ အရှင်မင်းကြီးကို ထွက်ကြိုလာတယ်။ ကျီဝူကျိုး အဝတ်အစားလဲပြီး ဧကရာဇ်တစ်ပါးရဲ့ ‌ရွှေဝတ်ရုံတော်ကို ဝတ်လို့ အစွန်းအထင်း တစ်စက်တောင် မရှိတဲ့ မြင်းဖြူကြီးကို စီးကာ အေးချမ်းတည်ငြိမ်တဲ့ အသွင်အပြင်နဲ့ ပြည်သူပြည်သားတွေရဲ့ ကြိုဆိုခြင်းကို ခံယူနေတယ်။ ယဲ့ကျန်းကျန်းကတော့ သူမမျက်နှာကို လူရှေ့ ဖွင့်ဟပြလို့ အဆင်မပြေတာကြောင့် သာမန် စစ်သားဝတ်စုံကိုပဲ ဝတ်ကာ ကျီဝူကျိုးရဲ့ မလှမ်းမကမ်းကနေ လိုက်ပါလာတယ်။

ဒီတစ်ကြိမ် စစ်ပွဲမှာ အနိုင်ရခဲ့တာကြောင့် သူ့နာမည်ဂုဏ်သတင်းကလည်း တမဟုတ်ချင်း ထိုးတက်သွားတော့တယ်။ မြို့တော်မှာ ရှိတဲ့သူတိုင်း အရှင်မင်းကြီးကို ကြိုဆိုဖို့ ထွက်လာကြပြီး လူတန်းကြီးက ယုံတင်းဂိတ်ကနေ နန်းတော်ထိကို အပြည့်ဖြစ်နေတယ်။ တချို့ဆို ခေါင်မိုးစွန်းတွေပေါ် တက်ပြီးတောင် အရှင်မင်းကြီးကို ကြည့်ကြတယ်။ လူအရမ်းများနေတာကြောင့် ကျီဝူကျိုးရဲ့ လုံခြုံရေးကို ယဲ့ရှိုးမင် စိတ်ပူမိပေမဲ့ တဖက်မှာ ဖန့်ရှိုးချင်းကတော့ ပြည်သူတွေက အရှင်မင်းကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ ကြိုဆိုကြတာမို့ မတားဖို့ ပြောလာတယ်။ ဒီတစ်ခါတော့ ယဲ့ရှိုးမင်လည်း သူပြောတာကို သဘောတူလိုက်ပြီး ကျီဝူကျိုးရဲ့လုံခြုံရေးအတွက် ကိုယ်ရံတော်တွေသာ များများ ချထားလိုက်တော့တယ်။

ကျီဝူကျိုး ဖြတ်သွားတိုင်း ပြည်သူတွေက ဒူးထောက်ပြီး မစေခိုင်းဘဲနဲ့ကို ဦးညွတ်အရိုအသေပြုကြတယ်။

ဘေးမှာ ပြည်သူတွေ အများကြီးရှိတာ‌ကြောင့် အမြန်သွားဖို့ အသင့်တော်ဘူး။ ထို့ကြောင့် ခပ်ဖြေးဖြေးနဲ့ပဲ နန်းတော်ကို ပြန်ခဲ့ကြတယ်။

နန်းတော်ကို ပြန်ရောက်တဲ့အခါ ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ခေါ်ပြီး မယ်တော်ကြီးကို နှုတ်ဆက်ဖို့ ရောက်လာတယ်။ ထို့နောက် အမတ်တွေကို နှုတ်ဆက်စကားပြောဖို့ ယန်ရှင်းခန်းမဆောင်ကိုရောက်လာတယ်။

အမတ်တွေကလည်း ကျီဝူကျိုးကို ချီးကျူးထောမနာ ပြုကြတယ်။

"အရှင်မင်းကြီးက သူရသတ္တိနဲ့ ပြည့်စုံပြီး တပ်တွေကို ဦးဆောင်ရာမှာလည်း ထက်မြက်ပါပေတယ်။ တကယ်ကို တချီအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ"

"ကိုယ်တော်မရှိတဲ့အတောအတွင်း အမတ်မင်းတို့လည်း တိုင်းရေးပြည်ရေးကိစ္စတွေကို ကောင်းကောင်း တာဝန်ကျေပွန်ခဲ့ကြပါတယ်"

အာလာပသလ္လာပတွေ ပြောပြီးနောက် မျက်နှာအမူအရာ တစ်ချက်မပျက်စေဘဲ တကယ့်အရေးကြီးတဲ့ကိစ္စတွေကို ပြောဖို့ အချိန်ရောက်လာပြီ ဖြစ်တယ်။ ကျီဝူကျိုး ဖြေရှင်းရမယ့်ကိစ္စတွေက များပြားတယ်ဆိုပေမဲ့လည်း အမတ်တွေက ကောင်းကောင်း စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စတစ်ခုကိုတော့ သူတို့တွေ ဘယ်သူမှ မပြောရဲဘူး ဖြစ်နေကြတယ်။ ယဲ့ရှိုးမင်ကလည်း ပြောမလာဘူး၊ ဖန့်ရှိုးချင်းကိုသာ မျက်စပစ်ပြနေတယ်။

မယ်တော်ကြီးလုပ်ခဲ့တဲ့ ဉာဏ်နည်းလှတဲ့ကိစ္စကို ပြောဖို့ရာ ယဲ့ရှိုးမင်အနေအထားက အတော်လေး ထိလွယ်ရှလွယ်အနေအထားမှာ ရှိတယ်။ သူကစပြီး ဧကရာဇ်ရှေ့မှာ မယ်တော်ကြီးအကြောင်းကို ဦးဆောင်ပြောဖို့ရာ မသင့်တော်ဘူး။ အမတ်တွေရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ဖန့်ရှိုးချင်းကတော့ အရှင်မင်းကြီးနဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်းဖြစ်တာကြောင့်  သူများတွေ မပြောရဲတဲ့ကိစ္စဆိုရင်တောင် သူကတော့ ပြောလို့ ရနိုင်တယ်။

တကယ်တော့ ဖန့်ရှိုးချင်းလည်း ဒီကိစ္စကို ကျီဝူကျိုးဆီ မလျှောက်တင်ချင်ဘူး။ မယ်တော်ကြီးက အနောက်နန်းဆောင်မှာ သူ့သမီးအပေါ် ကောင်းကောင်းဆက်ဆံပြီး ကျောထောက်နောက်ခံပေးနေတာမို့ မယ်တော်ကြီးသာ မရှိတော့ရင် သူတို့ အင်အားနည်းသွားမှာ ဖြစ်တယ်။ ဒါကြောင့်မို့ အစကတော့ ဖန့်ရှိုးချင်း မယ်တော်ကြီးနဲ့ ပူးပေါင်းဖို့ စိတ်ကူးခဲ့သေးတယ်။ ဒါပေမဲ့ အခုကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာ မယ်တော်ကြီးက ထင်ထားသလို ထက်မြက်တဲ့သူမဟုတ်ဘဲ နောက်ထပ် ဉာဏ်နည်းတဲ့ သူတစ်ယောက်မှန်း သိလိုက်ရတယ်။ ဒီလိုလူကိုသာ သူ့သမီးက ဆရာတင်နေရင် သူမပါ ဆွဲအချခံရနိုင်တယ်။

ဒါကြောင့်မို့ ဖန့်ရှိုးချင်း မယ်တော်ကြီးနဲ့ ခပ်ခွာခွာနေဖို့ ဆုံးဖြတ်လိုက်တယ်။ အခု ကျီဝူကျိုးနဲ့ တွေ့တဲ့အခါ ဘာမှတုံ့ဆိုင်းမနေတော့ဘဲ သူ ပြောသင့်တာကော မပြောသင့်တာကော အကုန်လုံး ကျီဝူကျိုးကို လျှောက်တင်လိုက်တော့တယ်။

လျှောက်တင်တာကို နားထောင်ပြီးတဲ့နောက် ကျီဝူကျိုးမျက်နှာအမူအရာက သိပ်တော့ မပြောင်းသွားဘူး။ ထို့နောက် အမတ်တွေ အားလုံးကို အရင် ပြန်ခိုင်းလိုက်တော့တယ်။

ဘာအမူအရာမှ မပြဘူးဆိုတာကိုက ကြီးမားတဲ့အမူအရာပဲ ဖြစ်တယ်။ သူတို့အားလုံးလည်း အရိပ်အခြေပါးတဲ့သူတွေပဲဟာ၊ စိတ်ထဲမှာတော့ ဘယ်သူတွေနဲ့ အဆက်အဆံလုပ်သင့်တယ် မလုပ်သင့်ဘူးတွေ တွက်ချက်နေကြပြီဖြစ်တယ်။
ဒီဖက်မှာတော့ ကျီဝူကျိုးတစ်ယောက် မပျော်ရွှင်ဘူးဖြစ်နေတယ်။ ဟိုဖက်မှာလည်း ယဲ့ကျန်းကျန်းက ပိုလို့တောင် မပျော်ဘူးဖြစ်နေတယ်။ သူမနဲ့ ကျီဝူကျိုးတို့ နန်းတော်ကနေ ထွက်သွားတာနဲ့ မယ်တော်ကြီးက ရှန်ကိုယ်လုပ်တော်ကို ပြန်ခေါ်ပြီး အနောက်နန်းဆောင်ကိစ္စတွေကို တစ်ဦးတည်း ဦးစီးဆောင်ရွက်စေတယ်။ ဒါတင်မကဘူး ပိုးမျှင်အခမ်းအနားမှာတောင် ဧကရီမိဖုရားခေါင်နေရာမှာ အစားထိုး လုပ်ဆောင်စေခဲ့တယ်။

ဧကရာဇ်က နတ်ဘုရားတွေကို ပူဇော်ဆုတောင်းပြီး ဧကရီကတော့ ပိုးမယ်တော် (ပိုးမယ်တော် လေကျူ) ကို ဝတ်ပြုဆုတောင်းရတယ်။ ဒီစည်းမျဉ်းက ပြောင်းလို့မရတဲ့ စည်းမျဥ်းပေ။ တကယ်လို့ ဧကရီ မရှိတာမျိုး၊ ဧကရီက နာမကျန်းဖြစ်နေတာမျိုးဆိုရင်တော့ ဒီပွဲအခမ်းအနားကို ဖျက်သိမ်းရတယ်။ ဘယ်တုန်းကမှ ကိုယ်လုပ်တော်တစ်ယောက်က သခင်မတွေကို ဦးဆောင်ပြီး အခမ်းအနားကျင်းပတယ်ဆိုတာမျိုး ရှိဖူးလို့လား။ ဧကရာဇ်အစား မြို့စားမင်းက နတ်ဘုရားပူဇော်ဆုတောင်းပွဲလုပ်တယ်လို့ ကြားဖူးကြလို့လား။

ဒီတစ်ခါတော့ မယ်တော်ကြီး အတော်လေးကို စည်းကျော်ခဲ့တာပဲ ဖြစ်တယ်။

နောက်ပြီး ရှန်ကိုယ်လုပ်တော်လည်း ရှိသေးတယ်။ သူမ မယ်တော်ကြီးနဲ့ အနေကြာသွားလို့ ဦးနှောက်က ပုပ်သွားတာလားမသိဘူး ဒီလိုကိစ္စမျိုးကို သူမကပါ အလိုတူအလိုပါ လုပ်ရဲနေတယ်ဆိုတော့။ ဒီနှစ်မှာ ပိုးချည်အထွက်နှုန်းကောင်းရင်တော့ ကိစ္စမရှိဘူး၊ တစ်ခုခုသာ မှားယွင်းသွားပြီဆိုရင်တော့ ပြည်သူတွေရဲ့ ဒေါသက ရှန်ကိုယ်လုပ်တော်အပေါ် ကျရောက်လာမှာပဲ ဖြစ်တယ်။ ဒါ့အပြင် သူမအဖေက လွှတ်တော်မှာ ခေါင်းဆောင်အမတ်တစ်ယောက်ဖြစ်ပြီး သမီးကို ဘယ်လိုဆုံးမသွန်သင်ထားလဲဆိုပြီး စာပေပညာရှင်တွေက ဘယ်လိုတောင် ပြောကြမလဲ ဘယ်သူသိနိုင်မလဲ။

ဒီအခြေအနေအထိ တွေးကြည့်လိုက်တော့ ယဲ့ကျန်းကျန်း သိပ်တော့ ဒေါသမထွက်တော့ဘူး။ အခု လုပ်စရာဆိုလို့ အေးအေးဆေးဆေး ပွဲထိုင်ကြည့်နေရုံပဲ။

အမှန်အတိုင်းပြောရရင် ယဲ့ကျန်းကျန်းက ရှန်ကိုယ်လုပ်တော်လည်း ဉာဏ်ထက်ပြီး မတည်ငြိမ်ပေမဲ့လည်း ကိစ္စတစ်ခုလုံးကို မျက်စိတစ်ဆုံးခြုံငုံဆင်ခြင်နိုင်စွမ်းမှာတော့ ယဲ့ကျန်းကျန်းက ပိုသာတယ်။
အဲ့ဒီနေ့ ရှန်ကိုယ်လုပ်တော် သူမနန်းဆောင်ကိုပြန်ရောက်လာတဲ့အခါ သူမရဲ့အာဏာက တကယ်ကို ကျသွားမှန်း သိလိုက်ရတယ်။ မယ်တော်ကြီးက သူမကို ယဲ့ကျန်းကျန်းနေရာမှာ အစားထိုးပြီး ပိုးမျှင်အခမ်းအနားအတွက် လုပ်ဆောင်ပေးဖို့ ပြောလာတဲ့အခါ သူမ တွေးလိုက်တာက ဒီအခွင့်အရေးကို အသုံးချပြီး သူမနေရာကို ပြန်ယူဖို့ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စကို သူမ သဘောတူလက်ခံလိုက်တယ်။ ဒီအကြောင်းကို ဖန့်ရှိုးချင်းကြားတဲ့အခါ တိတ်တဆိတ် လူလွှတ်ပြီး မယ်တော်ကြီးနဲ့ ဝေးဝေးနေဖို့ သတင်းပါးရုံသာ သူ တတ်နိုင်တော့တယ်။

ရှန်ကိုယ်လုပ်တော်ကတော့ သူမအဖေက အတွေးလွန်နေတာလို့ပဲ တွေးလိုက်ပြီး ပိုးမျှင်အခမ်းအနားကို ပျော်ပျော်ပဲ တက်ရောက်ခဲ့တယ်။ ရက်အနည်းငယ်ကြာတဲ့အခါ လူတွေက ပိုးမျှင်အခမ်းအနားအတွက် ရှန်ကိုယ်လုပ်တော်က အရည်အချင်းမပြည့်မှီဘူးလို့ စတင် တီးတိုးပြောဆိုလာကြတော့တယ်။ အမျိုးသားတွေအတွက်ကတော့ မိန်းကလေးတွေကိစ္စကို ဝင်ရောက်ပြောဆိုတာက မသင့်တော်လို့ အဲ့အစား သူမအဖေအကြောင်းကိုသာ ပြစ်တင်ပြောဆိုကြတော့တယ်။ ဖန့်ရှိုးချင်းခမျာ ဝေဖန်ခံရတာကြောင့် စိတ်ဖိစီးမှုတွေကြားထဲကပဲ ရှန်ကိုယ်လုပ်တော်ဆီ မယ်တော်ကြီးနဲ့ ဝေးဝေးနေဖို့ သတင်းပါးရပြန်တယ်။

အဲ့ဒီနောက် မယ်တော်ကြီး အဲ့လိုကိစ္စမျိုး လုပ်လိုက်တဲ့အခါမှ သူမတကယ်ကို မတွေးတောခဲ့မိတာပဲဆိုတာ ရှန်ကိုယ်လုပ်တော် သဘောပေါက်တော့တယ်။ တကယ်တော့ ရှန်ကိုယ်လုပ်တော်ကလည်း လည်တယ်၊ မယ်တော်ကြီးက နည်းနည်း တုံးတယ်ဆိုပေမဲ့ ယဲ့ကျန်းကျန်းကို ထိုးနှက်ဖို့အတွက် သုံးလို့ရတယ်။ သူမသာ သေချာဂရုစိုက်ပြီး သူများတွေ သူမဆီမှာ အမှားရှာလို့မရအောင် လုပ်နိုင်သ၍ အဆင်ပြေတယ်။ ဒီလိုနဲ့ ရှန်ကိုယ်လုပ်တော်တစ်ယောက် သူမအဖေပြောတာကို နားမဝင်တော့ဘူး။


ကျီဝူကျိုး ယန်ရှင်းခန်းမဆောင်မှာပဲ ညနေခင်းရောက်တဲ့အထိ နေရင်း အမတ်တွေ တင်ပြလာတဲ့ ကိစ္စတွေကို ဖြေရှင်းပေးနေတယ်။ အမှုကိစ္စတွေအကုန်လုံးကို အမတ်တွေ ကောင်းကောင်း စီမံဆောင်ရွက်ပေးထားတာ မြင်တဲ့အခါ သူ့စိတ်အခြေအနေက နည်းနည်း ကြည်သွားတယ်။
ဖုန့်ရိုးတျယ် ကျီဝူကျိုးဆီ ရောက်လာပြီး ညစာသုံးဆောင်တော့မလား လာလျှောက်တင်တယ်။ ကျီဝူကျိုး လက်ထဲက စာရွက်စာတမ်းတွေကို ချလိုက်ပြီး

"မလိုတော့ဘူး။ ခွန်းနင်နန်းဆောင်ကို သွားမယ်"

သူ မတ်တတ်ရပ်လိုက်ပြီး အညောင်းအညာဆန့်ပြီးနောက် ပြန်တွေးကြည့်ရင်း

"ထားလိုက်တော့။ ရှန်ကိုယ်လုပ်တော်ဆီကို အရင်သွားရအောင်"

ရှန်ကိုယ်လုပ်တော်ကို မယ်တော်ကြီးက ပြန်ခေါ်ပြီး ဘာတွေလုပ်ခဲ့ကြလဲဆိုတာ ကျီဝူကျိုး သိပြီးသားဖြစ်တယ်။ သူ မကြိုက်ပေမဲ့လည်း သူမအပေါ်တော့ အခွင့်အရေး နောက်တစ်ခါ ပေးချင်သေးတယ်။ တခြားကြောင့်တော့ မဟုတ်၊ သူမအဖေကြောင့်ပဲ ဖြစ်တယ်။ ကိုယ်လုပ်တော်တစ်ယောက်ကို ရှင်းဖို့က အချိန်ကုန်ခံစရာတောင် မလိုဘူး၊ ဒါပေမဲ့ ဖန့်ရှိုးချင်းကတော့ ထိုက်တန်တဲ့ အမတ်တစ်ပါးဖြစ်တယ်။ သူက အရည်အချင်းရှိပြီး နာမည်ကောင်းလည်း ရှိတယ်၊ ပါးနပ်ပြီး သတိနဲ့လည်း လုပ်ဆောင်တတ်တယ်၊ ပျော့ပျောင်းတဲ့သဘောထားလည်း ရှိတယ်၊ ယဲ့ရှိုးမင်လိုမဟုတ်ဘူး။ သူ ပြောသမျှကို ကျီဝူကျိုး အကုန် လက်ခံတာတော့ မဟုတ်ပေမဲ့ သူက တကယ်ကို သစ္စာရှိတဲ့အမတ် ဖြစ်ပေတယ်။

ဒီလိုပုဂ္ဂိုလ်မျိုးက တိုင်းပြည်အတွက် အဖိုးတန်တယ်။ ရှန်ကိုယ်လုပ်တော်နဲ့ ပတ်သက်ပြီး ကြမ်းကြမ်းတမ်းတမ်း အပြစ်မပေးချင်ရတာလည်း သူ့သစ္စာရှိမှုမှာ စိတ်ကွက်စရာဖြစ်မှာ မလိုလားတာကြောင့် ဖြစ်တယ်။

ကျီဝူကျိုး သူမဆီ လာလည်မယ်လို့ ရှန်ကိုယ်လုပ်တော် အာရုံရနေတယ်။ ရှေးစကားရှိသလိုပဲ၊ ကြင်စဦးမောင်နှံကြား ကြားလေသွေးရုံပါပဲ။ သူမတို့နှစ်ယောက် လအနည်းငယ် ခွဲခွာခဲ့ရပြီး သူလည်း ယဲ့ကျန်းကျန်းနဲ့ပဲ နေ့တိုင်း တွေ့နေရတော့ ငြီးငွေ့လာတာ ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ သူမ သေချာ ဝတ်စားပြင်ဆင်ပြီး ညရောက်တဲ့အခါ ယောင်ယွဲ့နန်းဆောင်မှာ ညစာစားဖို့ အသင့်ပြင်ထားတယ်။ ကျီဝူကျိုး ရောက်တဲ့အခါ သူမတို့နှစ်ယောက် ညစာအတူစားကြတယ်။ သူမနှလုံးသားထဲ အရှင်မင်းကြီးက သူမကို တကယ် သတိရနေတာမို့ နန်းတော်ပြန်ရောက်တဲ့နေ့မှာပဲ သူမဆီ ညစာ လာစားတာလို့ တွေးနေမိတယ်။ ဒီအတွေးက သူမကို ပျော်ရွှင်စေတာပြီး ရှန်ကိုယ်လုပ်တော်ရဲ့မျက်နှာက ဂုဏ်ယူဝံ့ကြွားနေတော့တယ်။

တစ်ခုပဲ သူ့ကို မခစားခင် ရှန်ကိုယ်လုပ်တော် လုပ်ဖို့လိုတဲ့ဟာတစ်ခုရှိတယ်။

"အိုက်ဖေး ဒီအတောအတွင်း ဘာတွေလုပ်ဖြစ်ခဲ့လဲ"

ကျီဝူကျိုး ဒူးထောက်နေတဲ့ ရှန်ကိုယ်လုပ်တော်ကို ကြည့်ရင်း မေးလာတယ်။

ရှန်ကိုယ်လုပ်တော် မော့ကြည့်လိုက်တဲ့အခါ သူမမျက်လုံးတွေက နီရဲနေပြီး မျက်ရည်အရွဲသားနဲ့ ဖြစ်နေတယ်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမ အမှားလုပ်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တ်ောမျိုးမကို အပြစ်ပေးတော်မူပါ"
ကျီဝူကျိုး သောက်လက်စ လက်ဖက်ရည်ခွက်ကို ချလိုက်တယ်။

"မင်း ဘာတွေအမှားလုပ်ခဲ့တာလဲ"

သူ ဒီလိုပြောပေမဲ့ သူမကို ထဖို့တော့ အမိန့်မပေးသေးဘူး။

သူမ ဒူးထောက်လိုက်တာ မှန်သွားမှန်း ရှန်ကိုယ်လုပ်တော် သိလိုက်တယ်။ သူမမျက်နှာမှာ နီမြန်းနေတာကို အတိုင်းသားမြင်နိုင်တယ်။

"ဧကရီမိဖုရားခေါင်ကြီး နန်းတော်ထဲ မရှိခိုက်မှာ မယ်တော်က ကျွန်တော်မျိုးမကို ပိုးမျှင်အခမ်းအနားကို ဦး‌ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်မျိုးမ အဆင်အခြင်မဲ့စွာနဲ့ လက်ခံကျင်းပခဲ့မိပါတယ်။ ကျွန်တော်မျိုးမလုပ်ခဲ့တဲ့အရာက စည်းမျဥ်းတွေအရ မှန်ကန်တဲ့လုပ်ရပ် မဖြစ်ခဲ့ပါဘူး။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ"

စကားတချို့နဲ့တင် မယ်တော်ကြီးက သူမကို တောင်းဆိုတာဖြစ်ကြောင်း၊ သူမ တာဝန်ကို မျက်နှာမလွှဲနိုင်တာကြောင့် လုပ်ခဲ့ရတာဖြစ်ကြောင်း ရှန်ကိုယ်လုပ်တော် ရှင်းပြသွားနိုင်တယ်။ ကျီဝူကျိုးကတော့မလှုပ်မယှက်ရှိနေတုန်းပဲ။ သူ အရမ်းစိတ်ဆိုးမနေဘူးဆိုတာ ရှန်ကိုယ်လုပ်တော် ခံစားလို့ရတယ်။ ဒီအခါမှပဲ သူမ တိတ်တိတ်လေး သက်ပြင်းချနိုင်တော့တယ်။
ကျီဝူကျိုး အချိန်ခဏကြာအောင်ထိ တိတ်ဆိတ်နေတယ်။ ရှန်ကိုယ်လုပ်တ်ော ဒူးထောက်တာကြာလို့ ကိုယ်ကတောင် ယိုင်လာတာကို တွေ့တဲ့အခါ

"မင်း အရင် ထတော့"

"ကျွန်တော်မျိုးမရဲ့ အပြစ်က ခွင့်လွှတ်နိုင်စရာမရှိပါဘူး။ အရှင်မင်းကြီး အပြစ်မပေးဘူးဆို ကျွန်တော်မျိုးမ ထမှာ မဟုတ်ပါဘူး"

"ကိုယ်တော့်ကို မင်းကို ဘယ်လိုအပြစ်ပေးစေချင်နေတာလဲ"

ကျီဝူကျိုးက ခပ်ဖွဖွ ရယ်လိုက်ရင်း ပြောလာတယ်။

ရှန်ကိုယ်လုပ်တော် ပါးလေးတွေရဲသွားပြီး ခေါင်းပြန်ငုံ့နေလိုက်တော့တယ်။ ဘာမှ ဆက်မပြောရဲတော့ဘူး။

ကျီဝူကျိုး အရှေ့တိုးလာပြီး သူမကို ဆွဲထူပေးလိုက်တယ်။

ရှန်ကိုယ်လုပ်တော်လည်း သူ ဆွဲထူပေးတာကို ခံရင်း ဖြေးဖြေးချင်း ထလာတယ်။ သူမ အကြာကြီး ဒူးထောက်လိုက်ရတာကြောင့် ခန္ဓာကိုယ်က ဟန်ချက်ပျက်ပြီး လဲကျသွားတဲ့အချိန် ကံကောင်းစွာနဲ့ ကျီဝူကျိုးက လှမ်းဖမ်းလိုက်တယ်။
ရှန်ကိုယ်လုပ်တော် သူ့ရင်ခွင်ထဲ မျက်လွှာလေးချရင်း သူ့ကို မော့မကြည့်ရဲရှာဘူး။

ကျီဝူကျိုး မျက်မှောင်ကျုံ့လိုက်တယ်။ အလှလေးကို ရင်ခွင်ထဲထည့်ထားပြီး ခန္ဓာကိုယ်က နည်းနည်းလောက်တောင် မယားယံဘူးဆို သူ ယောကျာ်းမဟုတ်လို့ပဲ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ ရှာလကာရည်အိုး ယဲ့ကျန်းကျန်းကို သတိရသွားတယ်။ ရှန်ကိုယ်လုပ်တော်နဲ့ သူသာ တစ်ခုခုလုပ်ခဲ့ရင် သူမရဲ့ကုတင်ပေါ် ပြန်တက်ခွင့်ရဖို့ သူ ဘယ်လောက်တောင် လုပ်ရမလဲ ဘုရားပဲသိမယ်။ ကျန်းကျန်း သဝန်တိုနေတာကို သဘောကျပေမဲ့လည်း အတိုင်းအတာဆိုတာရှိတယ်လေ၊ လွန်လာရင် မကောင်းဘူး။

ယဲ့ကျန်းကျန်းအကြောင်း တွေးမိလိုက်တာနဲ့ ကျီဝူကျိုးရဲ့အကြည့်က နူးညံ့သွားတယ်။

ကျီဝူကျိုးဘက်က ဘာမှမလုပ်လာတာကြောင့် ရှန်ကိုယ်လုပ်တော် မော့ကြည့်လိုက်တယ်။ သူ့ဆီက နူးညံ့တဲ့အကြည့်ကို တွေ့တဲ့အခါ သူမဘက်ကစပြီး သူ့ကို အနမ်းပေးလိုက်တယ်။

သူ လန့်ဖြန့်သွားသလိုမျိုး ချက်ချင်းပဲ ရှန်ကိုယ်လုပ်တော်ကို လွှတ်ချပြီး မတ်တတ်ရပ်လိုက်တယ်။

ရှန်ကိုယ်လုပ်တော် : "......"
'သူ အခု ငါ့ကို ကြမ်းပြင်ပေါ် တွန်းထုတ်လိုက်တာလား??'

"မင်း အပြစ်ပြုမိတဲ့သူက ဧကရီပဲ။ မင်း အပြစ်ပေးခံချင်တယ်ဆို သူမဆီကပဲ ဖြစ်သင့်တယ်။ မနက်ဖြန်မနက်ကျ သူမဆီ သွားပြီး အပြစ်ခံယူချေ"

ထို့နောက် ကျီဝူကျိုး သူမကို တစ်ချက်တောင် ပြန်မကြည့်အားပဲ သုတ်ချေတင် ပြန်ထွက်သွားတော့တယ်။

ရှန်ကိုယ်လုပ်တော် ရှက်လည်းရှက် အံ့အားလည်း သင့်သွားတယ်။ နည်းနည်းလေး စိတ်ထဲ ကြောက်သွားတယ်။ ယဲ့ကျန်းကျန်း အဲ့မိန်းမက ထူးဆန်းတဲ့အကြံအစည်တွေနဲ့ ပြည့်နေတာ .... သူမဆီမှာသာ အပြစ်ပေးခံရရင် ......


ယောင်ယွဲ့နန်းဆောင်က ထွက်လာတဲ့အခါ ကျီဝူကျိုး ခွန်းနင်နန်းဆောင်ဆီ ဦးတည်လာခဲ့တယ်။ အပြင်ဘက်ကနေ ရောက်ရှိကြောင်း မကြေညာခင်မှာပဲ သူ အရှက်မဲ့စွာနဲ့ ပြတင်းပေါက်ဘေး ရပ်ပြီး အထဲမှာ ဘာတွေပြောနေကြလဲ ခိုးနားထောင်နေတယ်။

ယဲ့ကျန်းကျန်းက စကားပြောတတ်တဲ့ သာလိကာနဲ့ ဆော့ကစားနေတယ်။ ဒီသာလိကာကို စူးဖုန့်က ဝယ်လာပေးခဲ့တာ ဖြစ်တယ်။ စျေးအတော်ကြီးပေမဲ့ မယ်မယ်ပြန်လာရင် ကြိုက်မှာ သေချာတာကြောင့် သူမ ခွန်းနင်နန်းဆောင်မှာ မွေးထားခဲ့တယ်။

ယဲ့ကျန်းကျန်း : "ပြော သိပ်သတ္တိရှိတာပဲ"

သာလိကာ : "သိပ်လှတာပဲ"

ယဲ့ကျန်းကျန်း : "ဧကရီမိဖုရားခေါင်က သိပ်သတ္တိရှိတာပဲ"

သာလိကာ : "ဧကရီမိဖုရားခေါင်က သိပ်လှတာပဲ"

ယဲ့ကျန်းကျန်း : "တုံးလိုက်တဲ့ ငှက်စုတ်"

သာလိကာ : "နင်ကသာ တုံးတာ"

ယဲ့ကျန်းကျန်း : "ဟုန်ဖုန့်ဟွမ် ဖန်ဖုန့်ဟွမ် ဟုန်ဖန်ဖုန့်ဟွမ့် ဖန်ဟုန်ဖုန့်ဟွမ် "

(TN: တရုတ်စကားလိမ်တမျိုး ဖြစ်ပါတယ်တဲ့။ "ရွှံ့ပေါ် ရှဥ့်ပြေး ရှဥ့်မွှေး ရွှံ့မလူး" လို အမြန်ပြောရင် လျှာ‌ခေါက်တဲ့စကားစုမျိုးပါ။)

သာလိကာ : "......"
ယဲ့ကျန်းကျန်း : "ငတုံးငှက်"

သာလိကာ : "....."

အပြင်မှာနားထောင်နေတဲ့ ကျီဝူကျိုးလည်း သူမပြောတာကို ကြားတဲ့အခါ သူ့ခေါင်းမှာ အမဲရောင်မျဥ်း၃ချောင်းတောင် ပေါ်လာသလိုခံစားလိုက်ရတယ်။ သာလိကာကို စကားလိမ်သင်ပေးတာ တကယ်ကို မတရားတာပဲ၊ သူမမို့ ပေါက်ပေါက်ရှာရှာတွေးတတ်တယ်။

သာလိကာက ဒေါသထွက်သွားတယ်ထင်ပါ့ အသံအကျယ်ကြီးနဲ့ ခေါင်းကိုမော့ကာ

"အရှင်မင်းကြီး ကြွချီလာပါပြီ"

ယဲ့ကျန်းကျန်း ရယ်လိုက်ရင်း

"သူ လာမှာမဟုတ်ဘူး"

သူမစကားက ကျီဝူကျိုးနှလုံးသားကို အောင့်သွားစေတယ်။ ရှင်းမပြတတ်တဲ့ ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးက သူ့ရင်ထဲ တိုးဝင်လာတယ်။ ကျီဝူကျိုး အခန်းထဲကို ဝင်လာရင်း ပြန်အော်ပြောလိုက်တယ်။

"ကိုယ် လာမှာမဟုတ်ဘူးလို့ မင်းကို ဘယ်သူပြောလဲ"


ရွှေနန်းထက်က ဧကရီ (Complete ✅)Donde viven las historias. Descúbrelo ahora