Dare to say love?(ကိုကို့အသည်း)
Part 8
ဒီနေ့က စာမေးပွဲ ဒုတိယနေ့ ၊
မနေ့က စာမေးပွဲဖြေပြီးအိမ်ပြန်ရောက်ချိန် ကိုကိုများရောက်လာမလားလို့ တမျှော်မျှော်ဖြစ်ခဲ့ပေမယ့် ကိုကိုကရောက်မလာခဲ့ပါ
ဒီနေ့တော့ လိုက်ပို့ဖို့ရောက်လာလောက်ပါတယ် ဆိုတဲ့အတွေးနဲ့ အတော်ကြာစောင့်နေပေမယ့်လည်း ရောက်မလာပြန်၊
အိမ်က ကားနဲ့သာမိုးသည်းကျောင်းသို့ ထွက်လာခဲ့ရပြီး နှုတ်ခမ်းကိုတစ်တောင်လောက်
စူထားမိ၏ ။
ကျောင်းရောက်လို့ ကားရပ်တော့လည်း နှုတ်ခမ်းစူမြဲဖြင့်သာဆင်းလာခဲ့သည် ။"မိုးသည်းရေ ငါတို့ဒီမှာ "
ခေါ်သံကြားလို့ဝေ့ဝဲကြည့်မိတော့ သစ်ပင်ကြီးတစ်ပင်အောက် အုပ်စုလိုက်ရပ်နေကြတဲ့
ထက်ဝေ ၊ယွန်းလဲ့ ၊သူရိန်နဲ့မျက်နှာတည်ကောင် ၊
မိုးသည်း မှုန်ကုတ်ကုတ်မျက်နှာထားဖြင့်
သူတို့နားဘောက်ဆတ်ဆတ်လျှောက်သွားလိုက်သည် ။"နင့်အစ်ကိုလိုက်မပို့ဘူးလား "
"သူ့အကြောင်း လာမပြောနဲ့ "
မနေ့ကတောင် မိုးသည်းနောက်ကနေ ရေဘူးနဲ့ဘောပင်အိတ်ကိုင်လျက်ပါလာတဲ့ အစ်ကိုသက်ပိုင်က ဒီနေ့မပါတာမို့ ထက်ဝေမေးမိခြင်းပါ ၊
ဒါကို စောင့်အောင့်ပြီးပြန်ဖြေလာတဲ့ မိုးသည်းကြောင့် မျက်ခုံးပင့်မိသွားရသည် ။"ဘာဖြစ်လို့လဲဟ "
"ဘာဖြစ်ရမှာလဲ ပြောကိုမပြောချင်ဘူး ၊
မနေ့ကလည်း လာမကြိုဘူး ၊
အိမ်ပြန်ရောက်လို့ လာမလားစောင့်နေတော့လည်းမလာဘူး ၊ဟော ဒီမနက် ရောက်လာမလား ထပ်စောင့်ပြန်တော့လည်း ရောက်မလာဘူး ၊
ဖြေနိုင်လား ဘာလားလဲ ဖုန်းဆက်မေးဖော်မရဘူး ၊ ဒီမှာ ညီမလေးက ပင်ပင်ပန်းပန်းစာဖြေနေရတာကို အစ်ကိုဖြစ်တဲ့သူက ပိုပြီးဂရုစိုက်ပေးသင့်တယ် မဟုတ်ဘူးလား """"ဟင် အင်းအင်း ဟုတ်တာပေါ့ """
မပြောချင်ဘူးဆိုပြီး အစချီပြောလိုက်တာ
တတွတ်တွတ် ၊
နောက်ဆုံးမှာ သူတို့ဘက်လှည့်ကာ ' လား 'မေးခွန်းနဲ့ အဆုံးသတ်လိုက်တာမို့ ထက်ဝေ၊ယွန်းလဲ့နဲ့ သူရိန်တို့ သုံးယောက်မှာ ပြိုင်တူခေါင်းငြိမ့် လိုက်ကြရသည် ။
မိုးသည်း စကားတွေအရဆို ပစ်ထားခံရလို့
အစ်ကိုဖြစ်သူကို စိတ်ဆိုးနေပုံပင် ၊
မိုးသည်း စိတ်ဆိုးတာကို ပထမဆုံးမြင်ဖူးတဲ့ သူတို့သုံးယောက်အဖို့တော့ ထူးလည်းထူးဆန်း ၊ရယ်လည်းရယ်ချင်နေကြပါသည် ။