Chapter 39

3.1K 265 1
                                    

Empress with No Virtue
Chapter 39
Translator – Utopia

ဒီဇင်ဘာ ၁၂ရက် နှင်းထပ်ကျတဲ့နေ့၊ နန်းတော်တစ်ခုလုံး ငွေငန်းတောင်ပံအောက် လွှမ်းခြုံခံထားရသလို ဖြူဖွေးငြိမ်းချမ်းနေတယ်။ နှင်းကျပြီးနောက် ရာသီဥတုက အတော်လေး လန်းဆန်းပြီး အစေခံတွေအကုန်လုံးလည်း လမ်းလေးဘာလေး ထွက်လျှောက်ရင်း အညောင်းဆန့်ကြတယ်။

နန်းတော်ရဲ့ အရှေ့ဖက်ခြမ်းမှာ လော့ချွမ်းယွမ်လို့ခေါ်တဲ့ ဥယျာဉ်ငယ်လေး ရှိတယ်။ ပုံပြင်တွေထဲကအတိုင်းဆိုရင် ဒီနေရာလေးက ဧကရာဇ် သူ နောက်ဆုံး မြတ်နိုးခဲ့တဲ့ ကိုယ်လုပ်တော်မိဖုရားအတွက် ဆောက်ခဲ့တာ‌တဲ့။ ဒီနေရာလေးက တသီးတသန့် ဖြစ်နေပြီး ရိုးရှင်း သေးငယ်တယ်။ တော်ဝင်ဉယျာဉ်လိုတော့ သိပ်စိတ်ဝင်စားဖို့ မကောင်းဘူး။ ဒါ့ကြောင့်မို့ ဒီကို လာတဲ့သူ ရှားတယ်။ နောက်ပြီး ဒီမှာ ကောင်းကောင်း ဆောက်ထားတဲ့ ဖူဝမ်ရှုမျှော်ဆောင်ဆိုတာလည်း ရှိသေးတယ်။ လူလုပ်ကုန်းပေါ်မှာ ဆောက်ထားပြီး အနောက်နန်းဆောင်ထဲ အမြင့်ဆုံးလို့ ပြောလို့ရတယ်။ ဒီနေရာကနေ ကြည့်ရင် အနောက်နန်းဆောင်ထဲ ဖြစ်ပျက်နေသမျှကို မြင်နိုင်တယ်။ အနောက်နန်းဆောင်ထဲ ဥဒဟို သွားလာနေကြတဲ့သူတွေကို ကြည့်ရင်း ကျီဝူကျိုး စိတ်ထဲ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရလာတယ်။ မသိရင် သူတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် ရှိနေသလိုမျိုးပဲ။

လူ‌တွေ ဘာလို့ အာဏာမက်ကြတာလဲ ? ဘာလို့ဆို အာဏာရှိရင် ထိန်းချုပ်နိုင်စွမ်းကို ရနိုင်လို့ပဲ။ လူတွေအများကြီးရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ထိန်းချုပ်ပိုင်ခွင့် ရှိပြီး လုံခြုံမှုနဲ့ ပြီးပြည့်စုံမှုကိုလည်း ပေးစွမ်းနိုင်တယ်။ လူသားတွေက မျောက်အဆင့်မှာကတည်းက အာဏာရဖို့အတွက် အလွှာအသီးသီး ခွဲခြားသတ်မှတ်ထားကြပြီးသား။ ဒီအမှန်တရားက သူတို့ရဲ့ အသွေးအသားထဲထိ စီးဝင်နေပြီး နှစ်ထောင်ချီကြာသွားတာတောင်မှ မပြောင်းလဲသွားဘူး။

ဒါ့ကြောင့်မို့ အာဏာနဲ့ ချုပ်ကိုင်နိုင်စွမ်းအတွက် တိုက်ခိုက်ရမယ်ဆိုတဲ့ အသိက ယောကျာ်းတွေမှာ မွေးကတည်းက ပါလာခဲ့ပြီးသား။ တချို့လူတွေမှာ အခြေအနေပေါ် လိုက်ပြီး အာဏာရှိနိုင်စွမ်းက ကန့်သတ်ခံလိုက်ရတာပဲ ရှိတာ။ ကျီဝူကျိုးက တချီအင်ပါယာမှာ အမြင့်ဆုံးလူပဲ။ ဘဏ္ဍာတိုက်၊ စစ်တပ်၊ သိပ္ပံ၊ လူဦးရေ၊ ဘယ်သူနဲ့ပဲ ယှဉ်ယှဉ် ကျီဝူကျိုးကို လူ့အထက်က လူလို့ ညွှန်းဆိုရင် မမှားနိုင်ဘူး။ ဒီနေရာမှာ ရပ်နေနိုင်ဖို့အတွက် ကျီဝူကျိုးတစ်ယောက် အာဏာလုပွဲထဲမှာ ပါခဲ့ရတယ်။ အကောက်ကြံတာ၊ တခြားသူကို ထောင်ချောက်ဆင်တာ၊ အတွေ့အကြုံအပြည့်ရှိပြီး ကျန်တဲ့သူတွေထက်လည်း ပိုဉာဏ်ပြေး ပါးနပ်တယ်။ ယဲ့ရှိုးမင်နဲ့ ဖန့်ရှိုးချင်းတို့တောင်မှ သူ ထိန်းချုပ်ဝာာကို ခံနေရတာ။ ကျီဝူကျိုးက တကယ် လုပ်နိုင်စွမ်းရှိတဲ့ သောက်ကောင်စုတ်လေးပဲ။

ဒီဟာက ရလဒ်အများကြီးကို ဖြစ်လာစေတယ်။ လူတွေကို အကောက်ကြံ၊ ထောင်ချောက်ဆင်တာကလည်း သူ့ထိန်းချုပ်မှုအောက်မှာ ထားဖို့အတွက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ သူ့ကို ချုပ်ကိုင်နိုင်မယ့်သူဆိုတာ မရှိသလို သူ့ကို အကောက်ကြံနိုင်တဲ့အရာလည်း မရှိဘူး။

အချိန်တွေ တော်တော်ကြာပြီးတဲ့နောက် ကျီဝူကျိုး မကြာခဏ ပြန်တွေးကြည့်မိလိမ့်မယ်။ သူသာ ဒီနိယာမတွေကို နားလည်ခဲ့ရင် ဒီလောက် အတားအဆီးတွေ အများကြီး ဖြစ်ပျက်ခဲ့မှာ မဟုတ်ဘူးဆိုတာပေါ့။

သူ့အောက်ကလူတွေကို ကြည်ဖို့ ကျီဝူကျိုး ဖူဝမ်ရှုမျှော်ဆောင်ကို ရံဖန်ရံခါ ရောက်လာတတ်မှန်း သိတဲ့သူ သိပ်မရှိဘူး။ သူနဲ့ နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ စုကျဲယွီကတော့ အဲ့ထဲက တစ်ယောက်ပဲ။ ဒါ့ကြောင့်မို့ ကျီဝူကျိုး ဖူဝမ်ရှုမျှော်ဆောင်ကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ စုကျဲယွီကလည်း ရောက်လာတယ်။ သူမလက်ထဲ ဗန်းတစ်ခုကို ကိုင်ထားပြီး အထဲမှာ ခွက်ကြီးကြီးနှစ်လုံးကို အဖုံးဖုံးထားတယ်။ ဖန်ချွမ်းက သူမနောက်မှာ လိုက်ပါလာတယ်။ သူတို့ရောက်တဲ့အခါ ဖန်ချွမ်းက မြေခွေးသားမွေးကို ကျောက်တုံးခုံပေါ်  ခင်းလိုက်တယ်။

စုကျဲယွီ သူမလင်ဗန်းကို ချလိုက်ပြီး လက်အကြောဆန့်ကာ နူးနူးညံ့ညံ့ပြုံးရင်း

“အရှင်မင်းကြီး ဒီမှာ ရာသီဥတု အေးတယ်ရယ်။ နွေးသွားအောင် လက်ဖက်ရည်ကြမ်းတစ်ခွက်လောက် သောက်ပါဦးလား”

ကျီဝူကျိုး ကျောက်တုံးစားပွဲဘေး ဝင်ထိုင်လိုက်တယ်။  စုကျဲယွီ ခွက်တစ်ခွက်ကို ဖွင့်လိုက်တယ်။ အထဲမှာ ခပ်ပူပူ ရှိနေသေးတဲ့ နောက်ထပ် လက်ဖက်ရည်ခွက် အသေးတစ်လုံး ရှိနေတယ်။ ရေနွေးတွေ အများကြီးပဲ။ သူမအတွက် သယ်ရတာ ခက်ခဲခဲ့မှာပဲ။  သူမ ခွက်အသေးကို ခြောက်အောင် လုပ်ပြီးတဲ့နောက် ကျီဝူကျိုးရှေ့ တည့်ခင်းပေးလာတယ်။

နူးညံ့ပြီး ဂရုစိုက်တတ်တဲ့နေရာမှာ ရှန်ကိုယ်လုပ်တော်က နှုတ်ချိုပြီးတော့ စုကျဲယွီကတော့ လက်နဲ့ သက်သေပြတယ်။ ဒီလောက်နှစ်တွေ အများကြီးမှာ သူမ ဘယ်လောက်ပဲ အမှားတွေ လုပ်ခဲ့မိပါစေ၊ လူဘယ်လောက်များများကိုပဲ ဒေါသထွက်အောင် လုပ်ခဲ့မိပါစေ၊ ယဲ့ကျန်းကျန်း နန်းတော်ထဲ ဝင်လာတဲ့နောက် သူမ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာတောင်မှ အခုချိန်ထိ သူမမှာ ကျီဝူကျိုးရဲ့နှလုံးသားကို နူးညံ့သွားစေနိုင်စွမ်း ရှိနေတုန်းပဲ။

အခုလို အေးမြတဲ့ရာသီဥတုမှာ ရေနွေးပူပူလေးထက် ဘယ်ဟာက ပိုကောင်းဦးမှာတဲ့လဲ။

ကျီဝူကျိုး လက်ဖက်ရည်ကြမ်းကို ယူကြည့်လိုက်တယ်။ အရောင်က နီကြင်ကြင် ရှိပြီး အနံ့ကလည်း အတော်လေး ကောင်းတယ်။ ဒါက ရှီးချီ အနီရောင်လက်ဖက်ရည်ကြမ်းပဲ။ ဒီလိုလက်ဖက်ရည်ကြမ်းမျိုးကို “ကွမ်းဖန်ကျွီ” လို့လည်း ခေါ်ကြသေးတယ်။ နာမည်ကြီးလက်ဖက်ရည်ကြမ်းပဲ။ နှစ်တိုင်း အကောင်းဆုံး လက်ဖက်ခြောက်တွေကို နန်းတော်ထဲကို ဆက်သတယ်။ ဒီလက်ဖက်ခြောက်က အကောင်းဆုံးတော့ မဟုတ်ပေမဲ့ သူ့ရဲ့ အနံ့နဲ့ အရောင်ကို ကျီဝူကျိုး ကြိုက်တယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက် သူ ကြိုက်တတ်တဲ့ဟာကို စုကျဲယွီ ရွေးယူလာဝာာ ဖြစ်တယ်။ အနံ့ခံကြည့်ပြီးနောက် ကျီဝူကျိုး တစ်ငုံသောက်လိုက်တာကို မြင်မှပဲ စုကျဲယွီလည်း စိတ်အေးသွားတော့တယ်။

ထို့နောက် တစ်ယောက်ယောက်က ဒီကို တက်လာတဲ့ပုံပဲ

ယဲ့ကျန်းကျန်းကို စူးယွဲ့တစ်ယောက် သားမွေးရောင်းတဲ့သူလို ဆင်ထားပြန်ပြီ။ သူမလက်ထဲ အနွေးအိတ်ကို ကိုင်ထားပြီး ခေါင်းမှာ မြေခွေးသားမွေးဦးထုပ်ကို ဆောင်းထားတယ်။ ရှုမျှော်ဆောင်မှာ ကျီဝူကျိုးနဲ့ စုကျဲယွီကို မြင်တော့ သူမ ချက်ချင်းပဲ လှည့်ပြန်ဖို့ လုပ်လိုက်တယ်။

ကျီဝူကျိုးက သူမကို လှမ်းခေါ်လိုက်တယ်။

“ဧကရီ ဘာလို့ ဒီကိုလာပြီး အတူမထိုင်လဲ”

ယဲ့ကျန်းကျန်း အစကတော့ သူတို့ကြား ဝင်မရှုပ်ချင်ပေမဲ့လည်း စုကျဲယွီ တစ်ခုခု ထပ်ကြံနေမှာ စိုးရိမ်တာနဲ့ သူမ တခြားဖက်မှာ ဝင်ထိုင်လိုက်တာ

စုကျဲယွီတစ်ယောက် အရိုက်ခံထားရတာကို စိတ်ထဲ အခဲမကြေသေးလို့ ထင်ပါရဲ့ သူမ ယဲ့ကျန်းကျန်းကို တွေ့တဲ့အခါ အဆင်မပြေဖြစ်သွားတဲ့ပုံ ပေါ်နေတယ်။

“မယ်မယ်ပါ ရောက်လာမယ်မှန်း မသိလိုက်တာနဲ့ လက်ဖက်ရည်ခွက်ကို ၂ခွက်ပဲ ပြင်လာခဲ့မိတယ်။ မယ်မယ် ခွင့်လွှတ်ပေးမယ် ထင်ပါတယ်”

“သူ့ဟာသူ ယူလာတယ်”

ဝမ်ရိုးချိုင် ခွက်ကြီးကြီးတစ်လုံးကို ကိုင်လာတာ ကျီဝူကျိုး မြင်လိုက်တယ်။ အထဲက ခွက်ထဲမှာ သူမရဲ့ တဟုန်ပေါင် (အနီရောင်လက်ဖက်ရည်ကြမ်းတစ်မျိုး) ပါလာတယ်ဆိုတာ သူ သိတယ်။

ဒေသထွက် တဟုန်ပေါင်လက်ဖက်ခြောက်ကို ဝူရိတောင်က ရတယ်။ အပင်တွေက တော်တော် မြင့်မားပြီး လက်ဖက်ခြောက်ခတ်ဖို့အရွက်ကို မျောက်တွေကို လေ့ကျင့်ပြီး ခူးခိုင်းရတယ်။ နောက်ပြီး ထုတ်လုပ်ဖို့ အဆင့်တွေလည်း အများကြီး လိုသေးတယ်။ ဒါက တဟုန်ပေါင်ကို အကောင်းအဆင့် ဖြစ်စေတာပဲ ဖြစ်တယ်။ ဒီလိုလက်ဖက်ခြောက်မျိုးက တစ်နှစ်ကိုမှ ၁ကီလိုလောက်ပဲ ထွက်တာပြီး ဧကရာဇ်ထံ ဆက်သထားတာ ဖြစ်တယ်။ ပြောရရင် လက်ဖက်ခြောက်တွေထဲမှာ ဘုရင်တစ်ပါးပဲ။ ရှေ့ရက်အနည်းငယ်တုန်းက ကျီဝူကျိုး သူမကို လက်ဖက်ခြောက် တချို့ ပေးလိုက်တယ်။ စူးဖုန့်က နွားနို့ကို ကျိုပြီး လက်ဖက်ခြောက် အဖန်ရည်နဲ့ ရောကာ ပြန်နွှေးပြီး ယဲ့ကျန်းကျန်း သောက်ဖို့ လက်ဖက်ရည်ဖျော်ပေးတယ်။

ယဲ့ကျန်းကျန်းက ဒီလိုနို့လက်ဖက်မျိုးကိုမှ ကြိုက်တာ။ ကျီဝူကျိုးကတော့ တစ်ငုံသောက်ကြည့်ပြီး နို့နံ့ကြီး မခံနိုင်တာနဲ့ ထပ်မသောက်တော့ဘူး။ ဒါပေမဲ့ ယဲ့ကျန်းကျန်း သောက်တာကိုတော့ သဘောကျတယ်။ နို့လက်ဖက်ရည်သောက်တဲ့အခါကျ သူမနှုတ်ခမ်းပေါ် လက်ဖက်ရည် အနည်းငယ် ကျန်ခဲ့လိမ့်မယ်။ အဲ့အခါကျ သူမလျှာလေးနဲ့ နှုတ်ခမ်းကို သပ်တတ်တယ်။ သူမ အဲ့လိုလုပ်တဲ့အခါတိုင်း ကျီဝူကျိုး လည်ချောင်း‌တွေ တင်းကျပ်လာသလို ခံစားရတယ်။

ဒါကြောင့်မို့ သူ့တဟုန်ပေါင် လက်ဖက်ခြောက်တွေ အကုန် ယဲ့ကျန်းကျန်းကို ပေးလိုက်တော့တယ်။

စူးဖုန့်က ယဲ့ကျန်းကျန်းကို နို့လက်ဖက်ရည်ခွက်လေး တစ်ခွက် ပေးလိုက်တယ်။ သောက်ပြီးတဲ့နောက် ထုံးစံအတိုင်း သူမ နှုတ်ခမ်းလေးကို လျှာနဲ့ သပ်လိုက်တယ်။ ကျီဝူကျိုး သူမကို ကြည့်နေတာ သတိမထားမိဘူး။ ရုတ်တရက် စုကျဲယွီက ထအော်လိုက်တယ်။

“အရှင်မင်းကြီး သတိထား”

သေချာကြည့်လိုက်တဲ့အခါ တစ်စုံတစ်ယောက်က တကယ် ရှုမျှော်ဆောင်ရဲ့ အနောက်ဘက်ကနေ ဓားကိုင်ပြီး ကျီဝူကျိုးကို ရွယ်ကာ တက်လာတယ်။ စုကျဲယွီက ကျီဝူကျိုးဘေး ထိုင်နေတာဖြစ်တယ်။  သူမအသံကို ယဲ့ကျန်းကျန်းကြားတဲ့အချိန် သူမက ကျီဝူကျိုး နောက်ကျောကို ကာဖို့ ရောက်နေနှင့်ပြီ။

ယဲ့ကျန်းကျန်းရဲ့ တုန့်ပြန်မှုက တော်တော် မြန်တယ်။ လက်ကောက်ဝတ်ကို ချက်ချင်း လှည့်လိုက်ပြီး သူမရဲ့ လက်ဖက်ရည်ခွက်က ပျံသွားကာ လုပ်ကြံတဲ့သူဆီ တည့်တည့်မှန်သွားတယ်။ လုပ်ကြံရေးသမားက ဓားနဲ့ ကာလိုက်ရပြီး လုပ်ကြံနိုင်မယ့်အခွင့်အရေး လက်လွတ်သွားတယ်။ ကျီဝူကျိုးကတော့ မတ်တပ် ထရပ်ပြီး သူနဲ့ တိုက်ခိုက်နှင့်နေပြီ။ လုပ်ကြံတဲ့သူက အစောင့်ရဲမက်ဝတ်စုံကို ဝတ်ထားတာ တွေ့တဲ့အခါ တစ်ခုခုတော့ မှားနေပြီလို့ သူမ ခံစားလိုက်ရတယ်။

အခု လုပ်ကြံတဲ့သူက လက်ထဲ ဘာလက်နက်မှမရှိဘဲ ကျီဝူကျိုးကို ပြန်တိုက်ခိုက်နေတယ်။ ကျီဝူကျိုးကို အနိုင်ယူဖို့ဆိုတာ တကယ် ခက်ခဲတာမို့ မကြာခင်မှာပဲ သူ ရှုံးနိမ့်တော့မယ်ပုံ ပေါ်တယ်။ ယဲ့ကျန်းကျန်း သူ့ကို အရှင်ဖမ်းချင်တာမို့ သူမလည်း ချတဲ့ထဲ ပါလာတယ်။ နှစ်ယောက် တစ်ယောက်မို့ သူ့ဘက်မှာ နိုင်နိုင်ချေ လုံးဝ မရှိတော့ဘူး။ ထို့နောက် ကျီဝူကျိုးဆီက ကန်ချက်မှာ ရှုမျှော်ဆောင်ကနေ ပြုတ်ကျတော့မလို ဖြစ်သွားတယ်။ ဒီလူလုပ်ကုန်းက အတော်မြင့်ပြီး သေချာပေါက် သေသွားနိုင်တယ်။ ယဲ့ကျန်းကျန်း နှစ်ခါတောင် တွေးမနေဘဲ သူ့ကို လှမ်းဖမ်းဖို့ လုပ်လိုက်တယ်။

ကျီဝူကျိုး နှလုံးတစ်ခုလုံး အပြင် ထွက်ကျသွားပြီလားတောင် အောက်မေ့ရတယ်။ သူ ချက်ချင်းပဲ သူမကို လက်ကောက်ဝတ်ကနေ လှမ်းဖမ်းပြီး သူ့ဘက်ကို ဆွဲလိုက်တယ်။ သူ အားအရမ်းပါသွားတာကြောင့် ထင်တယ်၊ နှစ်ယောက်စလုံး ဒီဘက်ကို ပြန်လဲကျလာတယ်။ လုပ်ကြံရေးသမားလည်း ကြမ်းပြင်ပေါ် လဲကျလာတယ်။ သူ့ဒဏ်ရာတွေကို ပွတ်ရင်း ချောင်းအဆက်မပြတ် ဆိုးနေတယ်။ ဖုန့်ရိုးတျယ်နဲ့ ဝမ်ရိုးချိုင်လည်း အမြန်ပဲ ပြေးလာပြီး လုပ်ကြံရေးသမားဆီက လက်နက်ကို ဖယ်ထုတ်ပစ်လိုက်ပြီး အောက်ကို ဖိချထားလိုက်တယ်။

“မင်း ရူးနေလား!”

ကျီဝူကျိုး သူမကို ဒေါသတကြီးနဲ့ အော်လိုက်တယ်။

လုပ်ကြံရေးသမားရဲ့မေးရိုး အနည်းငယ် လှုပ်သွားတာကို မြင်တဲ့အခါ ယဲ့ကျန်းကျန်းက ထအော်လိုက်တယ်။

“သူ့ကို သတ်မသေစေနဲ့!”

ကျီဝူကျိုး အမြန်ပဲ လျှောက်သွားပြီး လုပ်ကြံသူရဲ့ ပုခုံးပေါ် ခြေထောက်တစ်ဖက်တင်ပြီး ခြေဖဝါးကို အနည်းငယ် မြှင့်ကာ သူ့မေးရိုးကို တစ်ချက် ခပ်ဆဆ ကန်ထည့်လိုက်တယ်။ ထို့နောက် ကချောင်းဆိုတဲ့ အသံနဲ့အတူ လုပ်ကြံသူရဲ့ မေးရိုး လွှဲသွားတော့တယ်။

ဖုန့်ရိုးတျယ် သူ့ပါးစပ်ထဲကို ရှာကြည့်လိုက်ပြီး အနက်ရောက်အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်တယ်။ အပေါ်မှာ သွားရာနှစ်ခု ရှိနေတယ်။ အထဲကဟာက အဆိပ်ဖြစ်နိုင်တယ်။ သူ အထုပ်လိုက် သောက်ဖို့ လုပ်ပေမဲ့ အချိန်မှီမလုပ်လိုက်နိုင်ဘူး။

ယဲ့ကျန်းကျန်း အခုမှ သက်ပြင်းချနိုင်တော့တယ်။

အစောင့်ရဲမက်တွေလည်း အမြန်ပဲ ရောက်လာပြီး လုပ်ကြံသူကို ဖမ်းသွားကြတယ်။ ယဲ့ကျန်းကျန်း သူတို့နောက်ကနေ လိုက်လာပြီး မေးလိုက်တယ်။

“ သူ့ကို သိကြလား”

“မယ်မယ့်ကို ပြန်လျှောက်တင်ပါတယ်။ သူက တတိယအဆင့် အစောင့်ရဲမက် ကန်းချန်လုပါ”

ထို့နောက် ယဲ့ကျန်းကျန်း သူတို့ကို အမိန့်ပေးလိုက်တယ်။

“သူ့ကို ကောင်းကောင်း စောင့်ကြည့်ထား။ သတ်သေဖို့ အခွင့်အရေးမရှိတာ သေချာပါစေ”

နောက်ဆုံးမှ စုကျဲယွီလည်း အကြောက်ပြေသွားပြီး ကျီဝူကျိုးရင်ခွင်ထဲ ဖက်ပြီး ငိုပါတော့တယ်။

ကျီဝူကျိုး သူမကို ပြန်တွန်းထုတ်မပစ်ခဲ့ဘူး။ လက်တစ်ဖက်နဲ့ စုကျဲယွီကို ထိန်းထားရင်း ယဲ့ကျန်းကျန်းကို ကြည့်ကာ

“သူ သတ်သေသွားမှာကို ဘာလို့အဲ့လောက် ကြောက်နေတာလဲ”

“ဘာသက်သေမှ မကျန်ခဲ့မှာ စိုးရိမ်လို့ပါ”

“ဘာလို့ သက်သေမကျန်ခဲ့မှာကို စိုးရိမ်နေတာလဲ”

ကျီဝူကျိုးက သိပ်စိတ်ရှုပ်ဖို့ ကောင်းတာပဲလို့ ယဲ့ကျန်းကျန်း တွေးလိုက်တယ်။ ဒါ့ကြောင့်မို့ သူ့ကို ပြန်ဖြေမနေတော့ဘဲ သူမ ထွက်သွားခွင့်ပဲ တောင်းလိုက်တယ်။ ခွန်းနင်နန်းဆောင်ကို ပြန်ရောက်တဲ့အချိန်ထိ သူမ စိတ်ပူနေမိတုန်းပဲ။ တကယ်လို့ လုပ်ကြံသူက နန်းတော်ထဲ ပေါ်လာတယ်ဆိုရင် အဲ့ဒါက လုလီရဲ့တာဝန် မကင်းဘူး။ အဲ့အခါကျ လူတွေက လုပ်ကြံသူက လုလီနဲ့ ပေါင်းကြံနေတာပါလို့ ပြောလာကြလိမ့်မယ်။ အဲ့လိုကနေ ဆက်သွားရင် လုအိမ်တော်ကော ယဲ့အိမ်တော်ပါ ပြဿနာထဲ ဆွဲအထည့်ခံရမှာပဲ။

ယဲ့ရှိုးမင်က မင်းသုံးဆက် ခစားလာတဲ့ အမတ်ကြီးဖြစ်ပြီး ဧကရာဇ်နှစ်ပါးရဲ့ မင်းဆရာလည်း ဖြစ်တယ်။ ဘယ်ပြစ်မှုမျိုးနဲ့မှ သူ့ကို စွပ်စွဲလာတာမျိုးကို မကြောက်ရွံ့ဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူလိုလူတောင်မှ မခံနိုင်တဲ့ ပြစ်မှုတစ်မျိုး‌ ရှိတယ်။ အဲ့တာက ပုန်ကန်မှုပဲ။ သူ့ရာထူးအဆင့်အတန်းက တော်ဝင်မိသားစုထဲမှာ အတော်လေး အကဲဆတ်တဲ့အနေအထားမှာ ရှိပြီး သူ့ကိုသာ ပုန်ကန်မှုနဲ့ စွပ်စွဲလာပြီဆို ကျန်တဲ့သူတွေပါ ယုံကြည်လာကြလိမ့်မယ်။ အဲ့အခါကျ ကျီဝူကျိုးတောင် ဘာမှလုပ်စရာမလိုဘဲ တစ်နိုင်ငံလုံးက ယဲ့ရှိုးမင်ကို ဆွဲချကြလိမ့်မယ်။

တကယ်တော့ ယဲ့ကျန်းကျန်း ကြောက်တာလည်း အဲ့တာပဲ။ ကျီဝူကျိုးက အဖြစ်အပျက်ကို အဖြူကနေ အမည်း ပြောင်းပစ်လိုက်မှာကို။ သူက ဧကရာဇ်ပဲ၊ နောက်ပြီး ယဲ့မိသားစုကို တစ်ချိန်လုံး စိတ်မချဖြစ်နေတာ။ ဒီတစ်ခေါက် အခွင့်အရေးကို အသုံးချပြီး ယဲ့မိသားစုတစ်ခုလုံးကို ဖယ်ရှားပစ်ဖို့ လုပ်မယ်ဆိုရင် ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ဘူး။

ယဲ့ကျန်းကျန်း တွေးလေး ပိုကြောက်မိလာလေပဲ။ အခန်းထဲမှာ နွေးနေပေနဲ့ သူမ ကျောချမ်းနေတယ်။

အဲ့လိုဖြစ်လို့ မရဘူး။ သေချာပေါက် ကျီဝူကျိုး ဘာမှမလုပ်ခင် သက်သေကို ရှာရမယ်!

တွေးရင်း ယဲ့ကျန်းကျန်း ဟာကွက်တစ်ခုကို စဉ်းစားမိသွားတယ်။ ဘာလို့ လုပ်ကြံတဲ့သူက ကျီဝူကျိုးကို သတ်ချင်တာလဲ?

ဧကရာဇ်ကို ပြောင်ပြောင်တင်းတင်း လုပ်ကြံဖို့ဆိုရင် အချက် ၂ခုပဲ ရှိတယ်။ ဧကရာဇ်ကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပုန်ကန်ချင်လို့ပဲ။ ကျီဝူကျိုး နန်းတက်တုန်းက တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ပြီး မင်္ဂလာဆောင်တုန်းကလည်း ထပ်ပေးခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ ဘယ်ရက်စက်ကြမ်းကြုတ်တဲ့ အရာမျိုးကိုမှ မလုပ်ခဲ့ဘူး။ သူ တစ်ယောက်ယောက်ကို သတ်ခဲ့တယ်ဆိုရင်တောင်မှ အဲ့တာက သေဒဏ်နဲ့ထိုက်တန်တဲ့ အပြစ်ကြီးကြီး ကျူးလွန်ထားတဲ့ ရာဇဝတ်သားတ္ပေပဲ။ ဘယ်တုန်းကမှ အပြစ်မရှိတဲ့သူတွေကို မသတ်ဖြတ်ဖူးဘူး။ ဆိုတော့ကာ ဒီတစ်ချက်က ဖြစ်နိုင်ချေ နည်းသွားပြီ။

ပုန်ကန်တယ်ဆိုရင်လည်း အဲ့တာက အတော် ထူးဆန်းနေမှာ။ ပုန်ကန်ဖို့ဆို အကြောင်းအရင်း ၂ချက်ပဲ ရှိတယ်။ တစ်ခုက ပြည်သူလူထုက တော်လှန်လာတာ။ နောက်တစ်ခုက နန်းလုတာ။ ဒါပေမဲ့ ဒီနေ့တွေမှာ ငြိမ်းချမ်းပြီး ပြည်သူတွေလည်း ကောင်းကောင်း နေနေတာမို့ ဘယ်သူမှ တော်လှန်ရေး ထလုပ်စရာအကြောင်း မရှိဘူး။ နန်းလုတယ်ဆိုရအောင်လည်း ကျီဝူကျိုးမှာက ညီအစ်ကို မပြောနဲ့ ညီမတောင် မရှိဘူး။ တခြား ဆွေမျိုးတွေကျပြန်တော့လည်း ဝေးလွန်းပြန်တယ်။ ဧကရာဇ်ကို လုပ်ကြံချင်တာလား? ကောင်းပြီ လုပ်ကြံလိုက်ပြီ ဆိုပါ‌စို့၊ ဘယ်သူက တက်အုပ်ချုပ်မှာတဲ့လဲ။ ကိုယ် ဖြစ်ချင်တာနဲ့ပဲ ဧကရာဇ်ဖြစ်လို့ ရပြီ ထင်နေတာလား။ ဘယ်သူက သူ့ကို လွယ်လွယ်ကူကူနဲ့ လက်ခံလိုက်မှာတဲ့လဲ။

ယဲ့ကျန်းကျန်း အဆုံးမရှိတဲ့ တွင်းနက်ကြီးထဲ ကျသွားသလို ခံစားလိုက်ရတယ်။ နောက်ကွယ်က လက်သည်မပြောနဲ့ သူမအတွက် ဧကရာဇ်ကို လုပ်ကြံရတဲ့အကြောင်းအရင်းကို စဉ်းစားရတာကကို အတော် မလွယ်ကူနေဘူး။

ခဏလေး ... သတ် ... သတ်တယ်? တကယ်လို့ ဒီဟာရဲ့ အဓိက ရည်ရွယ်ချက်က မသတ်ဖို့ ဆိုရင်ကော?

ယဲ့ကျန်းကျန်းအတွက် တံခါးတစ်ချပ် ပွင့်သွားသလိုပဲ။

စုကျဲယွီ တိုက်ခိုက်မှုကို ဘယ်လိုကာပြီး ဘယ်လိုမျိုး သူမ တုန့်ပြန်မှုက ချောချောမွေ့မွေ့ ရှိလဲဆိုတာ ယဲ့ကျန်းကျန်း တွေးလိုက်တယ်။ စုကျဲယွီလို အားနွဲ့တဲ့ မိန်းကလေး၊ ဘာသိုင်းမှလည်း မလေ့ကျင့်ဖူးတဲ့သူက ဘယ်လိုလုပ် သူမနဲ့ကျီဝူကျိုးထက်တောင်မှ မြန်နေရတာလဲ။ လုပ်ကြံသူက ကျီဝူကျိုးနဲ့စုကျဲယွီတို့ နောက်ဘက်ကနေ လာတာ။ သူမ လုပ်ကြံသူကို မြင်ဖို့ဆို အရင်ဆုံး နောက်လှည့်ကြည့်ရမယ်။ ဒါပေမဲ့ ဘယ်သူမှ မရှိတာကို သူမက ဘာလို့ လှည့်ကြည့်လိုက်ဝာာလဲ။ ပြောရကြေးဆို ယဲ့ကျန်းကျန်းက သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာမို့ မြင်ချင်းမြင် သူမက အရင် လုပ်ကြံသူကို မြင်ရမှာလေ။

နောက်ပြီး သတ္တိနည်းပြီး ဘာသိုင်းမှမတတ်တဲ့ နှေးနှေးကွေးကွေးမိန်းကလေးတစ်ယောက်က ဘယ်ကမှန်းမသိ လူစိမ်းတစ်ယောက် ပေါ်လာတာကို တွေ့ရင် ပထမဆုံး တုန့်ပြန်မှုက ထအော်ရတာမျိုး ဖြစ်ရမှာမဟုတ်ဘူးလား။ ဘယ်လိုလုပ် သူမ ဒီအဆင့်တွေကို ကျော်ပြီး ချက်ချင်း ကျီဝူကျိုးကို ထကာကွယ်တာလဲ။ ဘယ်လိုလုပ်ပြီး လုပ်ကြံသူရဲ့ ပစ်မှတ်က ဧကရာဇ်မှန်း သူမက အတပ် သိနေရတာလဲ??

ဒီသုံးသပ်မှုတွေ အကုန်လုံးက အကြောင်းအရင်းတစ်ခုဆီကို ဦးတည်သွားတယ်။ အဖြစ်နိုင်ဆုံး အကြောင်းအရင်းကို ယဲ့ကျန်းကျန်း ရှာတွေ့သွားတယ်။ စုကျဲယွီ အရှင်မင်းကြီးရဲ့နှစ်သက်မှုကို ပြန်ရဖို့ လုပ်ရင်း ရူးသွားပြီ ထင်တယ်။ ဒီအကြံကို ဘယ်သူ့ဆီက ရလာလဲတော့ သူမ မသိဘူး။ သူမကိုယ်ပိုင်အကြံလည်း ဖြစ်နိုင်တယ်။ အဆုံးသတ်မှာတော့ သူမ ရူးနှမ်းတဲ့ အကြံအစည်ကို လုပ်ခဲ့ပြီး ကျီဝူကျိုးအသက်ကို ကယ်တဲ့ ပြကွက်မျိုးနဲ့ သူ့နှစ်သက်မှုကို ပြန်အရယူချင်ခဲ့တာပဲ။

အဲ့လိုမဟုတ်ဘူးဆိုရင်တော့ စုကျဲယွီက တော်တော်ကို တုံးအ တာပဲ။ ဒီအကြံက အလုပ်ဖြစ်မယ့်ပုံတော့ ပေါ်ရင်ပေါ်လိမ့်မယ်။ အောင်မြင်သွားရင်တော့ သူမ သေချာပေါက် အရင်ရာထူးကို ပြန်တက်လာနိုင်ပေမဲ့ ကျရှုံးသွားရင်ကော ? ဒါက ဧကရာဇ်ကို လုပ်ကြံတဲ့ ပြစ်မှုကြီးပဲ။ ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရဘူး။ ဒီကိစ္စသာ ပေါ်သွားရင် စစ်သူကြီးစုလည်း ဆွဲအထည့်ခံရမှာပဲ။ စုတစ်မိသားစုလုံးတောင် အကျဉ်းလှည်းထဲ ရောက်သွားနိုင်တယ်။

ဒါ့ကြောင့်မို့ ဒီကိစ္စမှာ ယဲ့မိသားစု ဆွဲအထည့်မခံရအောင် တရားခံကို မြန်မြန် ဝန်ခံလာအောင် လုပ်ဖို့လိုတယ်။ ယဲ့ကျန်းကျန်း အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စိတ်ထဲ ဒီအကြောင်းတွေပဲ ပြည့်နှက်နေတယ်။




ရွှေနန်းထက်က ဧကရီ (Complete ✅)Hikayelerin yaşadığı yer. Şimdi keşfedin