Chapter 66

2.1K 167 1
                                    

Empress with no Virtue
Chapter 66
Translator – Utopia

အောင်ပွဲရစစ်သည်တွေ ပြန်ရောက်လာပြီးကတည်းက ဒီရက်တွေမှာ နယ်စပ်ကလည်း တိတ်ဆိတ်အေးချမ်းနေပြီး ရန်သူတွေလည်း တိတ်ဆိတ်နေကြတယ်။ ဒါပေမဲ့ မြို့တော်ကသူတွေကတော့ တစ်နေ့ထက် တစ်နေ့ စစ်ပွဲတုန်းကအကြောင်းတွေကိုပဲ ပိုစိတ်ဝင်တစားပြောဆိုနေကြဆဲဖြစ်တယ်။ အရှင်မင်းကြီး ဘယ်လောက်ဉာဏ်ထက်ကြောင်း၊ စစ်သူကြီးယဲ့က ဘယ်လောက်တောင် သတိရှိကြောင်းနဲ့ အငယ်တန်းစစ်သူကြီး လု အကြောင်းတောင်မှ မချန် ပြောဆိုဆွေးနွေးနေကြတယ်။ ဒီသတင်းတွေထဲကမှ တစ်ခုသော သတင်းထဲမှာတော့ ဧကရီမိဖုရားခေါင်အကြောင်းက ပါဝင်နေတယ်။ ဒီကောလဟလသတင်းက အမြန်ပဲ လူထုကြား ပျံ့နှံ့သွားတယ်။ 

ကောလဟလသတင်းက သိပ်တော့ ကြားမကောင်းချေ။ သတင်းက ဒီလိုဖြစ်တယ်။ ဧကရီမိဖုရားခေါင် ရန်သူ့စစ်တပ်မှာ ဖမ်းဆီးတာခံခဲ့ရတယ်၊ သူမကို ကယ်နိုင်ခဲ့ပေမဲ့ သူမဖြူစင်မှုကတော့ ညစ်ညမ်းသွားပြီဖြစ်တယ်။ ကောလဟလဆိုတာကို သိပ်ကို ကြောက်စရာကောင်းတယ်၊ တဆင့်စကား တဆင့်ကြားနဲ့ စကားတွေက ချဲ့ကားသွားပြီး ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသယောင် ချဲ့ထွင်ပြောဆိုလာကြတော့တယ်။

သာမန်ပြည်သူတွေဆိုတာကလည်း ဘဝက ထွေထွေထူးထူး မရှိတာကြောင့် ဒီတစ်ခါ တော်ဝင်မိသားစုနဲ့ပတ်သက်ပြီး ကောလဟလထွက်လာတဲ့အခါ ဒါကိုပဲ တခုတ်တရ ပြောဆိုကြရင်း ကိုယ်ပိုင်ဇာတ်လမ်းတွေ ထွင်နေကြတော့တယ်။

ဒီလို ပြောကြတဲ့သူတွေကော နားထောင်တဲ့သူတွေကော ဘယ်သူမှ ကာယကံရှင်ရဲ့ ခံစားချက်၊ နောက်ဆက်တွဲဖြစ်လာမယ့်ကိစ္စ စတာတွေကို ထည့်မစဥ်းစားကြဘူး။ ဒါ့အပြင် ကိုယ့်ဇနီး ကိုယ့်သမီးအကြောင်းလည်း မဟုတ်ချေ။

ပြည်သူတွေကြား ကောလာဟလက ပျံ့ရာကနေ မျိုးရိုးမြင့်မိသားစုတွေကြားထဲမှာပါ ဧကရီမိဖုရားခေါင် ညစ်ညမ်းသွားပြီဆိုတဲ့သတင်းက ရောက်လာတော့တယ်။ အခုတလော ယဲ့ရှိုးမင် လွှတ်တော်ကဆင်းတဲ့အခါ သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြတာကို သတိထားမိနေတယ်။

တချို့အမတ်တွေက ဒီကိစ္စကို သူ့ကို ပြောပြချင်ပေမဲ့ ပြောလို့ကောင်းတဲ့အကြောင်းအရာ မဟုတ်ဘူးဖြစ်နေပြန်တယ်။ ဧကရီမိဖုရားခေါင်က ယဲ့လူကြီးမင်းရဲ့ မြေးမ ဖြစ်တယ်။ ယဲ့လူကြီးမင်းဆိုတာကလည်း လွှတ်တော်မှာ အင်အားကြီးတဲ့ ပုဂ္ဂိုလ်လေ။ ဒါ့အပြင် ဒီကောလဟလသတင်းက အမှန် ဟုတ်မဟုတ် မသိရသေးဘူး။ အမှန်လို့တော့ ထင်နိုင်စရာရှိပေမဲ့ သူမ ဘယ်လိုကနေ အဖမ်းခံရတယ်ဆိုတာက မရှင်းလင်းဘူး ဖြစ်နေတယ်။ တခြားတဖက်က ကြည့်ရင် ဒီကိစ္စသာ တကယ်ဆို သူမက နစ်နာသူပဲ၊ နစ်နာသူကို ဝေဖန်တိုက်ခိုက်တာက ကျင့်ဝတ်သိက္ခာကို အလေးအမြတ်ထားသူတွေ ပြောဆိုလုပ်ကိုင်ရမယ့် လုပ်ရပ်မျိုး မဟုတ်ချေ။

ဒီလိုကိစ္စဆိုတာ တဝက်က အလုပ်နဲ့ပတ်သက်နေပြီး တဝက်က ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တယ်။ တကယ်လို့  အရှင်မင်းကြီးက သူ့ဇနီးအပေါ် ဗွေမယူဘူးဆိုတော့လည်း ကျန်တဲ့သူတွေအနေနဲ့ ပါးစပ်ပိတ်နေကြရုံပဲ ရှိတာပေါ့။ ဒါကြောင့်မို့ အရှင်မင်းကြီးရဲ့ သဘောထားကို အရင် စူးစမ်းဖို့ လိုတယ်။ ဒါပေမဲ့ တစ်ခုပဲ အရှင်မင်းကြီးက ဘာတုံ့ပြန်မှုမှ မရှိဘူး၊ ဒီတော့ အားလုံးကလည်း သူ ဒေါသထွက်နေတာ သေချာတယ်လို့ ကောက်ချက်ချကုန်ကြတယ်။ တကယ်က ဒီကောလဟလတွေကို ကျီဝူကျိုးတစ်ယောက် သိကိုမသိသေးတာ။

ဒါပေါ့ ဧကရီမိဖုရားခေါင်အကြောင်းကို ဧကရာဇ်ရှေ့မှာ ဘယ်သူက သွားပြောရဲမှာလဲ။ သူတို့လည်း သေမှာတော့ ကြောက်တယ်လေ။ ၄ ၅ ရက်လောက် ကြောက်ကြောက်နဲ့ နေခဲ့ရပြီးနောက် ယဲ့ရှိုးမင် ဆက်သည်းမခံနိုင်တော့ဘူး။ လွှတ်တော်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပေမဲ့ တခါမှ သူ အပြစ်ကြီးကြီး လုပ်ခဲ့ဖူးတာ မရှိဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စက သူ့မြေးမလေးရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်နေတယ်။ တကယ်လို့သူသာ ကောင်းကောင်း မဖြေရှင်းနိုင်ခဲ့ရင် တစ်စုံတစ်ယောက်ကတော့ သေသွားနိုင်တယ်။

ဒါ့ကြောင့်မို့ ဒီနေ့ ယဲ့ရှိုးမင် ကျီဝူကျိုးနဲ့ တွေ့ဖို့ ယန်ရှင်းခန်းမဆောင်ကို အခစားဝင်လာတယ်။ လွှတ်တော် အရေးကိစ္စတွေကို ခဏ ဆွေးနွေးပြီးတဲ့နောက် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး

"အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ မြေးမကို သေချာမသွန်သင်ခဲ့မိလို့ အခုလို ကောလဟလသတင်းထွက်ပြီး တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို ထိလိုက်စေခဲ့ပါတယ်။ ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ"

ကျီဝူကျိုး အံ့အားသင့်သွားတယ်။ သူကိုယ်တိုင်ပဲ ယဲ့ရှိုးမင်ကို ထူပေးရင်း

"ဆရာ ဘာကိစ္စဖြစ်လို့လဲ .... ဧကရီ့ဆီမှာ တစ်ခုခု ဖြစ်လို့လား"

(TN: မေ့သွားတဲ့သူတွေအတွက် ဇာတ်လမ်း‌လေး ပြန်‌နွှေးပေးတာပါ။ ယဲ့ရှိုးမင်က မင်း ၃ဆက် အမှုထမ်းခဲ့ပြီး ကျီဝူကျိုးရဲ့  ဆရာလည်း ဖြစ်ပါတယ်။)

ကြည့်ရတာ အရှင်မင်းကြီးက ဒီသတင်းတွေကို မသိသေးတဲ့ပုံပဲ။ ယဲ့ရှိုးမင် သူ့ကိုယ်သူ တည်ငြိမ်အောင် စိတ်ပြန်ထိန်းလိုက်ရင်း

"အခုတလောမှာ ပြည်သူတွေကြား ဧကရီမိဖုရားခေါင်နဲ့ပတ်သက်ပြီး မကောင်းတဲ့ ကောလာဟလသတင်းတစ်ခု ထွက်နေပါတယ်။ ဒီသတင်းက ယုံကြည်စရာမရှိပေမဲ့ ဒီကိစ္စက မယ်မယ့်ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်နေတာမို့ပါ။ စစ်ပွဲထဲ သူမ လိုက်လာခဲ့တယ်ဆိုတာအပြင် သူမ အဖမ်းခံခဲ့ရတယ်ဆိုတာကလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီအကြောင်းတွေက သာမန်ပြည်သူတွေ လွယ်လွယ်နဲ့သိနိုင်တဲ့ဟာမျိုး မဟုတ်ပါဘူး။ တစ်ယောက်ယောက်က တော်ဝင်မိသားစုကို အရှက်ရစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီသတင်းကို ဖြန့်လိုက်တာပဲ ဖြစ်နိုင်တယ်"

ယဲ့ရှိုးမင် လျှောက်တင်ပုံက သိပ်ကို ပါးနပ်တယ်။ ဒီကိစ္စက ယဲ့ကျန်းကျန်းကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုရုံတင်မကဘူး ကျီဝူကျိုးကိုပါ သက်ရောက်လာစေတယ်ဆိုတာကို သွယ်ဝိုက်ပြီး ပြောပြသွားတယ်။

ကျီဝူကျိုး မျက်မှောင်ကျုံ့သွားတယ်။
"ဘယ်ကောလဟလကို ပြောတာလဲ"

ယဲ့ရှိုးမင် သက်ပြင်းချလိုက်တယ်။ ဘာကိစ္စမှန်းတော့ သူ သေချာမသိပေမဲ့ ယဲ့ရှိုးမင်ပြောချင်တာကိုတော့ သူ နားလည်ပါတယ်။

"ဆရာ စိတ်မပူပါနဲ့ ၊ ဒီကိစ္စကို ကိုယ်တော် သေချာစစ်ဆေးပြီး ဧကရီ့ဂုဏ်သိက္ခာကို ကာကွယ်ပေးပါ့မယ်"

ယဲ့ရှိုးမင် အခုမှပဲ စိတ်ချနိုင်တော့တယ်။ ဒါပေမဲ့လည်း လင်မယားကြား ဆက်ဆံ‌ရေးကို သူ စိတ်ပူနေတုန်းပဲ။

"အရှင်မင်းကြီး ကျွန်တော်မျိုး အတင့်ရဲပြီး တစ်ခု‌လောက် တောင်းဆိုပါရစေ"

"ဆရာ ပြောပါ"

ယဲ့ရှိုးမင် နောက်ကို ဆုတ်လိုက်ပြီး ကြမ်းပြင်ပေါ် ဒူး‌ထောက်ချကာ ကျီဝူကျိုးကို မော့ကြည့်လိုက်တယ်။ အမတ်အိုကြီးရဲ့မျက်လုံးထဲမှာ မျက်ရည်တွေအပြည့်နဲ့ ဖြစ်နေတယ်။ ကျီဝူကျိုး အံ့အားသင့်သွားရပြီး ချက်ချင်းပဲ လက်ကမ်းပြီး ထူပေးဖို့ လုပ်လိုက်တယ်။

"ဆရာ ကျေးဇူးပြုပြီး ထပါ"

"အရှင်မင်းကြီး"

ယဲ့ရှိုးမင် မထခဲ့ဘူး။

"ကျန်းကျန်းက စိတ်မြန်လက်မြန်ရှိတာကလည်း မိသားစုထဲမှာ သူမက တစ်ဦးတည်းသော မိန်းကလေးမို့ ကျွန်တ်ောမျိုးတို့ တစ်မိသားစုလုံးက သူမကို အလိုလိုက်ထားခဲ့ကြလို့ပါ။ သူမ ပိုပိုပြီး အထိန်းအကွပ်မဲ့လာရတာလည်း ကျွန်တော်မျိုးရဲ့အပြစ်တွေပါပဲ။ ကျွန်တော်မျိုးက ထူးထူးခြားခြား စွမ်းဆောင်ခဲ့တာမျိုး မရှိပေမဲ့လည်း နှစ်ပေါင်းများစွာ တိုင်းပြည်အတွက် တာဝန်ထမ်းရွက်ခဲ့တာကို ထောက်ထားပြီးတော့ ကျွန်တော်မျိုးရဲ့ မြေးမလေးကို သတ်တော့ မသတ်ဖို့ ကျွန်တ်ောမျိုး တောင်းပန်ပါတယ်"

ယဲ့ရှိုးမင်တစ်ယောက် နဖူးကို ကြမ်းပြင်နဲ့ အကြိမ်ကြိမ် တိုက်ရင်း တောင်းပန်လာတယ်။

ကောလာဟလတွေကို သူလည်း မယုံပေမဲ့ တကယ်အမှန်သာဖြစ်နေရင် ကျီဝူကျိုးက ကျန်းကျန်းကို သက်ညှာပေးမှာ မဟုတ်ဘူး။

ခေါင်းမာပြီး ပြောရဆိုရခက်တဲ့ ယဲ့ရှိုးမင်လိုလူကြီးကို ကြမ်းပြင်မှာ ဒူးထောက်တောင်းပန်နိုင်အောင်လုပ်နိုင်တာ ဒီကမ္ဘာမှာ ယဲ့ကျန်းကျန်းတစ်ယောက်ပဲ ရှိလိမ့်မယ်။ ကျီဝူကျိုး သက်ပြင်းချလိုက်ရင်း ယဲ့ရှိုးမင်ကို ဆွဲထူ‌ပေးလိုက်တယ်။

"ဆရာ အရမ်းလည်း စိတ်မပူပါနဲ့၊ ကျန်းကျန်းဆီ ဘာမှမဖြစ်စေရပါဘူး။ ကိုယ်တော် အဲ့လိုဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး"

ယဲ့ရှိုးမင်ထွက်သွားပြီးတဲ့နောက် ဧကရီနဲ့ဆိုင်တဲ့ သတင်းတွေအကုန် စုလာခဲ့ဖို့ ဖုန့်ရိုးတျယ်ကို ကျီဝူကျိုး ခိုင်းလိုက်တယ်။ ဇာတ်လမ်းအပြည့်အစုံကို သူ နားထောင်ချင်တယ်။

ဖုန့်ရိုးတျယ်ကလည်း ပါးနပ်တဲ့သူတစ်ယောက် ဖြစ်တယ်။ တစ်ယောက်ယောက်ကများ စကား မှားပြောလိုက်ရင် ဧကရာဇ်ကို ဒေါသထွက်အောင် လုပ်မိမှာစိုးတာကြောင့် အပိုအလိုမရှိ ဇာတ်လမ်းကို လိမ့်ပတ်လည်အောင် ပြောပြပေးနိုင်မယ့်သူတွေကို ရှာပြီး ကျီဝူကျိုးဆီ ခေါ်လာခဲ့တယ်။

ဒီလောက် ထိန်းပြောတာတောင်မှ ဒီကောလာဟလတွေကို နားထောင်ပြီးနောက် ကျီဝူကျိုး အမျက်ခြောင်းခြောင်းထွက်လာတော့တယ်။

ဘယ်သူကများ အသက်ရှင်ရတာ ကြာနေပြီမို့ ဒီလိုကောလာဟလသတင်းကို ဖြန့်ရဲနေတာလဲ!

အမျိုးသမီးတစ်ယောက်အတွက် နာမည်ဂုဏ်သတင်းက အရေးအကြီးဆုံးအရာပဲ။ ကျန်းကျန်းက ဧကရီတစ်ပါးဖြစ်တာကြောင့် ဒီလိုစွပ်စွဲခံရရင် သူမရဲ့ရာထူးတင်မကဘူး ယဲ့တစ်မိသားစုလုံးပါ ရှုံ့ချပြောဆိုခံရမှာဖြစ်တယ်။ အဲ့အခါကျ သူမအနေနဲ့ လူကြားထဲ ခေါင်းဖော်ရဲမှာတောင် မဟုတ်ဘူး။ သိပ်ကို ကောက်ကျစ်တဲ့အကြံပဲ!

ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော ဒီလိုကိစ္စမျိုးကို ကြုံတွေ့ရတဲ့အခါ များသောအားဖြင့် နာမည်ကို ကာကွယ်ဖို့ အမျိုးသမီးတွေဟာ သတ်သေတဲ့လမ်းကိုပဲ ရွေးချယ်သွားကြတယ်။ ဒီအကြောင်းကို တွေးမိတဲ့အခါ ကျီဝူကျိုး ရင်ထဲ စိုးထိတ်သွားတယ်။ ချက်ချင်းပဲ အားလုံးကို နှုတ်ပိတ်နေဖို့နဲ့ ဧကရီကို ဒီအကြောင်းသွားပြောရဲတဲ့သူ ဘယ်သူမဆို ၅ပိုင်းဆွဲဖြဲပြီး သတ်ပစ်မယ်လို့ ဖုန့်ရိုးတျယ်ကို အမိန့်ပေးလိုက်တယ်။

ဖုန့်ရိုးတျယ် အတော်ကြောက်သွားတယ်၊ ၅ပိုင်းဆွဲဖြဲပြီးသတ်ပစ်မယ်ဆိုတဲ့စကားပါ ထွက်လာပုံထောက်ရင် အရှင်မင်းကြီး တော်တော် ‌ဒေါသထွက်နေတာပဲ။

ဒါပေမဲ့ ကျီဝူကျိုးရဲ့အမိန့်က နောက်ကျသွားပြီဖြစ်တယ်။ ဘာလို့ဆို ယဲ့ရှိုးမင်က ခပ်စောစောကတည်းက ယဲ့ကျန်းကျန်းကို သူမအစွပ်စွဲခံရတဲ့အကြောင်း အသိပေးပြီး အရှင်မင်းကြီးကို သေချာ ရှင်းပြဖို့နဲ့ အတွေးမလွန်ဖို့ သူမကို လူလွှတ်ပြီး ပြောပြထားပြီး ဖြစ်တယ်။ တကယ်တော့ ကျီဝူကျိုးနဲ့ယဲ့ရှိုးမင်တို့ကသာ အတွေးလွန်နေကြတာ ဖြစ်တယ်။ ယဲ့ကျန်းကျန်းက သေဖို့ဒီလောက်ကြောက်တဲ့ဟာ ဘာလို့ သတ်သေရမှာလဲ၊ သူများကိုပဲ သေချင်စိတ်ပေါက်အောင် သွားလုပ်ရင်လုပ်မှာ။

ကျီဝူကျိုး သူမကို ကြည့်ဖို့ ခွန်းနင်နန်းဆောင်ကို ရောက်လာတယ်။ သူ့စိတ်ထဲ နေလို့မကောင်းပေမဲ့လည်း သူမ ရိပ်မိသွားမှာ စိုးတာကြောင့် အပြင်ပန်းမှာတော့ ဟန်ဆောင်ထားရတယ်။ ဒါပေမဲ့ ယဲ့ကျန်းကျန်းရဲ့ စကားတစ်ခွန်းက သူ့ဟန်ဆောင်မှုကို ထိုးဖြတ်လိုက်နိုင်တယ်။

"အရှင်မင်းကြီးလည်း ကောလာဟလတွေကို ကြားပြီးပြီမလား"

ကျီဝူကျိုး ဆက်ဟန်မဆောင်နိုင်တော့ဘူး၊ ဒေါသထွက်လွန်းလို့ သူ့မျက်နှာက စိမ်းဖန့်ဖန့်တောင် ဖြစ်နေပြီ။

"ကျန်းကျန်း မင်းကို ဘယ်သူပြောလိုက်တာလဲ! ကိုယ့်ကိုပြော! ကိုယ် သူတို့ကို ၅ပိုင်းဆွဲဖြဲပြီး သတ်ပစ်မယ်!"

ယဲ့ကျန်းကျန်းက ပြန်မဖြေလာဘူး။ အဲ့အစား

"အရှင်မင်းကြီး ကျွန်တော်မျိုးမကို သံသဝင်နေတာလား"

"ဘယ်လိုပြောလိုက်တာလဲကွာ"

ကျီဝူကျိုး ပိုပြီးစိတ်ပူပန်နေပုံပေါ်လေ ယဲ့ကျန်းကျန်း သူမဘက်က အတွေးက ပိုမှန်လာလေလေဖြစ်နေတယ်။

"အရှင်မင်းကြီး တအားဒေါသထွက်နေတာပဲ၊ ကြည့်ရတာ ကျွန်တော်မျိုးမကို မယုံဘူးနဲ့တူပါတယ်"

ကျီဝူကျိုး အမြန်ပဲ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး

"ကိုယ်က မင်းကို မယုံစရာလားကွာ ... ကိုယ် .... ကိုယ် ..."

"ကျွန်တ်ောမျိုးမကို အမှန်အတိုင်းပြော၊ အရှင်မင်းကြီးလည်း ဒီအကြောင်းကို တွေးကြည့်ဖူးတယ်မလား။ ကျွန်တော်မျိုးမ အဖမ်းခံရတုန်းက တကယ်လို့ ကျွန်တ်ောမျိုးမသာ ...."

ကျီဝူကျိုး မျက်စိမှိတ်လိုက်ပြီး သက်ပြင်းချကာ

"ကိုယ် မတွေးခဲ့ပဲနေပါ့မလဲ။ မင်း အဖမ်းခံခဲ့ရကတည်းက ကိုယ် ညတိုင်း တွေးမိတယ်။ တွေးလိုက်တိုင်း ကိုယ့်နှလုံးသားကို ဓားနဲ့လာထိုးနေတာထက် အဆပေါင်း ထောင်သောင်းမက နာကျင်ရတယ်။ ဒီတော့ ကိုယ် ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာတွေပဲ ဖြစ်ခဲ့ပါစေ ကိုယ် မင်းကို ကောင်းကောင်းဆက်ဆံပါ့မယ်၊ မင်းကို နာကျင်ခံစားရအောင် မထားဘူး။ ကိုယ် အခေါက်ခေါက်အခါအခါ တွေးပြီးပြီ။ ကျန်းကျန်း ကိုယ် မင်းကို ယုံတယ်၊ အဲ့တာကြောင့် မင်းလည်း ကိုယ့်ကို ယုံပါနော်"

ယဲ့ကျန်းကျန်း သူ့ရင်ခွင်ထဲနေရင်း ခေါင်းညိတ်လိုက်တယ်။

"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ယုံပါတယ်"

ကျီဝူကျိုး အဲ့ကျမှပဲ စိတ်အေးနိုင်တော့တယ်။ ယဲ့ကျန်းကျန်းကို ထိုင်ဖို့ ခေါ်လာပေးရင်း

"ဒီတစ်ခေါက် ကောလာဟလက မင်းကို တိုက်ခိုက်ချင်လို့ တမင် ရည်ရွယ်ချက်ရှိရှိလုပ်ထားတာပဲ၊  မင်းရဲ့ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေချင်တဲ့သူပဲ။ ကိုယ် သေချာပေါက် ဒီကိစ္စကို စစ်ဆေးပြီး မင်းရဲ့ဖြူစင်မှုကို ပြန်ယူပေးပါ့မယ်။ အဲ့မတိုင်ခင်အထိတော့ မင်း စိတ်အေးအေးထားပြီး အဲ့ကိစ္စတွေ ခေါင်းထဲ မထည့်နဲ့နော်"

"ကျွန်တော်မျိုးမက အဆင်ပြေတာထက်တောင် ပိုသေး။ ဒါပေမဲ့ ဘယ်သူကများ ဒီသတင်းတွေကို ဖြန့်လိုက်တာလဲ သိချင်မိတယ်"

ဧကရီမိဖုရားခေါင် နန်းတော်ထဲက ထွက်သွားတာ၊ အရှင်မင်းကြီးကိုယ်တိုင် စစ်တိုက်ထွက်တာ၊ သောသော်ရဲ့ စာ၊ ဒါကို ဧကရီဖမ်းခံလိုက်ရတာလေ တွေးနိုင်စရာရှိပေမဲ့ ဒီအတွင်းရေးသတင်းတွေက မျိုးရိုးမြင့်တွေထဲ သိတဲ့သူတွေ ရှိတယ်ဆိုပေမဲ့ အများကြီးတော့ မဟုတ်ဘူး။

ဒါ့အပြင် ဒီကိစ္စမှာ လူအများကြီး ပါဝင်ပတ်သက်နေတာမို့ မသေချာဘဲနဲ့ သတင်းဖြန့်ရဲကြမှာ မဟုတ်ဘူး။ ဒီသတင်းကို သိနေရင်တောင်မှ ဖြန့်ရဲကြမှာ မဟုတ်ဘူး။ ဆိုတော့ ဖြန့်ရဲတဲ့အင်အားရှိသူတွေထဲကဆို ဖန့်မိသားစုနဲ့ ရွှီမိသားစုပဲ ကျန်တော့တယ်။ ဖန့်မိသားစုက ယဲ့မိသားစုနဲ့ ရန်ဘက်ဖြစ်ပြီး ရွှီမိသားစုကတော့ ဧကရာဇ်အသစ်တင်မြှောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်။ သံသယဖြစ်နိုင်စရာလူကို ရှာတွေ့ပြီဆိုပေမဲ့ ပြဿနာတစ်ခုက ရှိနေပြန်တယ်။ ဒီမိသားစုတွေက ကြီးမားကြပြီး ဘယ်သူက လက်သည်တရားခံလဲ ရှာထုတ်ဖို့ ခက်တယ်။ မိသားစုတစ်ခုလုံးကိုလည်း ခေါင်းဖြတ်သတ်စေ လုပ်လို့မဖြစ်ပြန်ဘူး။ အကောင်းဆုံးကတော့ သတင်းစဖြန့်ခဲ့တဲ့သူကို ဖမ်းဖို့ပဲ။ ဒါပေမဲ့ ကောလာဟလသတင်းတွေဆိုတာကလည်း အမှန်ဖြစ်စေ မဖြစ်စေ လွယ်လွယ်နဲ့ ပျံ့သွားတတ်တာမျိုး ဖြစ်တော့ကာ ဖြန့်တဲ့သူကို ဖမ်းဖို့က ထင်သလောက် မလွယ်ချေ။

"ဘယ်လောက်ပဲ ခက်ပါစေ ကိုယ်ရအောင် ရှာပြီး ဒီကိစ္စကို အဆုံးသတ်မယ်"ကျီဝူကျိုးရဲ့အကြည့်တွေက မည်းမှောင်သွားတယ်။ "ဒီတစ်ခေါက်မှာ တရားခံကို ရှာတာအပြင် ကောလာဟလကိုလည်း ဆက်မပျံ့အောင် လုပ်ရမယ်"

ကောလာဟလတွေက အခုချိန်မှာ မြို့တော်မှာပဲ ပြောဆိုနေကြတာ ဖြစ်ပေမဲ့ အချိန်မှီ မတားနိုင်ရင် တစ်တိုင်းပြည်လုံး သိကုန်ကြလိမ့်မယ်။

"ဒီလိုဆို အရှင်မင်းကြီး ဘယ်လိုတားမယ်စိတ်ကူးထားလဲ"

ကောလာဟလကို ထိန်းချုပ်ဖို့ဆိုတာ တကယ် မလွယ်တဲ့ကိစ္စပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျီဝူကျိုး ရအောင် လုပ်ဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီ။

"ပိုဆိုးလာရင်တော့ ကြောက်သွား‌အောင် လူတချို့ကို သေဒဏ်ပေးပြလိုက်မယ်။ ဒီတော့မှ သူတို့ပြောတဲ့စကားတစ်ခွန်းက သေစေနိုင်မှန်း သဘောပေါက်သွားမှာ"

"မကောင်းဘူး" ယဲ့ကျန်းကျန်း ခေါင်းခါလိုက်ပြီး "ဒီလိုလုပ်လိုက်ရင် ကိစ္စတွေက ပိုဆိုးသွားရုံပဲ ရှိမှာ"

"အို? မင်းမှာ အကြံတစ်ခုခု ရှိလို့လား "

"ဒါပေါ့ ကျွန်တော်မျိုးမမှာ အကြံရှိတယ်။ အရှင်မင်းကြီးက တရားခံကိုရှာဖို့ကိစ္စပဲ အာရုံစိုက်ထားလိုက်ပါ။ ကောလာဟလကိစ္စကိုက ကျွန်တော်မျိုးမဆီ အပ်ထားလိုက်"

သူမ ယုံကြည်ချက်အပြည့်နဲ့ဖြစ်နေတာမြင်တော့ သူ့ရင်ထဲက ဒေါသတွေတောင် ‌ပျောက်သွားတယ်။

"ကျန်းကျန်း မင်းမှာ ဘာအကြံရှိလဲ၊ ကိုယ့်ကို သင်ပေးပါ"

ယဲ့ကျန်းကျန်းက ရယ်လိုက်ရင်း

"တောင်ပေါ်ကသူတွေပဲ အဖြေကို သိလိမ့်မယ်"


ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now