Chapter 50

2.6K 210 2
                                    


Empress with No Virtue
Chapter 50
Translator – Utopia


ကျီဝူကျိုး အဓိက စစ်စခန်း ၃ခုဆီ သွားရောက်ခဲ့ပြီး တပ်ဖွဲ့အသီးသီးကို စစ်ချီမိန့်ခွန်းပြောကာ စစ်သည်ထောင်ပေါင်းများစွာကို အားမာန် တက်ကြွစေခဲ့တယ်။ အဲ့ဒီနောက် နန်းတော်ကို ပြန်လာပြီး ယန်ရှင်းခန်းမဆောင်မှာ တစ်နေ့လုံး အလုပ်တွေ လုပ်တယ်။ ညစာစားချိန်ကျ သူ ယဲ့ကျန်းကျန်းကို သတိရနေပြီဆိုတော့ ခွန်းနင်နန်းဆောင်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။

ချိုမြိန်တဲ့ မနေ့ကညလေးကို ပြန်တွေးရင်း ကျီဝူကျိုးရင်ထဲ နွေးထွေးချိုမြိန်လာတယ်။ ဒါကြောင့်မို့ သူ ယဲ့ကျန်းကျန်းနဲ့ တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။ သူ့ခြေလှမ်းတွေက မြန်သထက် မြန်လာတယ်။

ဒါပေမဲ့ သူ ခွန်းနင်နန်းဆောင်ကို ရောက်တဲ့အခါ ယဲ့ကျန်းကျန်းက ညစာစားဖို့တောင် မပြင်ဆင်ထားသေးတာကို တွေ့လိုက်ရတယ်။ ဒါက တစ်ခုခုတော့ ပုံမှန် ဟုတ်မနေဘူး။ တစ်ခုခု မှားနေပြီလို့ စိတ်ထဲ ခံစားရတာကြောင့် ကျီဝူကျိုး ယဲ့ကျန်းကျန်းအခန်းထဲ အမြန် ဝင်သွားလိုက်တယ်။

အခန်းထဲ ဘယ်သူမှ ရှိမနေခဲ့ဘူး။ စူးယွဲ့၊ စူးဖုန့်၊ ဝမ်ရိုးချိုင် တစ်ယောက်မှ ရှိမနေဘူး။ ထို့နောက် အိပ်ရာထဲကနေ ဆူဆူညံညံအသံတွေကို ကြားလိုက်ရတယ်။ အသံက ပါးစပ်ကို အဆို့ခံထားရလို့ ဝူးဝူးဝါးဝါး အော်နေသလိုမျိုး လေထုက တကယ်ကို ထူးဆန်းနေတယ်။

ယဲ့ကျန်းကျန်း ဖျားနေတာများလားလို့ ကျီဝူကျိုး တွေးလိုက်တယ်။ ဒါမဲ့ အိပ်ရာခန်းထဲ ဝင်လာပြီး တစ်ချက်ကြည့်ရအောင် လိုက်ကာကို မ လိုက်တယ်။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ၊ သူ မြင်လိုက်ရတဲ့အရာကြောင့် အံ့အားသင့်သွားရတယ်။

အိပ်ရာပေါ်မှာ ယဲ့ကျန်းကျန်းက ရှိမနေဘူး။ အဲ့အစား စူးဖုန့်နဲ့စူးယွဲ့က ပါးစပ်ကို အဝတ်နဲ့ ဆို့ခံထားရပြီး အိပ်ရာပေါ် ကြိုးတုပ်ခံထားရတယ်။ အစောနက ဝူးဝူးဝါးဝါးအသံတွေက သူတို့ဆီက လာတာပဲ။ သူတို့နှစ်ယောက် ကျီဝူကျိုးကို တွေ့တဲ့အခါ မျက်လုံးတွေ တောက်ပသွားပြီး အကြည့်ကနေတဆင့် ကျီဝူကျိုးကို တစ်ခုခု ပြောဖို့ ကြိုးစားနေကြတယ်။

ရုတ်တရက် ကျီဝူကျိုး တစ်ခုခု မကောင်းတာဖြစ်တော့မလို ခံစားလိုက်ရပြီး သူ့စိတ်ထဲ ဖြစ်နိုင်ချေရှိသမျှ အဖြစ်အပျက်တွေက တစ်ခုပြီး တစ်ခုပေါ်လာတယ်။ ပေါ်လာတာတွေကလည်း တစ်ခုထက် တစ်ခု သာတောင် ဆိုးလို့နေတယ်။ ကျီဝူကျိုး သူတို့ကို ပါးစပ်ကဆို့ထားတဲ့ဟာ ဖယ်ပေးလိုက်ပြီး မေးလိုက်တယ်။

"ဧကရီ ဘယ်မှာလဲ။ သူမကို ဝမ်ရိုးချိုင် ပြန်ပေးဆွဲသွားတာလား"

"အရှင်မင်းကြီးကို ပြန်လျှောက်တင်ပါတယ်။ ဝမ်ရိုးချိုင်ကို ဧကရီက ပြန်ပေးဆွဲသွားတာပါ!"

ယဲ့ကျန်းကျန်း အန္တရာယ်ကြုံနေရတာ မဟုတ်ဘူးဆိုတာ ကြားရမှပဲ ကျီဝူကျိုး နည်းနည်း စိတ်အေးနိုင်တော့တယ်။ သူတို့နှစ်ယောက်ကို ကြိုးဖြေပေးရင်း ‌ပြောလိုက်တယ်။

"ပြောစမ်း တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ"

"ဒီနေ့မနက် မယ်မယ့်ကို မနက်စာပြင်ဆင်ပေးပြီးတဲ့အချိန် သူမနဲ့ဝမ်ရိုးချိုင်တို့ပေါင်းပြီး ကျွန်တော်မျိုးမကို အိပ်ရာပေါ် ကြိုးတုပ်လိုက်တယ်။ နောက်ပြီးကျ စူးဖုန့်ကို ခေါ်လိုက်ပြီး သူမကိုလည်း ကြိုးတုပ်ပြီး ကျွန်တော်မျိုးမနဲ့ အတူထားသွားတယ်။ အဲဒီ့နောက် မယ်မယ်က ဝမ်ရိုးချိုင်နဲ့အတူ ထွက်သွားတယ်။ အဲ့မတိုင်ခင်မှာ ဝမ်ရိုးချိုင်က မယ်မယ့်ကို မသွားဖို့နားချသေးတယ်။ ထွက်သွားတဲ့အချိန် သူ့မျက်နှာက သိပ်ဆန္ဒရှိတဲ့ပုံ ‌မပေါ်ဘူး။ ဒါပေမဲ့ မယ်မယ်က သူ မလိုက်ဘူးဆို ကြိုးတုပ်ပြီး ထိုက်ယဲ့ရေကန်မှာ ငါးစာကျွေးပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ အဲဒီ့နောက် ဘာတွေဖြစ်သွားလဲဆိုတာတော့ ကျွန်တော်မျိုးမလည်း မသိဘူး"

"သူမ လုံးဝကို ပြန်မလာဘူးလား"

"ပြန်မလာပါဘူး"

ကျီဝူကျိုး နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဧကရီတစ်ပါးအနေနဲ့ သူမ လုပ်ချင်တာ အကုန် လုပ်လို့ရတာပဲဟာ ဘာလို့ အစေခံတွေကို ကြိုးတုပ်ဖို့ လိုမှာလဲ။ ဖြစ်နိုင်တာက သူမ ပြန်မလာတဲ့အခါ သူတို့နှစ်ယောက် လိုက်ရှာမှာစိုးလို့ ဖြစ်မယ်။ တကယ်လို့ သူတို့သာ ရှာမတွေ့ဘူးဆိုရင် နန်းတော်တစ်ခုလုံး တပ်လှန့်ပြီး လိုက်ရှာရလိမ့်မယ်။

သူတို့ လိုက်ရှာမှာကို စိုးရိမ်လို့?

သူမ နန်းတော်ကနေ ထွက်သွားတာလား ?!

ကျီဝူကျိုး သူ့အတွေးနဲ့တင် ထိတ်လန့် အံ့အားသင့်သွားရတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ နန်းတော်ကနေ ခိုးထွက်ဖို့ဆိုတာ မလွယ်ကူပေမဲ့လည်း ယဲ့ကျန်းကျန်းသာဆိုရင်တော့ မဖြစ်နိုင်စရာ မရှိဘူး။

ဒါ့အပြင် ဝမ်ရိုးချိုင်ကိုပါ ဖိအားပေးပြီး ခေါ်သွားတယ်ဆိုတော့ ဖြစ်နိုင်တာက သူ့မှာ အပြင်ထွက်ခွင့် တံဆိပ်ပြား ရှိလို့ဖြစ်မယ်။ အဲ့တာက ဧကရီမိဖုရားခေါင်ဖြစ်တဲ့ သူမတောင် လွယ်လွယ်နဲ့ မရနိုင်တဲ့အရာပဲ။

ကျီဝူကျိုး ချက်ချင်းပဲ နန်းစောင့်ရဲမက်တွေနဲ့ တာဝန်ကျ ကုန်းကုန်းတွေကို ဆင့်ခေါ်လိုက်ပြီး ဧကရီမိဖုရားခေါင် ဒါမှမဟုတ် မျက်နှာစိမ်းတစ်ယောက်ယောက်ကိုများ တွေ့မိသေးလား မေးလိုက်တယ်။ ယဲ့ကျန်းကျန်း ကုန်းကုန်းအနေနဲ့ ရုပ်ဖျက်ပြီး ထွက်သွားမှာကို ကျီဝူကျိုး စိုးရိမ်နေမိတယ်။

ဒီလူအုပ်ထဲမှာပဲ အတော်များများက သူမကို မြင်လိုက်ကြတယ်။ သူမက ရုပ်ဖျက်ပြီး မသွားခဲ့ဘူး။ သူတို့အဖြေကနေတဆင့် သူမ နန်းတော်ကနေ ထွက်ပြီး ရှန်းဝူဂိတ်ကို သွားနေမှန်း ကျီဝူကျိုး သိလိုက်ရတယ်။

ဒါနဲ့ပဲ ကျီဝူကျိုး ရှန်းဝူဂိတ်ကို ကိုယ်တိုင် အမြန်သွားပြီး တာဝန်ကျ ကုန်းကုန်းတွေ အကုန်လုံးကို ဆင့်ခေါ်ကာ ဧကရီမိဖုရားခေါင်ကို တွေ့လိုက်လား မေးလိုက်တယ်။

မနက်ပိုင်း တာဝန်ကျတဲ့ ကုန်းကုန်းက ပြန်ဖြေလာတယ်။

"အရှင်မင်းကြီးကို ပြန်လျှောက်တင်ပါတယ်။ ဧကရီမိဖုရားခေါင်က တော်ဝင်အမိန့်တော်နဲ့အတူ မနက် ၈နာရီဝန်းကျင်က နန်းတော်ထဲကနေ ထွက်သွားပါတယ်"

"တော်ဝင်အမိန့်တော်?"
ကျီဝူကျိုး အန္တရာယ်အရိပ်အငွေ့အတွေနဲ့ မျက်ခုံးပင့်ကာ ပြန်မေးခွန်းထုတ်လိုက်တယ်။

"ဘယ်တော်ဝင်အမိန့်တော်ကို သူမ ပြောတာလဲ!"

"မယ်မယ့်ပြောစကားအရဆို အဲ့တာက အရှင်မင်းကြီးကိုယ်တိုင် ပေးခဲ့တာလို့ ပြောပါတယ်"

ကျီဝူကျိုး အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်မေးလိုက်တယ်။

"သူမ တခြားတစ်ယောက်ယောက်ကိုကော ခေါ်လာသေးလား"

"အရှင်မင်းကြီးကို ပြန်ဖြေပါတယ်။ မယ်မယ်က ဝမ်ရိုးချိုင် တစ်ယောက်တည်းကိုပဲ ခေါ်လာတာပါ"

"သူမက လူတစ်ယောက်တည်းခေါ်လာတာကို မင်းတို့အားလုံးက သူမကို ထွက်သွားခွင့် ပေးရဲတယ်ပေါ့လား!!"

ဒီစကားတွေကို ပြောတဲ့အချိန်မှာ ကျီဝူကျိုးရဲ့မျက်နှာက သိပ်ကို ကြောက်စရာကောင်းနေတယ်။

ကုန်းကုန်းတွေလည်း တစ်ခုခု‌တော့ ဖြစ်နေပြီဆိုတာ သဘောပေါက်လိုက်ပြီး ချက်ချင်းပဲ ဒူးထောက်ကာ သက်ညှာပေးဖို့ တောင်းပန်တော့တယ်။

"တစ်ယောက်ယောက် ဒီလူတွေကို ဆွဲခေါ်သွားပြီး အချက် ၄၀ ရိုက်စမ်း! သူတို့ ခေါင်းကိုတော့ လောလောဆယ် ချမ်းသာပေးထားမယ်။ တကယ်လို့ ဧကရီမိဖုရား‌ခေါင်သာ တစ်ခုခုဖြစ်ခဲ့ရင် ငါ အဲ့အတွက် စာရင်းရှင်းဖို့ ပြန်လာခဲ့မယ်။ မင်း ! လူတချို့ခေါ်ပြီး နန်းပြင်မှာ ဧကရီမိဖုရားခေါင် ဘယ်ကိုထွက်သွားလဲ ခြေရာခံချေ! ဒီနေ့ ဘာကိစ္စပဲဖြစ်ဖြစ် ဘယ်ကိုမှ သတင်းထွက်လို့ မရဘူး။ စကားတစ်ခွန်းလောက်‌ တခြားသူကို ပြန်ပြောမိတာနဲ့ ဘယ်သူပဲဖြစ်ဖြစ် အကုန် ခေါင်းဖြတ်ခံရမယ်!"

သူ ပြောပြီးတာနဲ့ နောက်က ဆွဲခေါ်ခံရလို့ အော်ကြငိုကြ အသံတွေကို လျစ်လျူရှုပြီး ထွက်လာလိုက်တယ်။ ကျီဝူကျိုးတကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး သူ့အမူအရာက အတော်လေးကို ဆိုးရွားနေတယ်။ ဘေးက ဖုန့်ရိုးတျယ်တောင်မှ အရှင်မင်းကြီး အံကြိတ်နေတဲ့အသံကို အတိုင်းသား ကြားနေရတယ်။

တော်ဝင်အမိန့်တော်ကို အတုလုပ်တယ်! နန်းပြင်ကို ခွင့်ပြုမိန့်မရှိဘဲ ထွက်တယ်! ဒီမိန်းကလေးက တနေ့တခြား အတင့်ရဲသထက် ရဲလာနေတာပဲ!

ကျီဝူကျိုး ဒေါသထွက်ထွက်နဲ့ ကန်ချင်းနန်းဆောင်ကို ပြန်ရောက်လာတယ်။ ပြန်လာတဲ့လမ်းမှာ သူ့ကို မြင်လိုက်တဲ့ အစေခံတွေ ကုန်းကုန်းတွေ အကုန်လုံး ကြောက်လန့်ပြီး ဒူးထောက်ကာ တုတ်တုတ်မျှ မလှုပ်ရဲကြဘူး။ အသံတစ်စက်တောင် မထွက်ဘဲ ကျီဝူကျိုး မြန်မြန် ဝေးဝေးရောက်သွားဖို့ပဲ ကျိတ်ဆုတောင်းနေကြတယ်။ တကယ်ပဲ ဘယ်သူကများ ဧကရာဇ်ကို ဒီလောက်ထိ အမျက်ဒေါသထွက်အောင် လုပ်ရဲတာပါလိမ့်။

ခွန်းနင်နန်းဆောင်ကို ဖြတ်သွားတဲ့အချိန် ကျီဝူကျိုး ရုတ်တရက် ရပ်လိုက်တယ်။

နန်းတော်ထဲကနေ တော်ဝင်အမိန့်တော်နဲ့ ထွက်သွားတယ်? ဧကရာဇ်ကိုယ်တိုင် အမိန့်ပေးလိုက်တာ?

သူ့စိတ်ထဲ မနေ့ညက သူမကို ပြောခဲ့တဲ့စကားတွေကို တခွန်းမကျန် ပြန်စဉ်းစားနေတယ်။

"ထွက်သွား ငါ မင်းကို မမြင်ချင်ဘူး"

"သဘောပေါက်ပါပြီ"

"အရှင်မင်းကြီးက ဧကရာဇ်ဆိုတော့ အရှင်မင်းကြီး ပြောသမျှစကားတိုင်းက အမိန့်တော်ပဲ ဟုတ်တယ်မလား"

"ခေါင်းဆောင်တစ်ယောက်က သူ့စကားသူ ပြန်ရုပ်သိမ်းရိုးထုံးစံ မရှိဘူး"

.... ဆိုတော့ ဒီအမိန့်ကို ပြောချင်တာပေါ့။ ဒီနည်းနဲ့ မင်း နန်းတော်ထဲက ထွက်သွားခဲ့တာပေါ့! ကျန်းကျန်း မင်း တကယ်ပဲ !!!!

ကျီဝူကျိုး သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်။ မိုက်ကနဲ တစ်ချက်ဖြစ်သွားပြီး သူ့ရင်ဘတ်က စူးအောင့်သွားကာ ဒေါသကြောင့် ရုတ်တရက် ပါးစပ်ထဲ သွေးတွေ ပြည့်လာတယ်။ ထို့နောက် သူ့ပါးစပ်ကနေ အဆက်မပြတ် သွေးတွေ အန်တော့တယ်။

ကျီဝူကျိုး သွေးတွေအန်နေတာ ဖုန့်ရိုးတျယ်မြင်လိုက်တဲ့အချိန် လန့်ဖြန့်သွားပြီး ချက်ချင်းပဲ သူ့ကို ပြေးကူပေးကာ ဘေးနားက ကုန်းကုန်းတွေကို အော်ခေါ်လိုက်တယ်။

"မြန်မြန် တော်ဝင်သမားတော်ကို သွားခေါ်!"

သမားတော်ထိုက်က ကျီဝူကျိုးကို စမ်းသပ်ကြည့်ပေးပြီးတဲ့နောက် ဒေါသက နှလုံးကို ထိခိုက်သွားစေတာလို့ လျှောက်တင်လာတယ်။ ဒီဟာက သမားတော်ထိုက်ကိုတောင်မှ အံ့အားသင့်သွားစေတယ်။ အရှင်မင်းကြီးက စိတ်လိုက်မာန်ပါ ရှိတဲ့သူလည်း မဟုတ်တာကို ဘယ်ဟာကများ သူ့ကို ဒီလောက် ‌အမျက်ဒေါသ ထွက်စေခဲ့တာလဲ။

ကျီဝူကျိုး အားလုံးကို ထွက်သွားခိုင်းလိုက်ပြီး အိပ်ရာထဲ တစ်ယောက်တည်းလှဲရင်း တွေးနေတယ် ။

မနေ့ညက သူ သိပ်စိတ်ခံစားလွယ်နေလို့ အဲ့လို ချိုချိုမြိန်မြိန်စကားတွေကို ပြောခဲ့တာ။ ဒီအတိုင်း ယဲ့ကျန်းကျန်းက သူ့ဆီက ကတိတောင်းချင်တာလို့ပဲ သူ ထင်ခဲ့တာ။ ဒါကို အခွင့်အရေးအနေနဲ့ အသုံးချသွားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။

သူ့အနေနဲ့ သူမတစ်ယောက်တည်းအပေါ်ပဲ သစ္စာရှိပြီး ချစ်ပေးဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တယ်။ ကျီဝူကျိုးစိတ်ထဲ အဲ့တာက သူမနှလုံးသားကို လှုပ်ရှားသွားစေမယ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ သူမက နည်းနည်းမှတောင် သောက်ဂရုမစိုက်တာပဲ!

သူ့စိတ်ရင်းကို အသိအမှတ်မပြုတဲ့အပြင် ကြမ်းပြင်ပေါ် ပစ်စလက်ခတ် လွှင့်ပစ်လိုက်တာပဲ။ ဒါတင်မကသေးဘူး တံဆိပ်ပါ ခတ်သွားခဲ့တယ်။

သိပ်ရက်စက်တယ် ... ယဲ့ကျန်းကျန်း မင်း သိပ်ရက်စက်တာပဲ!!

ကျီဝူကျိုး ခါးသက်သက် ပြုံးလိုက်တယ်။ ဧကရာဇ်တွေက သွေးအေးပြီး နှလုံးသားမဲ့တယ်လို့ ပြောကြပေမဲ့ ဘယ်တော့မှ အရည်ပျော်မကျတဲ့ ကျောက်တုံးလို နှလုံးသားပိုင်ရှင်မျိုးကသာ လူတွေရဲ့ဘဝကို ခါးသီးအောင် လုပ်နိုင်တာ။

သူ့နှလုံးသားတစ်ခုလုံး အပ်ထောင်ပေါင်းများစွာနဲ့ ထိုးခံရသလို ခံစားနေရပြီး နာနာကျင်ကျင် ငိုကြွေးနေမိတယ်။ နှလုံးသားကို အပိုင်းပိုင်း ဖြတ်ခံနေရသလိုမျိုး နာလွန်းလို့ ထုံကျဉ်လာခဲ့တယ်။ အသက်ကို ခက်ခက်ခဲခဲ ရှူရင်း သူ့ရင်ဘတ်သူ ကိုင်ကာ ယဲ့ကျန်းကျန်းနာမည်ကို ဖြေးဖြေးချင်း ရေရွတ်နေမိတယ်။ သူ့အကြည့်က အချစ်မှာ ရူးသွပ်နေတဲ့သူတစ်‌ယောက်ကနေ တဖြေးဖြေးချင်း အေးစက်ပြီး အမုန်းတရားဘက်ကို ပြောင်းလာနေတယ်။

မင်း ငါ့အမိန့်တော်နဲ့ နန်းတော်ထဲက ထွက်သွားလိုက်ရုံနဲ့ ရပြီလို့ ထင်နေတာလား? ယဲ့ကျန်းကျန်း ငါ သေချာပေါက် ဒီကိစ္စကို လွယ်လွယ်နဲ့ ကျော်သွားပေးမှာ မဟုတ်ဘူး !

ကျီဝူကျိုး တစ်ညလုံး မအိပ်ခဲ့ဘူး။ ယဲ့ကျန်းကျန်းနဲ့ ပြောခဲ့တဲ့စကားတွေကို ပြန်တွေးရင်း၊ မနေ့ညက ဖြစ်ခဲ့တာကို ပြန်တွေးရင်း အဲဒီချိုမြိန်တဲ့ အခိုက်အတန့်အားလုံးက အခုတော့ ဟာသတစ်ခုလိုပဲ။

ပိုပြီး ရယ်ရတာက သူ ယဲ့ကျန်းကျန်းကို စပြီး စိတ်ပူလာနေမိတာပဲ။

မိန်းကလေးတစ်ယောက်တည်း၊ ကုန်းကုန်းလေးကို ခေါ်ပြီး ထွက်သွားတာ။ အပြင်က သာမန်အရပ်သားတွေရဲ့ နေပုံထိုင်ပုံကိုလည်း ဘာမှမသိနဲ့ တစ်ယောက်ယောက်ကသာ သူမကို လှည့်စားသွားရင် ဘယ်လိုလုပ်မလဲ။

တကယ်လို့ အန္တရာယ်သာ ကြုံရင် သူမ ဘယ်လိုလုပ်မလဲ။

တကယ်လို့ ဒီသတင်းသာ ပေါက်ကြားသွားရင်း နောက်ကွယ်မှာ မကောင်းတဲ့အကြံအစည် ရှိနေတဲ့သူတွေက သူမကို အရင် ရှာတွေ့သွားရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ။

အပြင်ဘက်က လောက က နန်းတော်ထဲကနဲ့ တခြားစီပဲ။ နန်းတော်ထဲမှာတော့ သူမ စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ရပေမဲ့ အပြင်ရောက်သွားရင် သူမက ဧကရီမိဖုရားခေါင်မှန်း ဘယ်သူက သိမှာတဲ့လဲ။ ဘယ်သူက သူမအပေါ် စိတ်ရှည်သည်းခံပြီး ကာကွယ်ပေးမှာတဲ့လဲ။

သူမနှုတ်ခမ်းထက်က မှဲ့လေးရယ်၊ ရွှန်းလဲ့တဲ့ မျက်ဝန်းတွေရယ်နဲ့ သူမက သိပ်လှပတဲ့ မိန်းကလေးပဲ။ တကယ်လို့သာ တစ်ယောက်ယောက်များ သူမအပေါ် မကောင်းကြံခဲ့ရင် ....

ကျီဝူကျိုး ဆက်တောင် မတွေးရဲတော့ဘူး။ ချက်ချင်းပဲ သူ မတ်တတ်ရပ်ပြီး အော်လိုက်တယ်။

"ကျောက်ကျီချန်း!"

သူ့စကားဆုံးတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ချက်ချင်းပဲ တစ်ယောက်ယောက် ပေါ်လာပြီး ဒူးထောက်ကာ

"ကျွန်တော်မျိုး ရှိပါတယ်။ အရှင်မင်းကြီး အမိန့်ပေးချင်တာများ ရှိပါသလား"

"အရိပ်ကိုယ်ရံတော်တပ်ဖွဲ့က သူတွေနဲ့ သူလျှိုတွေ အကုန်လုံးကို ခေါ်ပြီး ဧကရီမိဖုရားခေါင်ကို လိုက်ရှာချေ။ အိမ်တိုင်းကို လူလွှတ်ပြီး သတင်းကို လူတစ်ယောက်နဲ့ ပြန်ပို့ချေ"

"အမိန့်အတိုင်းပါ"

ကျောက်ကျီချန်း ထွက်သွားပြီးတဲ့နောက် ကျီဝူကျိုး အိပ်ရာပေါ် ပြန်လှဲရင်း တမှေးလောက် မှေးလိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က မအေးနိုင်ဖြစ်နေတာမို့ ကောင်းကာင်း အိပ်မပျော်ဘူး။ လွှတ်တော်တက်ဖို့ အရှင်မင်းကြီးကို ဖုန့်ရိုးတျယ် လာနှိုးတဲ့အချိန် အရှင်မင်းကြီး မျက်နှာက အတော်လေး ပင်ပန်းနွမ်းနယ်နေပြီး စိတ်အားမာန် လုံးလုံးကို မရှိဘူး ဖြစ်နေတယ်။

"အရှင်မင်းကြီး နေသိပ်မကောင်းဘူးဆို ဒီနေ့ လွှတ်တော်ကို ရုပ်သိမ်းလိုက်ပါလား။ အရာအားလုံးထက် အရှင်မင်းကြီးရဲ့ ကျန်းမာရေးက အဓိကပါပဲ"

ဖုန့်ရိုးတျယ်က အကြံပြုလာတယ်။

ကျီဝူကျိုး လွှတ်တော်အရေးကိစ္စကို စိတ်ထဲ ထည့်မစဉ်းစားနိုင်သေးပေမဲ့လည်း သူ ဟွမ်ကျီခန်းမဆောင်ကိုတော့ ရောက်အောင် သွားခဲ့ပြီး ခဏ ထိုင်နေတယ်။ ဖုန့်ရိုးတျယ် မျက်နှာရိပ်မျက်နှာကဲ မပြခင်အထိ အမတ်တွေကလည်း အကြိတ်အနယ် မနားတမ်း လျှောက်တင်နေကြတယ်။ ဒီလိုနဲ့ လွှတ်တော်ကလည်း ခပ်စောစောပဲ ပြီးသွားတယ်။

လွှတ်တော်ပြီးသွားတဲ့နောက် ကျီဝူကျိုးဆီ အရိပ်ကိုယ်ရံတော်တပ်ဖွဲ့က ‌သတင်းပို့လာတယ်။ ယဲ့ကျန်းကျန်း ရှန်းဝူဂိတ်ကို ဖြတ်ပြီးတဲ့နောက် သူမအိမ်မှာ မရပ်ဘဲ မြောက်ဘက်ကို ဆက်ထွက်သွားတယ်။ အဲ့ဒီနောက် သူမ ရုပ်ဖျက်လိုက်တာမို့ ဆက်ပြီး ခြေရာခံလို့ မရတော့ဘူး။ ကျောက်ကျီချန်း သူမပုံတူကို ဆွဲခိုင်းပြီး မြို့တော်ရဲ့ အဓိကဂိတ်တံခါးတိုင်းမှာ လိုက်ရှာခိုင်းထားတယ်။

မြောက်ဘက်ကို သွားတယ်? အိမ်ကို ပြန်မလာဘူး?

ကျီဝူကျိုး ဒီစကားနှစ်ခွန်းကိုပဲ ပြန်တွေးရင်း စစ်နင်နန်းဆောင်ဆီ လျှောက်လာခဲ့တယ်။ ယဲ့ကျန်းကျန်း ရုတ်တရက် နေမကောင်းဖြစ်နေလို့ ပုံမှန် နှုတ်ဆက်ရမယ့်တာဝန်ကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ မယ်တော်ကြီးကို ပြောလိုက်တယ်။ တခြားကြင်ယာတော်တွေလည်း ခွန်းနင်နန်း‌ဆောင်ဆီ သွားပြီး သူမကို သွားနှုတ်ဆက်စရာ မလိုဘူး။

"သားတော် မယ်တော့်ကို အရူးလုပ်ချင်နေသေးတာလား။ သူမ နန်းတော်ထဲက ခိုးထွက်သွားတာ ထင်ရှားနေတာကို!"

အခုအချိန်မှာ ဘယ်သူ သတင်းဖြန့်လိုက်တာလဲ စဉ်းစားနေဖို့ သူ့မှာ အချိန်မရှိဘူး။

"သူမ ခိုးထွက်သွားတာ မဟုတ်ဘူး။ သူမမှာ သားတော်ရဲ့ အမိန့်ပါတယ်"

မယ်တော်ကြီးက ဆူပူလိုက်တယ်။

"ဒီလိုလုပ်ရပ်မျိုးကို ဧကရာဇ်က အရေးမယူတဲ့အပြင် သူမအပြစ်ကိုပါ ကူဖုံးပေးနေတာလား"

"မယ်တော် သားတော် ဒီနေ့ သိပ်စိတ်ကြည်မနေဘူး။ ဒီတော့ မယ်တော်နဲ့ စကားမများချင်ဘူးရယ်။ တစ်ခုပဲ ပြောလိုက်မယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး ဧကရီ့ကို ထိခိုက်အောင် လုပ်ဖို့ ကြံထားရင် သားတော် သေချာပေါက် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"

မြို့တော်က ဂိတ်တံခါးတိုင်းမှာ လိုက်ရှာခဲ့ပေမဲ့ ဘယ်သူမှ ဧကရီမိဖုရားခေါင် ထွက်သွားတာကို မမြင်လိုက်ဘူးလို့ ကျောက်ကျီချန်းက သတင်းပို့လာတယ်။ ကျီဝူကျိုးလည်း နည်းနည်း စိတ်အေးသွားတဲ့ပုံပေါ်တယ်။ ဒါ့ကြောင့် သူ့အတွေးတွေက ပိုရှင်းလင်းလာတယ်။ ယဲ့ကျန်းကျန်း သူ့ကို လှည့်စားပြီး သွေးအေးတာကိုပဲ သူ ဒေါသထွက်နေခဲ့တာကြောင့် အဓိက အရေးကြီးတဲ့အချက်ကို မတွေးမိဘူး ဖြစ်သွားတယ်။

ဘာလို့ ယဲ့ကျန်းကျန်းက ဒီလောက်အရဲစွန့်ပြီး နန်းတော်ထဲက ထွက်သွားရတာလဲ ? သူမ တကယ် ဘာလုပ်ချင်တာလဲ၊ ဘာလို့ နန်းတော်ထဲက ထွက်သွားမှ လုပ်လို့ရတာလဲ?

စစ်ပွဲပဲ။

ဒါ့ကြောင့်မို့ သူမ မြို့တော်ကနေ ထွက်သွားတာကိုး။ ဂိတ်တံခါးက အစောင့်တွေလည်း သူမကို မှတ်မိမှာ မဟုတ်ဘူး။ ဘာလို့ဆို သူမက ကောင်းကောင်း ရုပ်ဖျက်ခဲ့လိုပဲ။

"သူမကို ဆက်ရှာစရာ မလိုတော့ဘူး။ အဖြစ်နိုင်ဆုံးက သူမ စစ်စခန်းရှိတဲ့နေရာဆီ သွားတာပဲ ဖြစ်မယ်"

ကျီဝူကျိုး ကျောက်ကျီချန်းကို ပြောလိုက်တယ်။ အခုတော့ သူ တကယ်ကြီး ယဲ့ကျန်းကျန်းကို ကျားတံဆိပ် ပေးမိတဲ့အတွက် နောင်တ ရနေပြီ။ သူမ ဒီလောက် သတ္တိကောင်းလိမ့်မယ်လို့ သူ မထင်ခဲ့မိတာ။

ကြမ်းပြင်မှာ ဒူးထောက်နေတဲ့ ကျောက်ကျီချန်းလည်း နည်းနည်း စိတ်အေးသွားတယ်။

"အရှင်မင်းကြီး စစ်စခန်းကနေ ဧကရီမိဖုရားခေါင်ကို ပြန်ခေါ်ဆောင်လာဖို့ ကျွန်တော်မျိုးကို တစ်ယောက်ယောက် လွှတ်ခိုင်းစေချင်လား"

"မလိုဘူး။ ဒီတစ်‌ခါ ငါကိုယ်တိုင် သူမကို ရအောင် ဖမ်းမယ်"

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now