Chapter 57

2.2K 174 4
                                    

Empress with no Virtue
Chapter - 57
Translator- Utopia

ကျီဝူကျိုး ညနေခင်းအထိကို စောင့်နေခဲ့တယ်။

ယဲ့လိန်ထင်က သတင်းကောင်းနဲ့အတူ ပြန်ရောက်လာခဲ့တယ်။ နွီကျန်းစစ်တပ်တွေ စစ်ရှုံးပြီး လမ်းကြောင်းနှစ်ခုကနေ ထွက်ပြေးသွားကြရတယ်။ တစ်ခုက အနောက်မြောက်ဘက်ကို ဖြစ်ပြီး နောက်တစ်ခုက အရှေ့မြောက်ဘက်ကို ဦးတည်နေတယ်။ သူ ရွက်ဖျင်တဲထဲ ရောက်တဲ့အခါ ကျီဝူကျိုးတစ်ယောက်တည်း ထိုင်ခုံမှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

"ယဲ့ကျန်းကျန်း ဘယ်မှာလဲ"

"ယဲ့ကျန်းကျန်း ဘယ်မှာလဲ"

သူတို့နှစ်ယောက်ဆီအသံက တပြိုင်တည်း ထွက်လာတယ်။ တစ်ခုခုတော့ မှားနေပြီလို့ ယဲ့လိန်ထင် ခံစားလိုက်ရတယ်။ ဒါကြောင့်မို့ အမြန်ပဲ ကျီဝူကျိုးကို ကြိုးဖြည်ပေးလိုက်တယ်။ ခဏလေးတောင် ရှင်းပြဖို့ အချိန်မရဘဲ ကျီဝူကျိုး ကတိုက်ကရိုက်နဲ့ ယဲ့ကျန်းကျန်းကို ရှာဖို့ ပြေးထွက်သွားတယ်။ ဒါပေမဲ့ ဘယ်သူမှ သူမကို မတွေ့ကြဘူး။ ဒဏ်ရာရ စစ်သားတွေထဲမှာလည်း သူမ မရှိဘူး။

ကျီဝူကျိုး ခေါင်းပြတ်နေတဲ့ယင်ကောင်တစ်‌ကောင်လိုပဲ တွေ့တဲ့သူတိုင်းကို ယဲ့ကျန်းကျန်းကို တွေ့မိလား အရူးတပိုင်း မေးနေတော့တယ်။ အကြိမ်တိုင်းမှာ သူ့မျက်နှာက ပိုပြီး ဖြူဖျော့သထက် ဖြူဖျော့လာတယ်။ သူ့မျက်နှာက သွေးမရှိသလို ဖြူဆုတ်နေပြီး နဖူးမှာလည်း ချွေးတွေ ရွှဲနစ်နေတာကို တွေ့တဲ့အခါ ယဲ့လိန်ထင် သူ့ကို တားရင်း စိတ်အေးအောင် ပြောပေးနေတယ်။

"အခုက အားလုံး ရှုပ်ယှက်ခတ်နေတာ၊ သူမ တခြားအုပ်စုထဲ ရောက်နေတာ နေမှာပါ။ ခဏနေကျ သူမ ထွက်လာပြီး အရှင်မင်းကြီးကို လာရှာလိမ့်မယ်"

"မဟုတ်ဘူး သူမသာ တကယ် ဒီနေရာမှာ ရှိနေတယ်ဆို သူမ အရင်ဆုံးလုပ်မယ့်အလုပ်က ငါ့ရှေ့လာပြီး ကြွားပြမှာပဲ"

ကျီဝူကျိုး ပြောရင်း ယဲ့လိန်ထင်ကို ထားပစ်ခဲ့ကာ ဖြတ်သွားတဲ့သူတိုင်းကို ကျန်းစစ်သူကြီးကို တွေ့မိလား လိုက်မေးနေတယ်။

အကြောင်းအရင်း သေချာမသိတဲ့ စစ်သားတစ်ယောက်က ဖြေလာတယ်။

"ကျွန်တော်တို့အားလုံး ကျန်းစစ်သူကြီးကို မတွေ့မိကြဘူး။ ဖြစ်နိုင်တာက သူ တိုင်းပြည်အတွက် အနစ်နာခံသွားတာနေမယ်..."

ဒါက ယုတ္တိယုတ္တာ အကျဆုံး ခန့်မှန်းချက် ဆိုပေမဲ့လည်း ဒီအကြောင်းကို ဘယ်သူမှ ထုတ်မပြောချင်ကြတာ တစ်ခုပဲ။ ကျီဝူကျိုး အဲ့စစ်သားကို ဝါးစားတော့မတတ် စိုက်ကြည့်နေတယ်။ နောက်ဆုံး ဟိုဘက်က ကြောက်ပြီး အဝေးကို ပြေးထွက်သွားရတဲ့အထိပဲ။

ကျီဝူကျိုးရဲ့ခန္ဓာကိုယ်က ပုံမှန်ဟုတ်မနေဘူးဆိုတာ ယဲ့လိန်ထင် သတိထားမိလိုက်တယ်။ ဒါ့ကြောင့် တစ်ယောက်ယောက်ကို လုလီကို သွားခေါ်ခိုင်းလိုက်တယ်။ ဒီစစ်စခန်းတစ်ခုလုံးမှာ ကျီဝူကျိုးကို ယှဥ်ချပြီး နိုင်နိုင်မယ့်သူက လုလီပဲ ရှိတယ်။ လုလီ သွေးတွေနစ်နေတဲ့ သူ့ချပ်ဝတ်တန်ဆာကိုတောင် မချွတ်ရသေးဘူး။ ဒါ့ကြောင့် ကျီဝူကျိုး သူ့ဆီကနေ သွေးနံ့ကို ရနေတုန်းပဲ၊ သူ လုံးလုံးကို ရူးတော့မလို ဖြစ်နေပြီ။ လုလီ ကျီဝူကျိုး ရူးမသွားခင် အမြန်ပဲ ဓားရိုးကို သုံးပြီး ကျီဝူကျိုးကို မေ့သွားအောင် လုပ်လိုက်တယ်။

ကျီဝူကျိုး စိတ်တော်တော်ပင်ပန်းနေတာမို့ နောက်နေ့ နေ့လယ်ခင်းအထိကို အိပ်ပျော်သွားတော့တယ်။ ယဲ့လိန်ထင် သူ့အိပ်ရာဘေးမှာ ထိုင်စောင့်နေတယ်။ သူ့မျက်လုံးတွေ ဖွင့်လာတာမြင်တဲ့အခါ သူ ဘာမှတောင် မပြောရသေးခင်မှာပဲ ယဲ့လိန်ထင်က ပြောလာတယ်။

"ကျန်းကျန်း အသက်ရှင်နေသေးတယ်"

ကျီဝူကျိုး အသက်ပြင်းပြင်း ရှူလိုက်တယ်။ အခုမှ သူ့မျက်လုံးတွေက ပြန်တောက်ပလာတော့တယ်။ ကျီဝူကျိုး မတ်တပ်ရပ်လိုက်ပြီး ယဲ့လိန်ထင်ဆီက ရေယူကာ ပလုတ်ကျင်း မျက်နှာသစ်ပြုလိုက်တယ်။

ကျီဝူကျိုး ပုံမှန်အခြေအနေကို ရောက်လာကို တွေ့မှပဲ ယဲ့လိန်ထင် သက်ပြင်းချနိုင်တော့တယ်။ သူ့အတွက် စားစရာတချို့ကို ပို့ခိုင်းလိုက်တယ်။ ဒါပေမဲ့ ကျီဝူကျိုး စားချင်စိတ် မရှိတာကြောင့် တစ်လုပ်နှစ်လုပ်ပဲ စားပြီး ယဲ့လိန်ထင်ဆီ ထွက်လာခဲ့တယ်။

ယဲ့လိန်ထင်က ပြောလာတယ်။

"စိတ်မပူပါနဲ့။ ကျန်းကျန်းရဲ့ သိုင်းအဆင့်က သိပ်အဆိုးကြီးထဲက မဟုတ်ပါဘူး၊ တိုက်ပွဲထဲမှာ သူမ လွယ်လွယ်နဲ့ မသေနိုင်ပါဘူး။ ကျွန်တော်မျိုး စခန်းကရှိတဲ့သူတွေ အကုန်လုံးကို တိုက်ပွဲဖြစ်ရာနေရာကို မနေ့က သွားကြည့်ခိုင်းခဲ့ပါတယ်။ ညဘက်မို့ မသဲမကွဲဖြစ်နေမှာ စိုးတာကြောင့် အလောင်းတွေကိုပါ တစ်ခုချင်းစီ စစ်ရှာခိုင်းခဲ့တယ်။ ဒီမနက် သူတို့ပြန်ရောက်လာတဲ့အခါ သူမကို မတွေ့ခဲ့ကြဘူး။ သဘောက သူမ အသက်ရှင်နေဆဲဖြစ်ပြီး ပြန်မလာနိုင်သေးတာပဲ နေမယ်။ ဒီတော့ သူမ လမ်းပျောက်သွားတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ... အဖမ်းခံလိုက်ရတာပဲ"

"သူမ လမ်းပျောက်သွားတာ ဆိုရင်တောင်မှ အခုဟာက သိပ်ကြာလွန်းနေပြီ။ သူမ ပြန်ရောက်သင့်နေပြီ"

"ဒီတော့ ..."

"ဒီတော့ ... သူမ ရန်သူ့သုံ့ပန်းအနေနဲ့ အဖမ်းခံလိုက်ရတာပဲ"

ကျီဝူကျိုး သက်ပြင်းချလိုက်တယ်။

"မနေ့က ကိုယ်တော် သတိလက်လွတ်ဖြစ်သွားတယ်"

"အရှင်မင်းကြီး အစိုးရိမ်လွန်နေလို့ပါ"

ကျီဝူကျိုး ခဏစဥ်းစားပြီးတဲ့နောက်

"တစ်ခုခု လွဲနေပြီ။ ပုံမှန်ဆို စစ်နိုင်တဲ့အခါမျိုးမှာမှ သုံ့ပန်းတွေကို ဖမ်းတာ၊ မနေ့က နွီကျန်းတွေက စစ်ရှုံးသွားတာလေ၊ လွတ်အောင်တောင် အသည်းအသန်ပြေးနေရတာ။ ဘာလို့ ရန်သူ့ဘက်က စစ်သားကို အပင်ပန်းခံပြီး ဖမ်းမှာလဲ"

"ကျွန်တော်မျိုးလည်း အဲ့တာကိုပဲ စိတ်ပူနေတာ"

သူတို့နှစ်ယောက်လုံးက ပါးနပ်တဲ့သူတွေပဲမို့ ဆက်ပြီး ရှင်းပြနေစရာတောင် မလိုတော့ဘူး၊ နှစ်ယောက်လုံး ဒီအချက်ကို သဘောပေါက်လိုက်တယ် : ဖမ်းသွားတဲ့စစ်သားက အသုံးဝင်တဲ့နေရာရှိတယ်။

ဒီအထိ တွေးလိုက်မှပဲ ကျီဝူကျိုး နည်နည်း စိတ်ထဲ အေးသွားတော့တယ်။ အသုံးဝင်တဲ့နေရာရှိတဲ့ သုံ့ပန်းတစ်ယောက်ကို ဆိုးဆိုးရွားရွားတော့ မဆက်ဆံလောက်ပါဘူး။ ဒါပေမဲ့ မိန်းမလှလေးတစ်ယောက်က ယောကျ်ားတွေကြားထဲ အဖမ်းခံလိုက်ရတယ်ဆိုတာကို တွေးမိပြန်တော့ ကျီဝူကျိုး နှလုံးသားက တင်းကျပ်သွားတယ်။

ကျီဝူကျိုး မျက်လုံးမှိတ်ပြီး ယဲ့ကျန်းကျန်း ဘာဝတ်သွားလဲဆိုတာကို ပြန်ပုံဖော်ကြည့်နေတယ်။ သူမ ချပ်ဝတ်တန်ဆာကို ဝတ်ထားပြီး ပုဝါကိုလည်း အုပ်ထားတယ်ဆိုတော့ သိပ်တော့ မသိသာလောက်ပါဘူး။

ဘာကိစ္စပဲ ရှိပါစေ မင်း မိန်းကလေးဆိုတာ ပေါ်သွားလို့ မဖြစ်ဘူး ကျန်းကျန်း။

မဟုတ်မှလွဲရော သူမ ဧကရီမိဖုရားခေါင်ဆိုတာ သူတို့ သိထားနှင့်ပြီးသားလား။ အဲ့လိုဆိုရင်တော့ သူတို့ သူမကို ထိရဲမှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းကျန်းသာ တစ်ခုခုဖြစ်ခဲ့ရင် ငါ ကိုယ်တိုင် စစ်တပ်နဲ့ နွီကျန်းတစ်မျိုးနွယ်လုံးကို အမှုန့်ချေပစ်မယ်!

ကျီဝူကျိုးရဲ့ အမူအရာက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်။ သူ့ပုံစံက ပုံမှန်မဟုတ်တော့ဘဲ စိတ်လွတ်တော့မယ့်ပုံ ဖြစ်လာတာကို ယဲ့လိန်ထင် တွေ့တဲ့အခါ အမြန်ပဲ သူ့ကို လှမ်းသတိပေးလိုက်တယ်။

"ဒါဆို ကျွန်တော်မျိုးတို့ ဘာလုပ်ကြမလဲ"

ကျီဝူကျိုး သူ့ကို လှည့်ကြည့်လိုက်တယ်။

"မြေပုံယူလာခဲ့၊ နွီကျန်းမျိုးနွယ်စုတွေ မနေ့က ဘယ်ဗျူဟာကို သုံးသွားလဲ ပြော။ သူတို့ ဘယ်ဘက်ကို ထွက်ပြေးသွားလဲဆိုတာကောပဲ"

ယဲ့လိန်ထင် လုလီကို မြေပုံ ယူခိုင်းလိုက်တယ်။ ကျီဝူကျိုး ရှေ့မှာ မြေပုံကို ချလိုက်ပြီး ကွမ်းနင်မြို့နဲ့ သိပ်မဝေးတဲ့နေရာတစ်ခုကို ညွှန်ပြရင်း

"နွီကျန်းတွေနဲ့ ကျွန်တော်တို့ ဒီနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ၊ ဒီနေရာနဲ့ ဒီနေရာတွေ၊ တိုက်ပွဲပြီးတဲ့နောက် ဘယ်တောင်ပံဘက်က တပ်တွေက အနောက်မြောက်ကို ထွက်ပြေးသွားကြတယ်။ အလယ်နဲ့ ညာတောင်ပံတပ်တွေက အရှေ့မြောက်ကို ထွက်ပြေးကြတယ်"

"ကျွန်တော်မျိုး အခုပဲ သူမကို သွားရှာမယ်၊ ကျွန်တော်မျိုး သူမကို ပြန်ခေါ်လာခဲ့မယ်!"

"မဟုတ်ဘူး"

ကျီဝူကျိုးက ခေါင်းခါလိုက်ပြီး

"ခင်ဗျားက လူတွေကို ဦးဆောင်ပြီး အားအာဟတုကို လိုက်ဖမ်းချေ"

ယဲ့လိန်ထင် သိပ်နားမလည်ဘူး ဖြစ်နေတယ်။

"ခင်ဗျား တွေးကြည့်ဖူးလား၊ အားအာဟတုက ငယ်ငယ်ကတည်းက စစ်တိုက်တာတဲ့သူ။ စစ်မြေပြင်မှာပဲ နေလာတာ အနှစ်၂၀လောက် ရှိပြီ။ တစ်ခါမှ စစ်မရှုံးဖူးဘူး၊ ဒီလိုလူမျိုးက သေချာပေါက် သိပ်မာနကြီးမှာပဲ။ ဒီတစ်ခေါက် ကျုပ်တို့ဆီ မရှုမလှရှုံးသွားတာကို သူ ဘယ်လိုမှ လက်သင့်ခံနိုင်မှာ မဟုတ်ဘူး။ ရှေ့၂ရက်တုန်းက သတင်းပေးပို့ချက်တွေအရဆို အားအာဟတုရဲ့ ဝမ်းကွဲညီက စစ်သား ၂ သောင်း ဦးဆောင်ပြီး အရန်သင့် ရှိနေတယ်။ ဒီလိုအားအာဟတုက လွယ်လွယ်နဲ့ အညံ့ခံမယ်လို့ ခင်ဗျားထင်လား"

"အရှင်မင်းကြီး ဆိုလိုတာက ..."

"သဘောက သူ ပြန်တိုက်ဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်လိမ့်မယ်။ ဒါ့အပြင် ကျီကျိုးကလည်း အတိုက်ခံနေရတာဆို‌တော့ အားအာဟတုအတွက် အခွင့်အရေးပဲ"

အားအာဟတု ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို မြေပုံပေါ် ညွှန်ပြရင်း

"ဒီနေရာကို ကြည့်လိုက်၊ ဒါက ထောင်ချောက်ချထားဖို့ အကောင်းဆုံး နေရာပဲ။ အားအာဟတုက ပါးနပ်တဲ့သူမို့ သူ မနိုင်နိုင်ဘူးထင်ရင် အဖြစ်နိုင်ဆုံးက ဒီနေရာမှာ ထောင်ချောက် ဆင်ထားလိမ့်မယ်"

ယဲ့လိန်ထင်ရဲ့အကြည့်တွေက တောက်ပသွားတယ်။

"ဒါဆို ကျွန်တော်မျိုးတို့ သူ ထောင်ချောက်ဆင်မယ့်အကြံကို ဖျက်စီးပစ်လိုက်ကြရအောင်"

ကျီဝူကျိုး ခေါင်းငြိမ့်လိုက်တယ်။

"ဒါကြောင့်မို့ ခင်ဗျား နည်းနည်းတော့ ဒုက္ခခံရဦးမှာ၊ ခင်ဗျား အားအာဟတုရဲ့ ခေါင်းကို ယူလာမယ့်နေ့ ကျုပ် စောင့်နေမယ်"

"ဒါဆို ကျန်းကျန်းအတွက်က ......"

"ကိုယ်တော့်မိန်းကလေး ဒါပေါ့ ကိုယ်တော် ကိုယ်တိုင်ကယ်မယ်"

သူ့ခံစားချက် အခု ဘယ်လိုဖြစ်နေမလဲ ယဲ့လိန်ထင် နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ သူ လုပ်မှာကိုတော့ ယဲ့လိန်ထင် သဘောမတူနိုင်သေးဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ကျီဝူကျိုးက သိပ်ခေါင်းမာနေတာကြောင့် ယဲ့လိန်ထင် ဘယ်လောက်ပဲ သူကို ဖျောင်းဖျပါစေ အသုံးမဝင်ဘူး။ နောက်ဆုံးကျ ကျီဝူကျိုးက မင်းမိန့်လို့ပါ ပြောလာတာကြောင့် ယဲ့လိန်ထင် မနာခံဘဲ မနေဝံ့တော့ဘူး။ တကယ်တမ်းပြောရရင် အရင်တစ်ခေါက်က သူ ကျီဝူကျိုးကို ကြိုးနဲ့ချည်ထားခဲ့လို့ရတယ်ဆိုတာက ကျီဝူကျိုးကလည်း ခွင့်ပြုလို့သာ၊ ဒါပေမဲ့ ဒီတစ်ခေါက် သူ့ဇနီး အဖမ်းခံလိုက်ရတာဆိုတော့ ဘယ်လိုလုပ် သူ မျက်နှာပြရတော့မလဲ။

ဒါကြောင့်မို့ ယဲ့လိန်ထင် စစ်သည် ၂သောင်း ကျီဝူကျိုးကို လွှဲပေးဖို့ပဲ တတ်နိုင်တော့တယ်။ ဒါပေမဲ့ ကျီဝူကျိုးက ၁သောင်းပဲ လိုတယ် ပြောလာတယ်။ ထွက်ပြေးသွားတဲ့ စစ်သား ၁ထောင်ကို ဖမ်းဖို့ စစ်သား ၁သောင်းဆို လုံလောက်ပြီ၊ ယဲ့ကျန်းကျန်းအတွက်ကြောင့်နဲ့ လျောင်တုန်းက စစ်အင်အားကို လျှော့ပစ်လို့မရဘူး။

ဒါပေမဲ့ လုလီကိုတော့ သူ့နောက်လိုက်ခဲ့ဖို့ ကျီဝူကျိုး သဘောတူလိုက်တယ်။ ဒီတော့မှပဲ ယဲ့လိန်ထင် စိတ်ချနိုင်တော့တယ်။ လုလီကိုလည်း ကျီဝူကျိုးကို ကာကွယ်ဖို့ တဖွဖွ မှာနေတယ်။
ကျီဝူကျိုး နောက်တနေ့ကူးမှာကိုတောင် မစောင့်နိုင်တော့ဘူး ညတွင်းချင်းပဲ တပ်တွေကို ဦးဆောင်ပြီး ထွက်လာတယ်။ ညမှောင်နေပြီဆိုပေမဲ့ စစ်သည် ၁သောင်းလုံး သူ့နောက်ကို ကောင်းကောင်း လိုက်လာကြတယ်။ သူတို့ ဘာအတွက် စစ်ချီလာကြမှန်း မသိကြဘူး၊ ဒီအတိုင်း စစ်သူကြီးဝူနောက်လိုက်ပြီး ရန်သူတွေကို လိုက်ဖမ်းဖို့ပဲ ထင်နေကြတာ။ ဒီတပ်စုက ရန်သူ့စစ်တပ်ကို အိပ်မက်ဆိုးတွေ ယူလာတော့မယ်မှန်း ဘယ်သူမှ မထင်ထားခဲ့ကြဘူး။


ယဲ့ကျန်းကျန်း နိုးလာတဲ့အခါ သူမ ပထမဆုံး မြင်လိုက်ရတာ ပြောင်သလင်းနေတဲ့ ကတုံးပြောင်ပဲ ဖြစ်တယ်။

ဖျတ်ခနဲ ကြည့်လိုက်တဲ့အခါ သူမ ဘာမှန်း သေချာမသိသေးဘူး၊ သူမ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။ သုံး လေး ငါးခေါက် မျက်တောင်ခတ်လိုက်ပြီးနောက် သူမရှေ့က ကတုံးပြောင်က စပြီးတော့ လှုပ်လာတယ်။ ထို့နောက် ဖြေးဖြေးချင်း မျက်နှာတစ်ခုက ယဲ့ကျန်းကျန်းရှေ့ ဘွားကနဲ ပေါ်လာတယ်။

"မင်း နိုးလာပြီလား"

ယဲ့ကျန်းကျန်း အခုမှ သတိထားမိတယ် သူမကို သစ်သားတိုင်ပေါ် ချည်ထားတာပဲ။ သစ်သားတိုင်က အနည်းငယ် မြင့်တာကြောင့် တဖက်ကလူရဲ့ ခေါင်းကို ကျော်မြင်နေရတယ်။ အခု သူမကို ကြည့်ဖို့ သူ့ခေါင်းကို မော့လိုက်တဲ့အခါ သူ့မျက်နှာတစ်ခုလုံးကို သေချာ မြင်ရတော့တယ်။ အဲ့ဒီ့လူမှာ မျက်ခုံးနက်နက်နဲ့ ပြူးကျယ်တဲ့ မျက်လုံးတွေ ရှိပြီး နှာခေါင်းပွပွနဲ့ ထူထဲရှုပ်ပွနေတဲ့ မုတ်ဆိတ်မွှေးတွေက သူ့ကတုံးပြောင်နဲ့ တွဲကြည့်လိုက်တဲ့အခါ မသိရင် သူ့ခေါင်းက ပြောင်းပြန်ဖြစ်နေသလိုပဲ။

"တော်တော်ပြောင်အောင်ကို ရိတ်ထားတာပဲ"

ယဲ့ကျန်းကျန်း ချီးကျုးလိုက်တယ်။

"...."

ကတုံးနဲ့လူကတော့ သူမ နိုးနိုးချင်း ပြောတဲ့စကားက ချီးကျုးနေတာလား လှောင်နေတာလား ဘာမှန်းသေချာ နားမလည်ဘူးဖြစ်နေတယ်။

"မင်းဖာသာမင်းတောင် လမ်းဆုံးရောက်နေပြီကို၊ ကြည့်ကြသေးတာပေါ့ မင်း ဘယ်လောက်တောင် ဇောင့်ကြွားကြွားလုပ်နိုင်ဦးမလဲဆိုတာ"

ယဲ့ကျန်းကျန်း သူ့ကို ကြောက်မနေဘူး။

"မင်း ငါ့ကို သတ်ချင်တယ်ဆို ဘာလုပ်ဖို့ အပင်ပန်းခံပြီး တိုင်မှာကြိုးနဲ့ချည်ထားဦးမှာလဲ"

ကတုံးက ဒေါသထွက်လာပြီး ဓားမြောင်ကို ထုတ်ကာ သူမလည်ပင်းကို ထောက်လိုက်တယ်။

"ပြော မင်း ဘယ်သူလဲ"

ယဲ့ကျန်းကျန်းက ရယ်လိုက်ရင်း

"ငါက စွန်းဝူခုန်းလို့ပြောရင် မင်း ယုံမှာလား"

"မင်းက စွန်းဝူခုန်းဆို ငါက အားလန်ရှန်းပဲ"

"မင်းက အားလန်ရှန်းဆို ငါက ရှီးဝမ်မုမယ်မယ်ပဲ"

ကတုံးတွေးနေတယ်။ ယွီဟွမ်တိ (ကျောက်စိမ်းဧကရာဇ်)က အားလန်ရှန်းရဲ့ ဦးလေး၊ ဒီတော့ ရှီးဝမ်မုမယ်မယ်က သူ့အဒေါ်ပေါ့။ ဒီလူက တကယ် အနိုင်ပိုင်းချင်နေတာပဲ။ ဒါကြောင့်မို့ သူ ဖြေလိုက်တယ်။

"မင်းက ရှီးဝမ်မုမယ်မယ်ဆို ငါက ယွီဟွမ်တိပဲ"

"မင်းက ယွီဟွမ်တိဆို ငါက ယွီဟွမ်တိရဲ့ အမေပဲ"

ကတုံး : "..."

တကယ်ကို သောက်မြင်ကပ်ဖို့ ကောင်းတာပဲ။

ကတုံးက ယဲ့ကျန်းကျန်းမျက်နှာကို ဓားနဲ့ထောက်ပြီး အော်လိုက်တယ်။

"ယုန်ဖြူလိုမျက်နှာနဲ့ကောင်! မင်းကိုယ်မင်း မိန်းမများ မှတ်နေလား"

အဲ့ကျမှ သူမ ယောကျာ်းလေးအဝတ်အစားတွေ ဝတ်ထားမှန်း ယဲ့ကျန်းကျန်း သတိထားမိတော့တယ်။ အစောနက သူမ ပြောလိုက်တာကြောင့် ဘယ်သူဆိုတာ ပေါ်သွားတော့မလို့။ ကံကောင်းတယ် သူမ သေချာရုပ်ဖျက်လာခဲ့ပြီး မျက်ခုံးမွှေးကိုလည်း ထူထူဆွဲလာလို့ တဖက်သူက သူမ မိန်းကလေးမှန်း သတိမထားမိသေးဘူး။

ယဲ့ကျန်းကျန်းက ပြန်ခနဲ့လိုက်တယ်။

"မင်း မသိလို့ ဒါ ငါတို့ပြည်မကြီးကသူတွေ တဖက်သူကို ထိုးနှက်ပြောဆိုတဲ့နည်းပဲ၊ ရည်ရွယ်ချက်ကတော့ တခြားသူကို အရှက်ခွဲဖို့ပဲ"

ကတုံးတစ်ယောက် ဘယ်လိုတွေးတွေး ဒီနည်းလမ်းက ကိုယ့်ကိုကိုယ် ဆူပူနေသလိုပဲ ခံစားရတယ်။ ပြည်မကြီးကသူတွေရဲ့ထုံးစံက ဘယ်လိုမှန်း သူလည်း သေချာမသိတာကြောင့် ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ သူ့ရှေ့ကလူနဲ့ ဆက်ပြီး ပြိုင်ငြင်းမနေချင်တော့ဘူး။ မဟုတ်သေးပါဘူး သူ ဒီလူကို စစ်ဆေးနေတာလေ၊ ဘယ်နှယ့်လုပ် ရှီးဝမ်မုမယ်မယ်နဲ့ ယွီဟွမ်တိဆီ ရောက်သွားတာလဲ? ကတုံး သူ့ဓားကို သူမလည်ပင်းပေါ် တင်လိုက်ပြီး

"ရူးချင်‌ယောင်ဆောင်မနေနဲ့တော့၊ ပြော မင်း ဘယ်သူလဲ!"

ဒီလူက စိတ်မရှည်တတ်တဲ့သူမှန်း ယဲ့ကျန်းကျန်း သတိထားမိလိုက်တယ်။ သူမသာ ဆက်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေရင်း သူ တကယ် ဓားကို သုံးလာနိုင်တယ်။ အဲ့ဒါနဲ့ သူမလည်း ဘာမှဆက်မပြောဘဲ ငြိမ်နေလိုက်တယ်။

ရုတ်တရက် ကတုံးက ဓားမြောင်ကို ကိုင်ပြီး ယဲ့ကျန်းကျန်းရဲ့ ဗိုက်ကို ထိုးလိုက်တယ်။

ယဲ့ကျန်းကျန်းရဲ့ဗိုက်က နာသွားတာကြောင့် အသံထွက်ပြီး အော်မိသွားတယ်။ ကတုံးက ဓားကို ပြန်ရုတ်လိုက်တယ်။ တကယ်ကို ဓားမှာ ဘာသွေးမှ ရှိမနေဘူး။ ယဲ့ကျန်းကျန်းရှေ့မှာ ဓားကို ဝှေ့ယမ်းလိုက်ရင်း

"ငယ်ရွယ်ခန့်ညားပြီး ပိုးချည်အင်္ကျီကို ဝတ်ထားတယ်၊ မင်းက ပြည်မကြီးက ဧကရာဇ်ပဲ ဟုတ်တယ်မလား"

ကတုံးကတော့ သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားလို့ မဆုံး ဖြစ်နေတယ်။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက တိုက်ပွဲမှာ ရုတ်တရက် ဘယ်ကမှန်းမသိ ငယ်ရွယ်စစ်သူကြီးတစ်ယောက် ပေါ်လာပြီး လက်နှစ်ဖက်မှာ သေနတ်ကို ကိုင်ရင်း လူအုပ်ကြားထဲ အကြောက်အလန့်မရှိ ဝင်တိုက်ခိုက်နေတယ်။ သူ့သေနတ်ပစ်ချက်တွေက လက်မမှန်ပေမဲ့လည်း လူတော်တော်များများကိုတော့ ဒဏ်ရာရအောင် လုပ်လိုက်နိုင်တယ်။ ဒီလူကို တွေ့လိုက်ကတည်းက သာမန်လူတော့ မဖြစ်နိုင်လောက်ဘူးလို့ သူ ကောက်ချက်ချလိုက်တယ်။ နောက်ပြီး သူလျှိုတွေဆီက သတင်းပို့ချက်အရဆို ဧကရာဇ်ကိုယ်တိုင် လျောင်တုန်းကို ရောက်နေတယ်လို့ ကြားရတယ်။ သူ ‌တွေးကြည့်လေ ဧကရာဇ်က အဲ့လူပဲ ဖြစ်ရမယ်လို့ပဲ သေချာလာလေပဲ။ ဒါ့ကြောင့်မို့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ အဲ့လူနားကို လူကပ်ခိုင်းထားပြီး သူတို့ ရှုံးလို့ ထွက်ပြေးတဲ့အခါ ယဲ့ကျန်းကျန်းကိုပါ ဖမ်းပြီး ထွက်ပြေးလာခဲ့တာဖြစ်တယ်။

ကြည့်ရတာ သူ ဆုံးဖြတ်ချက်မှန်သွားတဲ့ပုံပဲ၊ ဒီလူက စစ်သည် ၁ သောင်းထက်တောင် ပိုတန်ဖိုးရှိသေးတယ်။

ကတုံးပြောတာကြားတဲ့အခါ သူမ နည်းနည်း အံ့ဩသွားတယ်။ ကျီဝူကျိုး ပိုးချည်အင်္ကျီကိုဝတ်ပြီး လျောင်တုန်းမှာ ရောက်နေတယ်ဆိုတာ လျှို့ဝှက်ချက်ပဲ၊ ဘယ်သူကများ သတင်းပေးလိုက်တာလဲ။ မဟုတ်မှလွဲရော လွှတ်တော်ထဲ သူလျှိုရှိနေတာလား?

ယဲ့ကျန်းကျန်း မျက်နှာမကောင်းတာကို တွေ့တဲ့အခါ ကတုံးကတော့ သူ့အတွေးက ဟုတ်နေပြီဆိုပြီး ထင်သွားတော့တယ်။ အဲ့ဒါနဲ့ သူမကို ဆက်မေးမနေတော့ဘဲ ခါးကြားထဲ ဓားမြောင်ပြန်ထိုးထည့်လိုက်ပြီး

"ဧကရာဇ် ခင်ဗျား ကျုပ်တို့‌ ပြောစကား နားထောင်ရင် ကောင်းမယ်၊ ခင်ဗျားလူတွေသာ နာနာခံခံရှိမယ်ဆို ခင်ဗျားကို ကျုပ်တို့ လွှတ်ပေးမှာပါ"

ယဲ့ကျန်းကျန်း စိတ်ထဲမှာတော့ သူ ပြောတဲ့ နာနာခံခံဆိုတာ ပိုက်ဆံညှစ်တဲ့ကိစ္စပဲ ဖြစ်လိမ့်မယ်။ ကံကောင်းတာက သူမက ကျီဝူကျိုး မဟုတ်တာကြောင့် သူ လိုချင်သလို ဖြစ်လာမှာ မဟုတ်ဘူး။ သေချာတွေးပြီးတဲ့နောက် သူမ ရေလိုက်ငါးလိုက် နေဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အားလုံး အဆင်သင့်ဖြစ်တဲ့အခါကျ သူမက ဧကရာဇ် မဟုတ်မှန်း သိသွားရင် သူ မျက်နှာကြီး ဘယ်လိုဖြစ်နေမလဲဆိုတာ စိတ်ဝင်စားစရာပဲ။

ဒါကြောင့်မို့ သူ့စကားအတိုင်းပဲ

"မင်းက ငါ ဘယ်သူလဲသိနေပြီဆိုမှတော့ ငါ့ကို ဒီလိုပုံစံနဲ့ ဆက်ဆံတာက နည်းလမ်းမမှန်ဘူးလို့ ထင်တယ်။ အရင်ဆုံး ငါ့ကို အောက်ကို ချပေးလေ"

"မင်း ဒီလောက်မြန်မြန်နဲ့ကို အာဏာထုတ်ပြနေတာ တကယ်ကို မင်းက ပြည်မကြီးကပဲ"

ကတုံးတစ်ယောက် သဘောတော့မကျပေမဲ့လည်း လူတချို့ခေါ်လိုက်ပြီး သူမကို သစ်သားတိုင်ပေါ်ကနေ အောက်ချပေးလိုက်တယ်။ ထို့နောက် ကုလားထိုင်တစ်လုံးမှာ သူမ ထွက်ပြေးလို့ မရအောင်လို့ ခြေထောက်တွေကို ကြိုးနဲ့ချည်ထားတယ်။

ဝင်လာတဲ့သူတွေကလည်း ကတုံးပြောင်အောင် တုံးထားကြပြီး ခေါင်းဆောင်ကတုံးလိုပဲ ခေါင်းနောက်ဖက်မှာ ကျစ်ဆံမြီးကျစ်ထားကြတယ်။

ယဲ့ကျန်းကျန်း လွတ်တာနဲ့ စားဖို့သောက်ဖို့ လာချခိုင်းတော့တာပဲ။ ကတုံးကတော့ သူမကို ကြည့်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူမက ဖမ်းခံထားရတဲ့သုံ့ပန်းနဲ့ နည်းနည်းလေးမှ တူမနေဘူး။

"မင်းက တကယ် ကိုယ့်အိမ်ကိုယ့်ရာလိုကို နေနေတာပဲ"
သိုး‌သားကင်ကို အားရပါးရစားနေတဲ့ ယဲ့ကျန်းကျန်းကို ကြည့်ရင်း ကတုံးတစ်ယောက် သက်ပြင်းချလိုက်တယ်။

"ဒါကို အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတယ်လို့ ခေါ်တယ်။ ငါ ဘယ်သူလဲဆိုတာ မင်း သိတယ်ဆိုတော့ မင်း ဘယ်သူလဲဆိုတာကော ငါ့ကို ပြောပြမလား"


"ခန့်မှန်းကြည့်လေ မင်းရဲ့ စူးစမ်းနိုင်စွမ်းကို ကြည့်ကြတာပေါ့"

"
"သောသော်ဝူးလားတု၊ အားအာဟတုရဲ့ သားအကြီးဆုံး၊ အချစ်ခံရဆုံးတစ်ယောက်ပဲ "

ယဲ့ကျန်းကျန်းက ဖြေလာတယ်။

သူမပြောလိုက်တဲ့စကားတိုင်းက သူ့ကို အံ့အားသင့်သွားစေတယ်။ ဒီလူက အစောနကလေးတင်မှ နိုးလာတာကို ဘယ်လိုလုပ် သူဘယ်သူဆိုတာ မြန်မြန် ခန့်မှန်းနိုင်ရတာလဲ။ ဒီဧကရာဇ်ကို ပေါ့သေးသေး လျှော့တွက်လို့ မရဘူးပဲ။

"သောသော်? နာမည်က တကယ် ခွန်အားအပြည့်နဲ့ပဲ"

သူ့ရဲ့ခေါင်းပြောင်ကို ကြည့်ရင်း ယဲ့ကျန်းကျန်းက ပြောလိုက်တယ်။

ကတုံး အံ့ဩသွားပြီး

"မင်း ဘယ်လိုလုပ်သိတာလဲ"

ဒါပေါ့ သူမ နွီကျန်းဘာသာစကားတတ်တယ်ဆိုတာ ဘယ်ပြောပြမတုန်း။ အစောနတုန်းက သူ့ကို တခြားသူတွေက အကြီးဆုံးမင်းသားလို့ ခေါ်လိုက်တာ သူမ ကြားလိုက်တယ်။

"ကြည့်ရတာ ငါ့အဖြေက မှန်သွားတဲ့ပုံပဲ။ သွား ငါ့ကို ဆော့စ်ရည်ယူပေးဦး"

သောသော်လည်း သူမစကားကို နာနာခံခံနဲ့ပဲ ဆော့စ်ရည်ယူလာပေးတယ်။ သူမကို လှမ်းပေးတဲ့အချိန်ရောက်မှ ပြန်သတိဝင်လာပြီး သူ့မျက်နှာက မည်းမှောင်သွားတယ်။

"ငါက ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ!"

"ငါက ဘယ်လိုလုပ်သိမှာလဲ"

"ဒါပေမဲ့" ယဲ့ကျန်းကျန်းက သူ့ကို နားချလာတယ်။ "မင်း ငါ့ကို ဝဝဖြိုးဖြိုး ကျွေးမွေးထားရင်တော့ မင်း ပိုက်ဆံပိုရလိမ့်မယ်"

သောသော် သူမပြောတာ ယုတ္တိရှိတယ်လို့ လက်ခံလိုက်တာကြောင့် သူလည်း ဆက်ငြင်းမနေတော့ဘူး။ ဘေးမှာပဲ ထိုင်ပြီး သူမစားတာကို ကြည့်နေလိုက်တယ်။ ဒီဧကရာဇ်ဆိုတဲ့သူက စားတာတောင် တကယ် သိမ်သိမ်မွေ့မွေ့လေးပဲ၊ သူတို့မျိုးနွယ်စုထဲက မိန်းမတွေထက်တောင် ပိုသေးတယ်။

ခဏနားပြီးတဲ့နောက် ခရီးဆက်ကြဖို့ သောသော် အမိန့်ပေးလိုက်တယ်။ ယဲ့ကျန်းကျန်းကိုတော့ ခေါင်းနဲ့ လက်တွေ ထုတ်ထားလို့ ရတဲ့ လှောင်အိမ်တစ်ခုထဲ ထည့်ထားပြီး မြင်း ၂ကောင်က လှည်းကို ဆွဲလာတယ်။ သက်တောင့်သက်သာတော့ ရှိသား။ သူမ လမ်းကြောင်းတစ်လျှောက်နဲ့ သူတို့ ဘယ်ကို ဦးတည်နေတာလဲဆိုတာ စပ်စုနေတယ်။ နွီကျန်းစစ်သားတွေပြောစကားအရတော့ သူတို့ဆက်သွားမယ့်နေရာက ဝူးလန်ပုကိုပဲ။

ကြည့်ရတာ သောသော်က ပေါရိထိုက်ချီနရဲ့ တပ်နဲ့ ပေါင်းဖို့ ကြံထားတဲ့ပုံပဲ။ သုံ့ပန်းကို ကျီကျိုးကို ခေါ်သွားတာက ပိုပြီး အကျိုးအမြတ်ရနိုင်တယ်၊ အကြံကောင်းပဲ။

ရက်အနည်းငယ်အတွင်းမှာပဲ ယဲ့ကျန်းကျန်းတစ်ယောက် မျက်နှာပြောင်ပြောင်နဲ့ပဲ ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး အများကြီး ခိုင်းနေတော့တယ် ဥပမာ - သောသော်ကို သူမခြေထောက်က ချိန်းကြိုးကို ဖြည်ခိုင်းတာမျိုး၊ ဟန်စကားပြောတဲ့ စစ်သားကို ရှာခိုင်းတာမျိုး၊ သူမ နောက်ဖေးအပေါ့အပါး သွားချင်တယ် စစ်သားတွေက ချောင်းမကြည့်ရဘူး စသည်ဖြင့် မဆုံးနိုင်အောင် ခိုင်းနေတော့တယ်။

နောက်ဆုံးတစ်ခုကို ကြားတဲ့အခါ သောသော်စိတ်ထဲ ဒီဧကရာဇ်ဆိုတဲ့ကောင်က တော်တော်ထူးဆန်းတာပဲလို့ တွေးလိုက်တယ်။ နောက်ဖေးသွားနေတဲ့ယောကျာ်းလေးကို ဘာကိစ္စချောင်းကြည့်ရမှာလဲ ပေါက်ပေါက်ရှာရှာ ...

ပိုပြီး ထူးဆန်းတာက သူမ တောင်းဆိုသမျှကို သောသော်က သဘောတူနေမိတာပဲ။

သူမကို သံသယဝင်မှာစိုးတာကြောင့် ယဲ့ကျန်းကျန်း နောက်ဖေးသွားဖို့ တမင်ကို ခဏခဏ ပိုတောင်းဆိုလိုက်တယ်။ အဲ့ကြားမှာ လူတွေမြင်နိုင်လောက်မယ့် ခပ်လှမ်းလှမ်းနေရာမှာ ယောကျာ်းလေးတွေ အပေါ့အပါးသွားသလိုမျိုး လက်ကို ပေါင်ကြားထဲ ထားပြီး ဟန်ဆောင်နေလိုက်တယ်။

မြစ်ကမ်းနံဘေး မျက်နှာမူရင်း ယဲ့ကျန်းကျန်း ဒီပုံစံကြီးနဲ့ပဲ မျက်စိမှိတ်ထားရင်း အတွေးဇာတ်ရှည်နေတော့တယ်။ လေလေးကလည်း မြစ်ကိုဖြတ်ပြီး တဖြူးဖြူး တိုက်ခတ်နေတယ်။

သူမကို ဘယ်ကိုခေါ်သွားကြလဲဆိုတာ ကျီဝူကျိုး ခန့်မှန်းနိုင်မှာပါ။ ရှင် ရှာတွေ့သည်ဖြစ်စေ ရှာမတွေ့သည်ဖြစ်စေ ကျွန်မအတွက်ကြောင့်နဲ့ ရောက်မလာဖို့ မျှော်လင့်မိတယ်။ ရှင်က ကျွန်မအမျိုးသားဆိုပေမဲ့ တချီအင်ပါယာရဲ့ ဧကရာဇ်မင်းပဲ။

သူမ တွေးရင်း တွေးရင်း ကျီဝူကျိုးပုံရိပ်က သူမစိတ်ထဲ ပိုမြင်ယောင်လာမိတယ်။ သူ့အပြုံး၊ သူ့ဒေါသ၊ စိတ်ပျက်အားလျော့သွားတဲ့ သူ့မျက်နှာ၊ သူ့ဉာဏ်နီဉာဏ်နက်များပုံတွေ ... အရာအားလုံးပဲ။

သူ့အကြောင်းကို တွေးလိုက်တိုင်း သူမရင်ထဲ ပူလောင်လာတယ်။ ဒီခံစားချက်က သိပ်ဆန်းကြယ်တယ်၊ သူမ အရင်က တခါမှ မခံစားဖူးဘူး။ မသိရင် ကျီဝူကျိုးနဲ့ သူမကြား ကြိုးတစ်ချောင်းရှိနေပြီး ထိတွေ့လို့ ရနေသလိုမျိုးပဲ။ အဲ့ ကြိုးကို သူ့ကို သူမ လွမ်းတဲ့စိတ်က ပိုတိုးလာနေတယ်။

ကျီဝူကျိုး ကျွန်မ ရှင့်ကို သတိရတယ်။ ဒီတစ်ခါတော့ တကယ်ကြီး သတိရနေပြီ။

ရွှေနန်းထက်က ဧကရီ (Complete ✅)Hikayelerin yaşadığı yer. Şimdi keşfedin