Empress with no virtue
Chapter 69
Translator – Utopia
အခု ကျီဝူကျိုး ဘယ်လိုခံစားနေရလဲဆိုတာကို ဖော်ပြနိုင်တဲ့ စကားလုံးတောင် မရှိတော့ဘူး။ သူ ဒေါသကို ထိန်းရင်း သမားတော်ထိုက်ကို ဆင့်ခေါ်လိုက်တယ်။
သမားတော်ထိုက်ဝင်လာတဲ့အခါ သူ့တပည့်က ဧကရာဇ်ရှေ့ ပြားပြားဝပ်အောင် ဒူးထောက်ရင်း ချွေးဒီးဒီးကျလို့။ သူ့ရဲ့နက်ပြာရောင်သမားတော်ဝတ်စုံတောင် စိုရွှဲနေပြီ။ နဖူးက ချွေးစေးတွေဆိုတာလည်း ပြောမနေနဲ့တော့။
သမားတော်စွန်းက သမားတော်ထိုက်ရဲ့ တပည့်ရင်း ဖြစ်တယ်။ ဒီတပည့်က ချွန်ထွက်နေအောင် တော်တာမျိုးတော့ မဟုတ်ပေမဲ့ လူကောင်းတစ်ယောက်ဖြစ်ပြီး ကြိုးစားလို့ သမားတော်ထိုက် သိပ်သဘောကျတဲ့တပည့်ပဲဖြစ်တယ်။ ကျီဝူကျိုးကို အရိုအသေပေးပြီးတဲ့နောက် ဖြူလျော့နေတဲ့ သမားတော်စွန်းကို တချက်လှမ်းကြည့်လိုက်တယ်။ ထို့နောက် အရှင်မင်းကြီးကို ကြည့်ပြန်တော့လည်း မျက်နှာကောင်းမနေတာကို တွေ့လိုက်ရတယ်။
ဒီသောက်ကောင်လေး အခြေအနေ ဒီလောက်တင်းမာအောင် ဘာသွားလုပ်ခဲ့တာပါလိမ့်။
"ခင်ဗျားရဲ့ သိပ်တော်တဲ့ တပည့်လေးလေ အဲ့မှာ"
ကျီဝူကျိုး သမားတော်စွန်းကို တချက်ကြည့်လိုက်ပြီး သမားတော်ထိုက်ကို ပြန်ကြည့်ရင်း
"ငါကိုယ်တော်ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်ပြီး ကိုယ်ဝန်ရှိနေတယ်လို့ ပြောတယ်!"
ဒီစကားကို ကြားတဲ့အခါ သမားတော်ထိုက် မတ်တတ်ရပ်နေရာကနေ ချက်ချင်း ကြမ်းပြင်မှာ ဒူးထောက်လိုက်ပြီး
"ကျွန်တ်ောမျိုး သေချာ မသင်ပြခဲ့မိလို့ပါ။ ကျွန်တော်မျိုး သေသင့်ပါတယ်"
"ယောက်ျားနဲ့ မိန်းမတောင် မခွဲခြားနိုင်တာ တော်ဝင်သမားနန်းဆောင်ကသူတွေအကုန်လုံး သေကုန်ကြလို့လား!။ ဒီလိုအကန်းမျိုးကို တော်ဝင်သမားနန်းဆောင်က မွေးထုတ်လိုက်တာလား"
"အရှင်မင်းကြီး မှန်ပါတယ်။ ဒီလိုလူမျိုးက တော်ဝင်သမားနန်းဆောင်မှာ မရှိသင့်ဘူး။ ဒါပြီးတာနဲ့ ကျွန်တော်မျိုး သူ့ကို ရွာပြန်ပို့ပြီး လယ်စိုက်ခိုင်းပါတော့မယ်"
သမားတော်စွန်းကတော့ နှုတ်ဆိတ်နေဆဲဖြစ်တယ်။ ဒါပေမဲ့ ချွေးတွေက တဒီးဒီးနဲ့ ကြမ်းပြင်ပေါ်တောင် တောက်ကနဲ တောက်ကနဲ ကျနေတယ်။
သူ့အဖြစ်ကို ကြည့်ရင်း သမားတော်ထိုက် မာန်လိုက်တယ်။
"အရှင်မင်းကြီး မင်းကို အသက်ချမ်းသားပေးတာ ကျေးဇူးတင်လိုက်လေ အမြန်!"
စိတ်ဓာတ်ကျသွားတဲ့မျက်နှာနဲ့ သမားတော်စွန်းက ခပ်တိုးတိုး ပြောလိုက်တယ်။
"ဒါပေမဲ့ အရှင်မင်းကြီးက တကယ်ပဲ ကိုယ်ဝန်ရှိတဲ့သွေးခုန်နှုန်းမျိုးကို ပြနေတာပါ ....."
"မင်း!"
အရှင်မင်းကြီးရှေ့မှာသာ မဟုတ်ရင် သမားတော်ထိုက် သူ့တပည့်ကို အသေလုပ်ပစ်ချင်နေပြီ။ သူ့ခေါင်းမော့ပြီး အရှင်မင်းကြီးကိုကြည့်လိုက်တော့ သူ့မျက်နှာက မှင်အိုးလို မည်းမှောင်နေပြီ။ သမားတော်ထိုက်လည်း သူ့တပည့်အတွက် တောင်းပန်ပေးဖို့လုပ်ရင်း ရုတ်တရက် တစ်ခုကို စဥ်းစားမိသွားတယ်။ သမားတော်စွန်းက ချွန်ပြီးတော်တဲ့သူမျိုးတော့ မဟုတ်ပေမဲ့ သူ့အရည်အချင်းက ညံ့တဲ့အထဲတော့ မပါဘူး။ သူ့တပည့်တွေထဲမှာလည်း သမားတော်စွန်းက အတော်ဆုံးဖြစ်တယ်။ အခြေခံ ကိုယ်ဝန်သွေးခုန်နှုန်းကိုတောင် ကျားမ မခွဲခြားနိုင်လောက်အောင်တော့ သူ မတုံးအပါဘူး ဟုတ်တယ်မလား??
ထားလိုက်တော့ မီးစင်ပဲ ကြည့်ကကြတာပေါ့။ သမားတော်ထိုက် ခေါင်းမော့လာပြီး
"အရှင်မင်းကြီး ကျွန်တော်မျိုး အပြစ်ပြုမိခဲ့တယ်ဆို တောင်းပန်ပါတယ်၊ ကျွန်တော်မျိုးကိုယ်တိုင် အရှင်မင်းကြီးကို သွေးခုန်နှုန်း စမ်းသပ်ကြည့်ပေးလို့ရမလား"
ကျီဝူကျိုး စိတ်ရှည်ရှည်နဲ့ပဲ သူ့လက်ကို ဆန့်ထုတ်ပေးလာတယ်။
သမားတော်ထိုက် သူ့လက်နှစ်ဖက်လုံးကို သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် မျက်မှောင်ကျုံ့သွားတယ်။
"တကယ်ပဲ ကိုယ်ဝန်ရှိတဲ့သွေးခုန်နှုန်းပဲ"
ကျီဝူကျိုးရဲ့မျက်နှာက ဒေါသထွက်ရလွန်းလို့ ပေါက်ထွက်တော့မလို့ ဖြစ်နေပြီ။ သမားတော်ထိုက်က ချက်ချင်းပဲ
"အရှင်မင်းကြီး လတ်တလော ထူးခြားတာတစ်ခုခုများ စားမိသေးလား"
ကျီဝူကျိုးရဲ့ ဒေါသက ငြိမ်သက်သွားတယ်။
"ဘယ်လိုအစားအစာကများ လူတစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်နိုင်တာလဲ ကိုယ်တော် သိချင်မိတယ်"
"ကျွန်တော်မျိုးပြောချင်တဲ့သဘောက ဖြစ်နိုင်တာက အရှင်မင်းကြီး တကယ် ကိုယ်ဝန်ရှိနေတာမျိုး မဟုတ်ဘဲ ကိုယ်ဝန်သွေးခုန်နှုန်းဖြစ်စေနိုင်တဲ့ တစ်ခုခုကို စားမိလိုက်တာမျိုး ဖြစ်ပါလိမ့်မယ်"
ကျီဝူကျိုး မျက်စိမှိတ်ပြီး ပြန်စဥ်းစားနေတယ်။
သမားတော်ထိုက် သူ့အဖြေကို စောင့်ရင်း ချွေးဒီးဒီးထွက်လာတယ်။ ရုတ်တရက် ကျီဝူကျိုးက ပြောလာတယ်။
"အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့ သွေးခုန်နှုန်းစမ်းတာအပြင် တခြားနည်းလမ်းကော ရှိသေးလား"
"ရှိကြောင်းပါ"
"ငါကိုယ်တော်နဲ့အတူ ခွန်းနင်နန်းဆောင်ကို လိုက်ခဲ့"
"နားလည်ပါပြီ"
"ဒါက အိုက်မြက်ပင်ကနေ ထွက်တဲ့ ချွမ်းရှုန်အမှုန့်ပါ။ မယ်မယ်သာ တကယ် ကိုယ်ဝန်ရှိနေရင် ဒါကို သောက်ပြီးတဲ့နောက် ဝမ်းဗိုက်မှာ အနည်းငယ် နေရမသက်မသာ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်တော်မျိုး ပမာဏကို သေချာစီမံထားပြီးပါပြီ။
ထို့နောက် ဆေးခွက်ယူခဲ့ဖို့ သမားတော်စွန်းကို ခိုင်းလိုက်တယ်။
စူးယွဲ့က ဆေးခွက်ကို လက်ခံယူပြီးနောက် ငွေဇွန်းနဲ့ အနည်းငယ် မွှေလိုက်တယ်။ ယဲ့ကျန်းကျန်း ဆေးခွက်ကို ကြည့်ရင်း
"ဒါကိုသောက်လိုက်ပြီးရင် ငါ ကိုယ်ဝန်ရှိမရှိ သင် ဘယ်လိုစစ်ဆေးမှာလဲ"
"မယ်မယ် သောက်လိုက်ပြီးနောက် ဝမ်းဗိုက်အောက်ပိုင်းမှာ မသက်မသာ ခံစားရလား အာရုံခံကြည့်ပါတယ်။ တကယ်လို့ လှုပ်လှုပ်ရှားရှားဖြစ်တယ်ဆို သန္ဓေသားရှိနေတဲ့သဘောပါပဲ၊ တကယ်လို့ မရှိဘူးဆိုရင်တော့ လစဥ်ဓမ္မတာစက်ဝန်း မမှန်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်"
ယဲ့ကျန်းကျန်း သူပြောတဲ့အတိုင်း သောက်လိုက်တယ်။ ကျီဝူကျိုးကတော့ ဘေးကနေ စိတ်ပူရင်းပဲ ကြည့်နေနိုင်တယ်။ ခဏကြာတဲ့အခါ သမားတော်ထိုက်က ခေါင်းညိတ်ပြတာမြင်တော့ သူ ချက်ချင်းပဲ ယဲ့ကျန်းကျန်းကို မေးလာတယ်။
"ဘယ်လိုနေလဲ"
ယဲ့ကျန်းကန်းက ခေါင်းခါပြလိုက်တယ်။
"ဘာမှမခံစားရဘူး"
သူ့ခန္ဓာကိုယ်က ပြေလျော့သွားသလို ကျီဝူကျိုး ခံစားလိုက်ရတယ်။
သူတို့နှစ်ယောက်မှာ ပြောစရာရှိနေမှာ သိတာကြောင့် သမားတော်ထိုက်လည်း သူ့တပည့်ကို ဆွဲခေါ်ရင်း ပြန်သွားတော့တယ်။ ခွန်းနင်နန်းဆောင်အပြင် ရောက်မှပဲ သူတို့ဆရာတပည့်နှစ်ယောက် သက်ပြင်းရှည်ကြီးချရင်း ချွေးသုတ်နိုင်တော့တယ်။
ခွန်းနင်နန်းဆောင်ထဲမှာတော့ ကျီဝူကျိုး ယဲ့ကျန်းကျန်းရဲ့ဘေးမှာ စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေတော့တယ်။
ယဲ့ကျန်းကျန်း သူ့ပုခုံးပေါ် ခေါင်းမှီရင်း သူ့လက်ကို ဆုပ်ကိုင်ထားတယ်။ ကျီဝူကျိုးကလည်း သူမလက်ကလေးကို ဆုပ်ကိုင်ရင်း
"ကျန်းကျန်း ကိုယ့်စိတ်ထဲ အဖေတစ်ယောက်ဖြစ်တော့မယ်လို့ တွေးနေခဲ့တာ"
မနေ့ညက သူ အပျော်လွန်ပြီး တစ်ညလုံး အိပ်မပျော်ဘဲ ကလေးနာမည်တွေတောင် ရွေးနေခဲ့တာ ဖြစ်တယ်။
"အရှင်မင်းကြီး ဒီအကြောင်းကို ဘယ်လိုရှာတွေ့သွားတာလဲ"
"......."
သူ ဘယ်တော့မှ အမှန်ကို ပြောပြမှာ မဟုတ်ချေ။
"ဒါပေမဲ့ အဖြစ်အပျက်တွေ အကုန်လုံးက ဆက်စပ်နေသလိုပဲ" ယဲ့ကျန်းကျန်းက ပြောလာတယ်။
"ပထမတုန်းက ကျွန်တော်မျိုးမ ရန်သူ့လက်ထဲ အဖျက်စီးခံခဲ့ရတဲ့သတင်း ထွက်တယ်၊ နောက်ပြီးကျ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်း ထွက်လာပြန်တယ်။ အဲ့လိုသာဆို ဒီကလေးရဲ့ဇစ်မြစ်က မရှင်းမလင်းနဲ့ တကယ်လို့ အရှင်မင်းကြီးရဲ့ သွေးသားဖြစ်နေရင်တောင်မှ အားလုံးက မဟုတ်ဘူးလို့ ထင်ကြလိမ့်မယ်။ ဒါက အနာကိုဆားသိပ်သလိုပဲ၊ တကယ် ကျွန်တော်မျိုးမက အဖျက်စီးခံရပြီး ကိုယ်ဝန်ရှိလာတယ် ထင်ချင်စရာဖြစ်သွားပြီ။ အဲ့အခါကျ ကျွန်တော်မျိုးမ ဘာပြောပြော အသုံးဝင်တော့မှာ မဟုတ်ဘူး။ နောက်ထပ်အခြေအနေတစ်ခုက ကျွန်တော်မျိုးက ကိုယ်ဝန်ရှိတဲ့အကြောင်းကို တော်ဝင်မိသားစုကို တမင်တကာ နောက်ကျမှ ပြောပြီး ကလေးကို အရှင်မင်းကြီးကလေးပါလို့ လိမ်ညာတာပဲ။ အဲ့အခါကျ ဒီအဖြစ်အပျက်တွေ အကုန်လုံးကို ဆက်စပ်မိပြီး ဆိုးရွားတဲ့စွပ်စွဲချက်တွေပါ ထွက်လာနိုင်တယ်။ နောက်တက်မယ့်ဧကရာဇ်က တော်ဝင်သွေးမစစ်တာကြောင့် နောက်ဆုံးကျ အပြစ်တွေအားလုံးက ကျွန်တော်မျိုးမဆီပဲ ရောက်လာလိမ့်မယ်"
သူမကို ပြန်ဖြေလိုက်သလားထင်ရအောင် ငှက်ထားတဲ့သစ်တန်းပေါ် နေ,နေတဲ့သာလိကာက ရုတ်တရက်ဆိုသလိုပဲ ပြောလာတယ်။
"ဧကရီက နဂါးမျိုးဆက်ကို ကိုယ်ဝန်လွယ်ထားတာ မဟုတ်ဘူး။ အောက်တန်းစားအရိုင်းအစိုင်းရဲ့မျိုးဆက်ကို ကိုယ်ဝန်လွယ်ထားတာ!"
"ကြည့် သူတောင် သိနေပြီ"
ယဲ့ကျန်းကျန်း ရယ်လိုက်ပြီး
"သူ အပြင်ထွက်သွားတဲ့ညက နန်းတော်ထဲ ထူးခြားတာတွေကို ကြားလာတဲ့ပုံပဲ။ အရှင်မင်းကြီး မစွမ်းဆောင်နိုင်တဲ့အကြောင်းလည်း ဒီသာလိကာပဲ ပြောတာ။ ကြည့်ရတာ သူတို့ဘက်က အကွက်ချကြံစည်ထားပြီးသား ထင်တယ်။ အရှင်မင်းကြီးက မစွမ်းဆောင်နိုင်ဘူး၊ ဧကရီမိဖုရားခေါင်က ကိုယ်ဝန်ရှိနေတယ်၊ သဘောက ကလေးက အရှင်မင်းကြီးရဲ့ကလေး မဟုတ်ဘူးဆိုတာပဲ။ ဒါက အရှင်မင်းကြီးကို ပါးဖြတ်ရိုက်လိုက်တဲ့ လုပ်ရပ်ပဲ။ အမှန်ဖြစ်စေ မဖြစ်စေ အရှင်မင်းကြီးကို သိက္ခာကျစေခဲ့ပြီ။ သေချာပေါက် အရှင်မင်းကြီးက ကျွန်တ်ောမျိုးမကို လွယ်လွယ် ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါက တတိယအခြေအနေပဲ"
ကျီဝူကျိုး ဘာမှတော့ ပြန်မပြောပေမဲ့ သူ့လက်တွေက ပိုကျစ်သထက်ကျစ်အောင် ဆုပ်ထားတာကြောင့် သူမတောင် နာလာတော့တယ်။
"တစ်ဆင့်ချင်းစီက သိပ်ကို ပါးနပ်ရက်စက်လွန်းတယ်။ တစ်ခုပဲ ဘယ်လောက်ပဲ သူတို့ကြိုတွက်ထားပါစေ အဆုံးသတ်ကျ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာပဲ"
နောက်ဆုံးမှာ ခပ်မဲ့မဲ့အပြုံးတစ်ခုနဲ့ သူမ က နိဂုံးချုပ်လိုက်တယ်။
ကျီဝူကျိုး သူမကို အလေးအနက် ကြည့်လာတယ်။
"ကျန်းကျန်း ဘာတွေပဲဖြစ်ပါစေ ကိုယ် မင်းကို သစ္စာဖောက်မှာ မဟုတ်ပါဘူး"
ရုတ်တရက် သူ့ဘက်က အဲ့လိုကြည့်လာတော့ သူမ မျက်လွှာချထားမိတယ်။
"ကျန်းကျန်း သေချာပြန်တွေးကြည့်ပါဦး၊ ဒီတလောအတွင်း တစ်ခုခု ထူးဆန်းတာ မင်း စားမိသေးလား"
ယဲ့ကျန်းကျန်း ခဏ တွေးကြည့်လိုက်ပြီးနောက် ခေါင်းခါပြလာတယ်။
"ကျွန်တ်ောမျိးမ ကိုယ့်နန်းဆောင်မှာပဲ ကိုယ်စားတာပါ။ မယ်တော်ကြီးနန်းဆောင်မှာတောင် ရေနွေးတစ်ငုံ သောက်တာမဟုတ်ဘူး။ ခွန်းနင်နန်းဆောင်က စားဖိုဆောင်ကလည်း ဘာမှသံသယဖြစ်စရာမရှိဘူး"
"ဒါဆို သူများဆီက လက်ဆောင်ဆက်သလာတာမျိုးကော စားမိသေးလား"
"ကျွမ်းကိုယ်လုပ်တော်* ဆက်သလာတဲ့ ဌာပနာမုန့်ပဲ စားတာရှိတယ်"
ကျီဝူကျိုး ပြန်တွေးကြည့်လိုက်တယ်။ အဟုတ်ပဲ ! သူလည်း ကျွမ်းကိုယ်လုပ်တော်ရဲ့ မုန့်တွေကို စားခဲ့တာ။
"ကြည့်ရတာ ပြဿနာက အဲ့ကစတာထင်တယ်"
"မဖြစ်နိုင်ဘူး"
ယဲ့ကျန်းကျန်းစိတ်ထဲ ထူးဆန်းနေတယ်။
"ကျွမ်းကိုယ်လုပ်တော်က နောက်ကွယ်မှာ ကြံတာမျိုး မရှိဘူး။ ဒါ့အပြင် သူမဆိုတာ အရှင်မင်းကြီးက ဘာလို့ သေချာနေတာလဲ။ နောက်ပြီး ကျွန်တော်မျိုးမရဲ့ကိုယ်ဝန်အကြောင်း ရှာတွေ့သွားတာကောပဲ"
ဒါပေမဲ့လည်း ကျီဝူကျိုးကတော့ ပြန်မဖြေလာခဲ့ဘူး။ ထို့နောက် ကျွမ်းကိုယ်လုပ်တော်ကို ခေါ်လာဖို့ ဖုန့်ရိုးတျယ်ကို အမိန့်ပေးလိုက်တယ်။
"မင်းကို ကိုယ်တော် အခွင့်အရေး တစ်ခါပဲ ပေးမယ်။ မင်း ဧကရီကို ဘာကြံစည်ခဲ့တာလဲ!"
ကျွမ်းကိုယ်လုပ်တော် ရောက်ရောက်ချင်းပဲ ကျီဝူကျိုးက ပြောလာတယ်။ ကျွမ်းကိုယ်လုပ်တော်ခမျာ ဘာတွေဖြစ်နေတာလဲ နားမလည်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကျီဝူကျိုးမျက်နှာက ခက်ထန်နေပြီး ဧကရီမိဖုရားခေါင်က သူမကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေတယ်။ ကျွမ်းကိုယ်လုပ်တော် အဲ့လောက်တော့ မတုံးချေ။ ပတ်ဝန်းကျင်ကလည်း ငြိမ်သက်နေပြီး လေထုက ခက်ထန်နေတာ ဖြစ်နိုင်တာကတော့ သူမ သူများချောက်ချတာ ခံလိုက်ရပြီနဲ့ တူတယ်။
"အရှင်မင်းကြီးနဲ့ မယ်မယ့်ကို ပြန်လည်လျှောက်တင်ပါတယ်။ ကောင်းကင်နဲ့မြေကြီးကို သက်သေထားပါတယ်၊ ကျွန်တော်မျိုးမ ဘယ်တုန်းကမှ ဧကရီမိဖုရားခေါင်အပေါ် မရိုင်းပျခဲ့ဖူးပါဘူး။ ဖြစ်နိုင်တာက တစ်ခုခု အထင်လွဲနေတာပဲ ဖြစ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး သေချာစုံစမ်းစစ်ဆေးပေးဖို့ အရှင်မင်းကြီးနဲ့ မယ်မယ့်ကို ကျွန်တော်မျိုးမ တောင်းပန်ပါတယ်"
ယဲ့ကျန်းကျန်းက ပြောလာတယ်။
"ဒီတလောအတွင်း နင့်နန်းဆောင်မှာ တစ်ခုခု ပုံမှန်မဟုတ်တာမျိုး ဖြစ်ခဲ့တာရှိလား"
ကျွမ်းကိုယ်လုပ်တော် ပြန်တွေးကြည့်လိုက်တယ်။ ထို့နောက်
"ဧကရီမိဖုရားခေါင်မယ်မယ် ကျွန်တော်မျိုးမရဲ့နန်းဆောင်မှာ မူမမှန်တဲ့ကိစ္စမျိုး ဖြစ်တာ မရှိခဲ့ပါဘူး။ ဟန်ကွမ်းနန်းဆောင်ကလာတဲ့ အစေခံတစ်ယောက် လွန်ခဲ့တဲ့ ၂ရက်တုန်းက ထိုက်ယဲ့ရေကန်မှာ မတော်တဆပြုတ်ကျပြီး သေဆုံးခဲ့တာတော့ ရှိပါတယ်။ သူမအလောင်းကိုလည်း တစ်ယောက်ယောက်က ဆယ်ပြီးလို့ မြေတောင် မြှုပ်ပြီးပြီ ဆိုပါတော့။ ဒါပေမဲ့ ဒီကိစ္စက ကြီးကြီးမားမားမဟုတ်တာနဲ့ ကျွန်တော်မျိုးမလည်း မယ်မယ့်ဆီ လာမလျှောက်တင်ခဲ့တာပါ။ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
"ရေထဲပြုတ်ကျပြီး သေသွားတယ်ဆိုတဲ့တစ်ယောက်က သူမတာဝန်ယူရတဲ့အလုပ်က ဘာလဲ"
"သူမက ကျွန်တော်မျိုးမရဲ့စားဖိုဆောင်က အစေခံခေါင်းဆောင်ပါ။ သူမလက်က ပျော့ပျော့ပျောင်းပျောင်းရှိတာကြောင့် ကျွန်တော်မျိုးမလည်း သူမကို ဌာပနာမုန့်လုပ်တဲ့နေရာမှာ ကူညီပေးခိုင်းခဲ့ပါတယ် ...."
ကျွမ်းကိုယ်လုပ်တော်ပြောရင်း နဲ့ ဒီနေရာ ရောက်တဲ့အခါ ရပ်သွားတယ်။ ထို့နောက် သူမမျက်လုံးအပြူးသားနဲ့ ယဲ့ကျန်းကျန်းကို ကြည့်လာတယ်၊ အလိုအလျောက်ပဲ ပါးစပ်ကို လက်နဲ့ ကာလိုက်ရင်း လန့်ဖြန့်သွားကာ
"မယ်မယ် မယ်မယ်ပြောချင်တာက ကျွန်တော်မျိုးမကလုပ်တဲ့မုန့်တွေက ...."
ယဲ့ကျန်းကျန်းက ခေါင်းညိတ်ပြလိုက်တယ်။
ကျွမ်းကိုယ်လုပ်တော်ရဲ့မျက်နှာက ပြောင်းသွားတော့တယ်။ ချက်ချင်းပဲ သူမ ယဲ့ကျန်းကျန်းဆီ အပြေးသွားရင်း သူမခြေထောက်ကို ဖက်ကာ
"အရှင်မင်းကြီး၊ မယ်မယ် ဒီအမှုကို သေချာစစ်ဆေးဖော်ထုတ်ပေးတော်မူပါ! အရှင်မင်းကြီးကော မယ်မယ်ကော ကျွန်တော်မျိုးမအပေါ် ကောင်းမွန်စွာ ဆက်ဆံပေးခဲ့တာပါ။ ကျွန်တော်မျိုးမ ဘယ်တော့မှ မယ်မယ့်ကို နောက်ကျော ဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုး မလုပ်ဝံ့ပါဘူး!"
သူမပြောရင်း မျက်ရည်တွေကျလာတယ်။
"ဌာပနာမုန့်တွေက ကျွန်တော်မျိုးမကိုယ်တိုင်လုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမ ဘာမှမသိခဲ့ရပါဘူး!"
သူမပြောရင်း ခဏရပ်လိုက်တယ်။ သူတို့နှစ်ယောက်လုံး ဘာမှပြန်မပြောလာတာတွေ့တဲ့အခါ သူမ ဆက်ငိုလာပြန်တယ်။
"ဌာပနာမုန့်တွေကိုလည်း ကျွန်တော်မျိုးမပဲ သယ်လာခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမ အယုံမှားခဲ့မိတာပါ၊ မယ်မယ့်ကိုပါ ထိခိုက်စေခဲ့မိပါပြီ၊ ကျွန်တော်မျိုးမ သေသင့်ပါတယ်!"
ယဲ့ကျန်းကျန်း သူမလက်ကို ဆွဲကူပေးရင်း
"အရင်ဆုံး ထလိုက်ပါဦး။ ငါ နင့်ကို မယုံဘူးလို့မပြောပါဘူး"
ကျွမ်းကိုယ်လုပ်တော်လည်း မတ်တတ်ပြန်ရပ်လိုက်ပြီး သူမလက်ကိုင်ပုဝါနဲ့ မျက်ရည်တွေ သုတ်နေတယ်။
"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မယ်မယ်။ ကျွန်တော်မျိုးမ ဒီကိစ္စကို သေချာစစ်ဆေးပြီး နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူဆိုတာ မယ်မယ့်ကို တိကျတဲ့ အဖြေတစ်ခု ပြန်ပေးပါ့မယ်"
ယဲ့ကျန်းကျန်းနဲ့ ကျီဝူကျိုးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်၊ ဒီအကြည့်မှာ တူညီတဲ့ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ တွေ့လိုက်ရတယ်။
ကျွမ်းကိုယ်လုပ်တော်က ဧကရီမိဖုရားခေါင်ပြီးရင် ရာထူးအဆင့်အကြီးဆုံး ပထမသူပဲ။ ဘယ်အချက်ကနေကြည့်ကြည့် သူမက ဧကရီကို ဒုက္ခပေးစရာအကြောင်း မရှိဘူး။ သူမအတွက် ဘာအကျိုးမှမရှိဘူး။
သူမသာ တခြားတစ်ယောက်ကို ကူညီပေးဖို့အတွက် မဟုတ်ရင်ပေါ့။ ဒါပေမဲ့ ဒီအချိန်ရောက်မှ ဧကရီမိဖုရားခေါင်ကို သစ္စာဖောက်ပြီး ဘက်ပြောင်းဖို့ဆိုတာ ကန်းနေတဲ့သူမျိုးပဲ လုပ်လိမ့်မှာ။
ဒီတစ်ခေါက်မှာ ကျွမ်းကိုယ်လုပ်တော် သူများအကွက်ဆင်တာ ခံလိုက်ရတယ်၊ ကြည့်ရတာ တရားခံက ခွန်းနင်နန်းဆောင်မှာ ဟာကွက်ရှာမရတော့ တခြားသူလက်ကိုငှားပြီး လုပ်တာနဲ့တူတယ်။
နောက်ပြီး ဒါတွေအားလုံးရဲ့နောက်ကွယ်ကလူက .... ဟီးဟီး ...
ရှန်ကိုယ်လုပ်တော်က ထက်မြက်ပေမဲ့ သူမလုပ်ရပ်တိုင်းမှာ သူမရဲ့အမူအကျင့်တွေက ကျန်ရစ်နေခဲ့တယ်။ သူမရဲ့အကြံအစည်က ငြမ်းဆင်လို အကွက်စေ့ပေမဲ့ အဆက်ကြားနေရာက အားနည်းချက်ပဲ၊ တစ်ခု ပြတ်သွားတာနဲ့ တောက်လျှောက်ပေါ်လာတော့တာပဲ။
သူမကိုယ်သူမ ထောင့်စေ့အောင် အကွက်ချထားတယ်ထင်ပေမဲ့ ကျီဝူကျိုးနဲ့ယှဥ်လိုက်ရင်တော့ ဉာဏ်များတဲ့နေရာမှာ အကွာကြီးပဲ။
ဒါပေမဲ့ ဟုတ်တာပေါ့ မယ်တော်ကြီးက အသုံးချလို့ကောင်းတဲ့ဓားပဲလေ။ ဆိုတော့ကာ သူမက အရှေ့က ရှိနေသ၍ ရှန်ကိုယ်လုပ်တော်က ဘေးကနေ အကြံပေးရုံပဲ လိုတာဖြစ်တယ်။ တစ်ခုခုဖြစ်လာခဲ့ရင်တောင်မှ သူမအပြစ်လို့ ဆိုမရချေ။
ဒီနှစ်ယောက်က တကယ် လူကို ခေါင်းကိုက်အောင် လုပ်တာပဲ။ တစ်ယောက်က ကျီဝူကျိးရဲ့မယ်တော်၊ တစ်ယောက်က သူအယုံကြည်ရဆုံးအမတ်ရဲ့သမီး၊ နှစ်ယောက်လုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်လို့ မရချေ။ ဒါပေမဲ့ ခပ်ပါးပါးတော့ အပြစ်မပေးပြန်ရင်လည်း အချိန်ကျရင် သူတို့က ကမ်းတဲ့လက်ကို ပြန်ကိုက်မယ့်သူမျိုးတွေ။
"ကျန်းကျန်း မင်း ဒီကိစ္စကို ဘယ်လိုလုပ်ချင်လဲ"
ဒီကိစ္စမှာ သူမက တိုက်ရိုက်နစ်နာခဲ့ရသူဖြစ်တဲ့အလျှောက် ဒါပေါ့ သူမ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခွင့်ရှိတယ်၊ ဒါပေမဲ့ လက်တွေ့မှာတော့ မဖြစ်နိုင်ချေ။ သူတို့နှစ်ယောက်ကို ကြမ်းပြင်မှာ လူးလိမ့်နေအောင် ဖိနပ်နဲ့ရိုက်ပစ်ချင်ပေမဲ့ သူမ ကျီဝူကျိုးရဲ့ခံစားချက်ကို ထည့်တွေးပေးဖို့ လိုသေးတယ်လေ။ အနောက်နန်းဆောင်က မငြိမ်းချမ်းဘူးဆို ဒါက သူ့အတွက် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့်မို့ သူမ သက်ပြင်းပဲ ချနိုင်တော့တယ်။
"အရှင်မင်းကြီးပဲ ဆုံးဖြတ်ပါ။ ကျွန်တော်မျိုးမက ကျောက်တုံးလို ခိုင်မာတဲ့သူမျိုးပါ၊ ဒီလောက်ကိစ္စလေးနဲ့ မပြိုလဲသွားပါဘူး"
ကျီဝူကျိုး သူမကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး
'တချို့လူတွေကို ကိုယ်နားလည်ပေးနိုင်ပေမဲ့ ကိုယ် နားလည်မပေးနိုင်တော့ဘူး။ ကိုယ့်ကို ပြောပါဦး ဒီလိုလူတွေနဲ့ ကိုယ်ဘယ်လိုလုပ်ပြီး အလေးထားဆက်ဆံရမလဲ"
သူ့စကားနောက်က အကူအညီမဲ့ပြီး ဝမ်းနည်းနေတာကို သူမ ခံစားလို့ရတယ်။ ယဲ့ကျန်းကျန်း သူ့ကို ဖက်ထားပေးလိုက်ရင်း
"အရှင်မင်းကြီး ... ဝမ်းမနည်းပါနဲ့တော့နော်"
"ကိုယ် ဝမ်းမနည်းပါဘူး။ ကိုယ့်မှာ မင်းရှိတာပဲဟာ ...."
မင်းတစ်ယောက်တည်းပါပဲ။
BẠN ĐANG ĐỌC
ရွှေနန်းထက်က ဧကရီ (Complete ✅)
Ngẫu nhiênရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧကရီမိဖုရားခေါင်ဖြစ်လာခဲ့တယ်။ မင်္ဂလာဦးညမှာပဲ သူမ ဧကရာဇ်ကို အိပ်ရာပေါ်ကနေ ကန်ချလိုက်ပြီး ဧကရာဇ်ကလည်း က...