Chapter 73

2.1K 152 1
                                    

Empress with no Virtue
Chapter 73
Translator – Utopia

တကယ်လို့ တစ်ယောက်ယောက်ကို အခုချိန် မြို့တော်ထဲ နာမည်အကြီးဆုံးအကြောင်းအရာကို ပြောပါဆိုရင် အဲ့တာက တချီက ဘယ်လိုရန်သူတွေကို အောင်နိုင်ခဲ့လဲလည်း မဟုတ်ဘူး၊ အခုအချိန် ဘယ်လို သာယာဝပြောနေလဲဆိုတာလည်း မဟုတ်ဘူး၊ အဲ့အစား ဧကရီမိဖုရားခေါင်ရဲ့ နတ်ဘုရားဝင်စားခြင်းအကြောင်းပဲ ဖြစ်လိမ့်မယ်။

တင်းချွမ်လက်ဖက်ရည်ဆိုင်က မြို့တော်ရဲ့ နာမည်အကြီးဆုံး လက်ဖက်ရည်ဆိုင်တွေထဲက တစ်ခုပဲ ဖြစ်တယ်။ အခုတလောမှာ ဒီဆိုင်ကို လာကြတဲ့သူတွေက လက်ဖက်ရည်သောက်ဖို့ မဟုတ်ဘဲ မြို့တော်ရဲ့ နံပတ်ဝမ်း ပုံပြင်ပြောသမား လျိုကျွင်းရှန်ကြောင့် ဖြစ်တယ်။

တစ်ခါတလေ နောက်ခံအကြောင်းအရာတွေ ဇာတ်လမ်းဇာတ်ကောင်တွေသာ ပြောင်းလဲသွားတာ ရှိမယ် ပုံပြင်ဖတ်တဲ့အလုပ်ကတော့ အမြဲ အတူတူပဲ ဖြစ်တယ်။ ဆိုတော့ကာ ဇာတ်လမ်းကောင်းတစ်ပုဒ်ရှိပြီဆိုတာနဲ့ ပုံပြင်နားထောင်သူတွေလည်း ရောက်လာတတ်စမြဲဖြစ်ပြီး ကိုယ့်ဘက်က လုပ်စရာဆိုလို့ ပိုက်ဆံကို ထိုင်ရေတွက်နေရုံပဲ။

တစ်နေ့မှာတော့ ဒီလျိုကျွင်းရှန်က ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လာတယ်။ အဲ့ဇာတ်လမ်းမှာ ဧကရီမိဖုရားခေါင်က ဘယ်လိုမျိုး နတ်ဘုရားဝင်စားသူဖြစ်ပြီး အရှင်မင်းကြီးကိုလည်း တိုက်ပွဲမှာ ဘယ်လိုကူညီတိုက်ခိုက်ပေးခဲ့လဲဆိုတာကို ဖွဲ့နွဲ့လို့ထားတယ်။ သူ ပုံပြင်ပြောပြပုံက အားမာန်အပြည့်နဲ့ ဧကရီမိဖုရားခေါင်အကြောင်းအပြင် တိုက်ပွဲတွေပါ ပါဝင်ပြီး နားဆင်သူတွေကိုပါ အားမာန်တက်ကြွစေတယ်။ ဇာတ်လမ်းကို စုစုပေါင်း ၅ပိုင်းခွဲထားပြီး တစ်နေ့ကို ၁ ပိုင်း ပြောပြတယ်။ သူ တစ်ပိုင်း ပြောပြပြီးသွားတာနဲ့ နောက်နေ့ကျ နားဆင်သူတွေက ပိုပို တိုးလာလို့နေတယ်။ လက်ဖက်ရည်ဆိုင်တစ်ခုလုံးလည်း လူအပြည့်ဖြစ်နေပြီး သိုင်းတတ်တဲ့သူအချို့ကတော့ နံရံတွေ သစ်ပင်တွေ ထုတ်တန်းတွေပေါ်မှာ တက်နေပြီး နားထောင်ကြတယ်။ ဟိုးအဝေးက လှမ်းကြည့်ရင် လက်ဖက်ရည်ဆိုင်က လူတွေ တိုးလိုးတွဲလောင်းနဲ့ အတော် ရယ်စရာကောင်းနေတော့တယ်။

၅ပိုင်းလုံး ပြီးသွားတဲ့အခါ လျိုကျွင်းရှန် အစကနေပြန်ပြီး ဇာတ်လမ်းကို အစက ပြန်စရတယ်။ ဒါပေမဲ့လည်း နားထောင်သူတွေကတော့ လျော့မသွားဘူး။ ဖြစ်နိုင်တာက မြို့တော်ကသူတော်တော်များများက ၅ပိုင်းလုံး အစုံအစေ့ နားမထောင်ထားရတာကြောင့် ဖြစ်မယ်။ ဒါ့အပြင် ဇာတ်လမ်းက သိပ်စိတ်ဝင်စားဖို့ ကောင်းတာကြောင့် ဘယ်နှစ်ခါနားထောင်ပါစေ ပုံပြောသူက ကောင်းသ၍ နားထောင်သူတွေကတော့ တစ်နေ့တခြား ပိုတိုးလို့သာနေတယ်။

လက်ဖက်ရည်ဆိုင်လည်း အတော်လေးကို ရောင်းကောင်းနေပြီး လျိုကျွင်းရှန်လည်း တော်တော်လေး စုမိဆောင်းမိ ဖြစ်သွားပြီ။

မြို့တော်မှာရှိတဲ့ တခြား ပုံပြင်ပြောသမားတွေလည်း လျိုကျွင်းရှန်ရဲ့ ဇာတ်လမ်းကို နားထောင်ပြီးနောက် အနည်းငယ်ပြင်ကာ သူတို့ကိုယ်ပိုင်ဇာတ်လမ်း ပြန်ထွင်ပြီး ပြောကြဟောကြပြန်တယ်။ သူတို့ရဲ့ပုံပြောစွမ်းရည်က လျိုကျွင်းရှန်လောက်တော့ မကောင်းလို့ လူအများကြီး မရပေမဲ့ တင်းချွမ်လက်ဖက်ရည်ဆိုင်က အမြဲလူပြည့်နေတာကြောင့် သူတို့ဘက်ကိုလည်း ပုံပြင်နားထောင်သူတွေက အထိုက်အလျောက် ရောက်လာကြတယ်။ သူတို့ရဲ့ဇာတ်လမ်းတွေက ဧကရီမိဖုရားခေါင်ကို အမျိုးမျိုး ပုံဖော်ကြတယ်၊ မျှော်လင့်ရာမဲ့ အချစ်ဇာတ်လမ်းကနေစလို့ ဩဇာတိက္ကမနဲ့ ပြည့်စုံတဲ့သူ စသည်ဖြင့် ဖြစ်တယ်။

ဒါကြောင့်မို့ လက်ရှိမြို့တော်မှာ နာမည်အကြီးဆုံးသူက ဧကရီမိဖုရားခေါင်အပြင် တခြားသူ မရှိချေ။ အသက်ကြီးကြီးငယ်ငယ် ဆင်းရဲချမ်းသာမရွေး အားလုံးက ဧကရီမိဖုရားခေါင်ရဲ့အကြောင်းကိုသာ ပြောနေကြတယ်။ အရှင်မင်းကြီးနဲ့ ဧကရီမိဖုရားခေါင်တို့ရဲ့ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းမှ စလို့  မိစ္ဆာတွေကို ဘယ်လိုတိုက်ခိုက်ကြလဲအထိ အစုံအစုံပဲ ဖြစ်တယ်။

အချိန်တိုအတွင်းမှာပဲ ပြဇာတ်ရုံတွေကလည်း ဒီဇာတ်လမ်းကို ဆင်တင်ကပြကြတော့တယ်။ မြို့တော်မှာ နာမည်ကြီး ဇာတ်ရုံ ၄ခုရှိပြီး အဲ့အထဲမှာမှ ရွှမ်းရှီပြဇာတ်ရုံက အကောင်းဆုံးလို့ ဆိုနိုင်တယ်။ ဒီပြဇာတ်ရုံရဲ့ အကောင်းဆုံး အဆိုရှင်ကတော့ ဖက်တီး ချန်ရှောင်းယွမ်ပဲ ဖြစ်တယ်။ သူက မြို့တော်ရဲ့  နံပါတ် ၁ အဆိုတော်ဖြစ်ပြီး ဧကရီအကြောင်းဖွဲ့ဆိုတဲ့သီချင်းကို ဆိုတဲ့အခါ ရုံမှာ လူပြည့်လူလျှံပဲ ဖြစ်တယ်။ လျိုကျွင်းရှန်တောင်မှ သူ့ပွဲကို လာနား‌ထောင်ရတယ်။ ချန်ရှောင်းယွမ်သီချင်းဆိုတဲ့ပွဲတိုင်းမှာ လက်ခုပ်သံတွေက အတောမသတ်နိုင်အောင်ရှိတယ်။ ဒါပေမဲ့လည်း စင်ပေါ်က ဝတုတ်တုတ် "မယ်မယ်" ကို ကြည့်လိုက်တိုင်း ဒါက တကယ်ပဲ ဧကရီမိဖုရားခေါင်ကို လှပစွာပုံဖော်ထားတာလား စဥ်းတော့ စဥ်းစားစရာပဲ။

လျိုကျွင်းရှန် နည်းနည်း‌တော့ စိုးရိမ်မိသား။ ဘာလို့ဆို ဒီတာဝန်က အရှင်မင်းကြီးကိုယ်တိုင် ပေးထားတဲ့တာဝန်ဖြစ်တာကြောင့် သူ ‌‌ကောင်းကောင်းလုပ်နိုင်ခဲ့လားဆိုတာ ပြောဖို့မလွယ်ကူဘူး။ ဒါကြောင့်မို့ ကျီဝူကျိုး ထားပေးခဲ့တဲ့နည်းအတိုင်း လျိုကျွင်းရှန် အရှင်မင်းကြီးကို ဆက်သွယ်လာခဲ့တယ်။ သူ့ဆီက အစီရင်ခံစာကို ဖတ်ကြည့်ပြီးတဲ့နောက် ကျီဝူကျိုး အတော်ကို ပျော်‌ရွှင်သွားပြီး သူ့ကိုလည်း ဆုလာဘ်တွေ အများကြီး ချီးမြှင့်လိုက်တယ်။ ထို့နောက် ပြဿနာတွေဖြစ်စေခဲ့ပေမဲ့ သေဒဏ်ပေးရလောက်အောင်ထိ မဟုတ်တဲ့ နွီကျန်းကျွန်တစ်‌ယောက်ကို အရပ်ထဲမှာ သတင်းစကားတွေ လွှင့်ပြီး ဇာတ်လမ်းကို ထောက်ခံစေတယ်။

ရက်အနည်းငယ်ကြာတဲ့အခါ ကျီဝူကျိုးကိုယ်တိုင် "ရှုကျင်းစစ်ကျိုး" စကားလုံးကို ရေးသားပြီး တင်းချွမ်လက်ဖက်ရည်ဆိုင်ကို ပို့လိုက်တယ်။ ဧကရာဇ်စာလွှာ‌ရောက်ရောက်ချင်းပဲ ဆိုင်ရှင်က လျိုကျွင်းရှန်အတွက် နေရာတစ်နေရာ သီးသန့်ဖယ်ပေးပြီး သူ့စာလွှာကို ချိတ်ထားလို့ရမယ့်နေရာတစ်ခုပါ ပြင်ဆင်ပေးလိုက်တယ်။ ဧကရာဇ်စာလွှာ‌ကို ချိတ်ခွင့်ရချိန်မှာပဲ အားလုံး အားကျမနာလိုဖြစ်သွားကြတယ်။ ကျီဝူကျိုးက လက်ရေးလှပေမဲ့ ကြွားဝါရတာ မကြိုက်တာကြောင့် စာလွှာအမြောက်အများ မရေးချေ။ ထို့ကြောင့် အရှင်မင်းကြီးရဲ့ လက်ရေးမူကို တွေ့ရဖို့က ခက်ခဲပြီး တချို့ အဆင့်မြင့်အမတ်ကြီးတွေတောင်မှ မမြင်ဖူးကြဘူး။ အခုလို သာမန်အရပ်သား ပုံပြောသမားတစ်ယောက်ကို လက်ရေးမူချီးမြင့်တယ်ဆိုတော့ကာ ဒါက တကယ်ကို အလွန်အကြူး မြှောက်စားခြင်းပဲ။

အဲ့ဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ လျိုကျွင်းရှန်က တတိုင်းပြည်လုံးမှာ နံပါတ်တစ် ပုံပြင်ပြောသမား ဖြစ်လာတော့တယ်။

ဧကရီမိဖုရားခေါင်ရဲ့နာမည်က ကြီးမြင့်လာတာနဲ့အတူ ဧကရာဇ်လည်း ပထမဆုံးအကြိမ် မကောင်းသတင်းနဲ့ ကြုံရတော့တယ်။

အဖြစ်အပျက်က ဒီလိုဖြစ်တယ်။ သူ ချွေ့ဖန်းလော်ကို အခေါက်အများကြီး ရောက်ဖူးတာကြောင့် တစ်ယောက်ယောက်ကတော့ သူ့ကိုတွေ့သွားမှာပဲ။ လူတိုင်းရဲ့ပါးစပ်ကို ပိတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တာကြောင့် နောက်ဆုံးတစ်ခေါက် ဟုန်ယွင်ကို နှုတ်ဆက်ပြီးကတည်းက ထပ်မသွား‌တော့တာဖြစ်တယ်။ ဒါပေမဲ့လည်း သူ ‌ဆောင်ကြာမြိုင်ကို သွားတဲ့သတင်းက တနည်းနည်းနဲ့ အပြင်ကို ပျံ့သွားတော့တယ်။

ယောက်ျားလေးတွေ ဆောင်ကြာမြိုင်သွားရင် အလွန်ဆုံးဆူခံရ မိဘနဲ့ မိန်းမဆီကသာ ဖြစ်တယ်။ အခုကျ ဧကရာဇ်က ‌ဆောင်ကြာမြိုင်သွားတယ်ဆို‌တော့ကာ စကားထဲတောင် ထည့်ပြောဖို့ ရှက်ဖွယ်လိလိဖြစ်တယ်။ ဧကရီမိဖုရားခေါင်လို မိန်းကလေးမျိုးနဲ့ တစ်အိပ်ရာထဲ အိပ်ခွင့်ရနေသေးတာနဲ့တင် အတော်ကို သက်ညှာပေးရာ ရောက်နေပြီ။ အခုကျ ဆောင်ကြာမြိုင်ကိုတောင် သွားတယ်တဲ့လား?

ဒီလိုနဲ့ အမတ်တွေကလည်း ကျီဝူကျိုးကို ဆူပူပြစ်တင်ကြပြန်တယ်။

အခုကိစ္စက သာမန်ထက်ကို ပိုထူးခြားတယ်။ ဧကရီမိဖုရားခေါင်က လူထုကြားမှာ လေးစားခံရတဲ့သူ ဖြစ်တယ်။ သူမလို ဇနီး‌ကောင်းကို ရထားတာတောင်မှ လျစ်လျူရှုပြီး ‌ဆောင်ကြာမြိုင်ကို သွားရဲတယ်လား?

အမှန်တော့ ဧကရာဇ်ရဲ့ စိတ်ဆန္ဒကို မေးခွန်းထုတ်ပိုင်ခွင့်မရှိပေမဲ့ သာမန် ဧကရီမိဖုရားခေါင်သာဆိုရင်‌တော့ ပြည်သူတွေက ဘာမှသိပ်ပြောကြမှာ မဟုတ်ချေ။ ဒါပေမဲ့ အခုက နတ်ဘုရားဝင်စားတဲ့ ဧကရီမိဖုရားခေါင်ကို ဧကရာဇ်က ထိမ်းမြားခွင့်ရတာနဲ့တင် အတော်ကို မျက်နှာသာပေးရာကျနေပြီ။

ဒီမှတ်ချက်တွေကို ကြားရတဲ့အခါ ကျီဝူကျိုး ပြောစရာစကားတောင် ပျောက်ရှသွားရတယ်။ ကျန်းကျန်း အတွေးလွန်မှာစိုးတာကြောင့် သူမဆီကို သွားပြီး အစအဆုံး အကုန်ရှင်းပြလိုက်တယ်။ သူ့စကားကို ကြားတဲ့အခါ သူမ စိတ်ထဲ ထိရှသွားပြီး အဲ့ညမှာ ကျီဝူကျိုးကို ကောင်းကောင်း နှစ်သိမ့်ပေးရှာတယ်။

သူ့ဇနီးကိုတော့ ရှင်းပြလို့ရသွားပြီဆိုပေမဲ့ လူတွေပြောကြဆိုကြတာကို‌တော့ သူ လျစ်လျူရှုမထားနိုင်ချေ။ ပြည်သူတွေက အတင်းအဖျင်းတွေကို ပိုဆိုးသထက် ဆိုးအောင် ပြောဆိုနေကြပြီး သူတို့စကားတွေက တစထက်တစ ပိုဆိုးရွားလာနေတယ်။

ဒါပေမဲ့ ဘယ်လိုရှင်းပြရမလဲ? ဖြစ်ကြောင်းကုန်စင်ကို အမိန့်ပြန်တမ်းထုတ်ပြီး သူ့ ဇနီးကို ချစ်သေးပါကြောင်း ပြောရမှာလား?? လူတိုင်းကို ဒီလိုရှင်းပြဖို့ဆိုတာကလည်း မလွယ်ကူချေ။

အစကတော့ ရက်အနည်းငယ်ကြာသွားရင် သတင်းတွေက ငြိမ်သွားမှာပဲလို့ ကျီဝူကျိုး ထင်ခဲ့တာ၊ ဒါပေမဲ့ ဧကရီမိဖုရားခေါင်အကြောင်း ပြောတိုင်းမှာ သူ့အကြောင်းကလည်း တွဲပါလာနေတယ်။ ဧကရီမိဖုရား‌ခေါင်ကို ချီးကျူးပြောဆိုကြတိုင်းမှာ ဘာလို့ အရှင်မင်းကြီးက ဆောင်ကြာမြိုင်ကို သွားရတာလဲဆိုပြီး သက်ပြင်းချကြတယ်။ နောက်ဆုံးမှာတော့ သူ့လုပ်ရပ်က မမှန်ကန်ခဲ့ကြောင်းနဲ့ ‌သူ့ကိုယ်သူ ပြုပြင်ပါ့မယ်လို့ ကျီဝူကျိုး အမိန့်စာ ထုတ်လိုက်တော့မှပဲ သတင်းတွေက ငြိမ်ကျသွားတော့တယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်က မကောင်းတဲ့အကြံအစည်နဲ့ ချွေ့ဖန်းလော်က ဟုန်ယွင်ရဲ့အကြောင်းကို ဖော်လိုက်ပြီး သူမက လက်သည်ဖြစ်ကြောင်း ပြောဆိုလာကြတယ်။ ဒီအကြောင်းကို ကျီဝူကျိုးကြားတဲ့အခါ အဲ့လူကို စိတ်ထဲက ဆူဆဲပစ်လိုက်တယ်။ သူမက ဘာအပြစ်မှ မလုပ်ခဲ့တာကို ဘာလို့ ဒီလိုအထင်ခံရမှာလဲ ....။

ဒါပေမဲ့ .... ကျီဝူကျိုး မျက်စိမှိတ်လိုက်တယ်။ ဟုန်ယွင်က အပြစ်ကင်းပေမဲ့ ချွေ့ဖန်းလော်က တစ်ယောက်ယောက်ကတော့ ဒီသတင်းကို ဖြန့်လိုက်တာပဲ။ ဒါက သိပ်တော့ အပြစ်ကင်းမနေဘူး၊ ဒီတစ်ခေါက် သူမကို ဖမ်းဖို့ အချိန်ကျပြီ။

နောက်နေ့ကျ လျိုယွဲ့ကို တိတ်တဆိတ် ဖမ်းဆီးဖို့ ကျီဝူကျိုး အမိန့်ပေးလိုက်တယ်။

လျိုယွဲ့က အပြစ်ကြီးလုပ်ခဲ့တာမို့ သူမကို အချုပ်ခန်းတစ်ခုထဲမှာ သီးသန့်ထားထားတယ်။ မိန်းကလေးဖြစ်နေတာကို ထောက်ထားပြီး သံခြေချင်းတော့ မခတ်ထားဘူး။ လျိုယွဲ့  မေ့လဲသွားပြီးနောက် အဖမ်းခံလိုက်ရတာဖြစ်တယ်။ သူမ နိုးလာတဲ့အချိန်မှာ သူမဟာ အပြစ်ကင်းပါကြောင်း၊ မကြာခဏလည်း သူမနဲ့ တွေ့ဆုံပျော်ပါးနိုင်ပါးကြောင်း ပြောဆိုလာတယ်။ သူမအသံက သိပ်ကို ကလူမြှူဆွယ်နေတာကြောင့် အပြင်က အစောင့်ရဲမက်တွေတောင် သွေးတွေ ပူပွက်လာတယ်။

သူမကို စောင့်ကြပ်ရတဲ့ရဲမက်တွေကို သူမကို နှိပ်မစက်နဲ့၊ သူမစကားကို လျစ်လျူရှုထားဆိုတဲ့ အမိန့်ကို လက်ခံရရှိထားပြီးသားဖြစ်တယ်။ သူမက အပြစ်ကင်းကြောင်း ပြောနေပေမဲ့လည်း ဘာပြဿနာမှ မရှာဘဲ စားချိန်တန်ရင်စားပြီး သူမကိုသူမ ကောင်းကောင်း ဂရုစိုက်ပြီး နေနေတယ်။

နောက်နှစ်ရက် ကြာတဲ့အခါမှပဲ ကျီဝူကျိုးက သူမကို လာတွေ့တယ်။

အချုပ်ခန်းမှာ ၂ရက်လောက် နေလိုက်ရပြီးနောက် လျိုယွဲ့က အတော်လေး အသားကျသွားပြီ ဖြစ်တယ်။ အချုပ်ခန်းက တိုင်ကို ကိုင်ရင်း သူမက အပြစ်ကင်းပါကြောင်း ကျန်းကျန်းမာမာနဲ့ အားကြိုးမာန်တက် ပြောဆိုနေတယ်။

ကျီဝူကျိုး အချုပ်ခန်းကို ရောက်လာတဲ့အခါ သူ့အတွက် ထိုင်ခုံတစ်လုံး စီစဥ်ပေးထားတယ်။ သူ ထိုင်နေပုံက ကျက်သရေရှိပြီး ပြည့်စုံခန့်ညားပြီး အချုပ်ခန်းထဲက လေထုနဲ့ လုံးဝကို ကွာခြားနေတယ်။

လျိုယွဲ့အရိုအသေပေးလိုက်ပြီး

"လူကြီးမင်းပဲကိုး"

သူမအသံထဲမှာ ဝမ်းနည်းမှုတို့က စွက်နေတယ်။

"ငါပဲ"

ကျီဝူကျိုးက ပြန်ဖြေလာတယ်။

"လူကြီးမင်း ... ကျွန်မကို ကယ်ပါ"

သူမ ရုတ်တရက် ဒူးထောက်ချလိုက်ပြီး မျက်ရည်စက်လက်နဲ့ သူ့ကို ကြည့်လာတယ်။

ကျီဝူကျိုးက မျက်ခုံးပင့်လိုက်ပြီး

"မင်းကို ကယ်ဖို့က မခက်ခဲပါဘူး။ ဒါပေမဲ့ အရင်ဆုံး မင်းဘက်က စိတ်ရင်းကိုတော့ ငါ မြင်ရဖို့လိုတယ်"

လျိုယွဲ့မျက်နှာက အနည်းငယ် နီရဲသွားပြီး

"လူကြီးမင်းသာ ကျွန်မကို ကယ်မယ်ဆို ကျွန်မ လူကြီးမင်းဆန္ဒရှိတဲ့အတိုင်း လုပ်ပါ့မယ်"

ကျီဝူကျိုး သူမလက်ကို အသာပြန် ပုတ်ထုတ်လိုက်ရင်း

"ကန်းချန်လုက မသေသေဘူး။ အခုနေ မင်း အော်လိုက်ရင် သူ လာကယ်ချင် ကယ်မှာပေါ့"

လျိုယွဲ့ ခေါင်းငုံ့လိုက်တယ်။

"လူကြီးမင်း ဘာတွေပြောနေလဲ ကျွန်မ နားမလည်ဘူး"

"မင်း နားလည်တာ မလည်တာက အရေးမကြီးဘူး။ ဒါပေမဲ့ အသက်ဆက်ရှင်ချင်သေးတယ်ဆို မင်း ငါ့ကို တစ်ခုတော့ ပြောရမယ်"

"လူကြီးမင်း ဘာကို သိချင်တာပါလဲ"

"ကျီလီယို့ ဘယ်မှာလဲ"


ရွှေနန်းထက်က ဧကရီ (Complete ✅)Donde viven las historias. Descúbrelo ahora