Dare to say love?(ကိုကို့အသည်း)
Part 20
"ကိုကို... "
ဟုတ်သည် ကိုကို...
ကားနားမှာ တည်တည်တံ့တံ့ရပ်ပြီး
မြင်နေကျအပြုံးမျိုးဖြင့်
မိုးသည်းအားပြုံးကြည့်နေတဲ့ ကိုကို ၊"အင်း လာကြိုတာ ၊ပြန်လိုက်မယ်မလား "
ညီနေရှိုင်းဗိုက်ဆီရောက်နေတဲ့ လက်ကိုပြန်ရုတ်ရင်း မိုးသည်းခေါင်းငြိမ့်ပြလိုက်သည် ။
ကိုကိုအမေးကိုတော့ သိပ်သဘောကျလှသည်မဟုတ် ၊ပြန်လိုက်မယ်မလားတဲ့ ထိုအမေးကမထူးဆန်းသလိုလိုနဲ့ ထူးဆန်းလှသည့်အမေးမျိုးပင် ၊ထားပါတော့လေ....
ကိုကို့စကားတွေကိုသာ နားလည်အောင် လိုက်တွေးနေရင် မိုးသည်းဘဲခေါင်းခြောက်ရမှာမို့
ဘာမှဆက်မတွေးဘဲ ကားပေါ်ကဆင်းလိုက်သည်။"ညီနေ ငါသွားပြီ ၊ဒီနေ့အတွက်နင့်ကို တကယ်ကျေးဇူးတင်တယ်နော် "
ညီနေက ခေါင်းငြိမ့်ပြကာ ကားမောင်းထွက်သွားသည် ။မိုးသည်း မောင်းထွက်သွားတဲ့ကားကို မျက်စိတဆုံးလိုက်ကြည့်ရင်း ကိုယ့်စကားမှာအမှားပါသွားလေမလားဆိုတာ ပြန်ဆန်းစစ်ကြည့်မိသည် ။
သူကမိုးသည်းစိတ်မလေအောင် တစ်နေကုန်အဖော်ပြုပေးထားတာကို ကိုကိုပေါ်လာတာနဲ့
သူ့အပေါ်အရေးမလုပ်တော့ဟု ထင်သွားမှာစိုးသည်လေ ...
ထို့ကြောင့်လည်း ကိုကိုတစ်မျိုးတစ်မည်ထင်သွားမှာတောင် မစိုးရိမ်ဘဲ
သူ့အားတရေးတယူနှုတ်ဆက်လိုက်ခြင်းပင် ..."ပြန်မယ်လေ "
ညီနေရှိုင်းကားလေး မြင်ကွင်းထဲက ပျောက်သွားချိန်တွင် ကိုကိုကပြောလာသည် ။
မိုးသည်း ကိုကို့အား မော့ကြည့်ကာခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ယောက်သားဘေးချင်းယှဉ်လျှောက်လာကြသည် ။
ရပ်ထားတဲ့ကားနားရောက်တော့ ကိုကိုက မိုးသည်းအတွက်ကားတံခါးအရင်ဖွင့်ပေးပြီးမှ
သူဝင်ထိုင်သည် ။"ဒီနေ့ အတန်းမတက်ဖြစ်ဘူး "
ကိုကိုက ဘာမှမမေးတော့ ပြောပြချင်လွန်းနေတဲ့ မိုးသည်းမှာသာ ခါးပတ်တပ်ရင်းက စကားစရသည် ။ကိုကိုက ဘာမှမပြောဘဲ ခေါင်းတချက်သာဆတ်ပြပြီး ကားကိုအရှိန်ဖြည်းဖြည်းဖြင့်
စမောင်းထွက်သည် ။
ပုံမှန်အတိုင်းဖြစ်နေတဲ့ ကိုကို့မျက်နှာကိုကြည့်ကာ မိုးသည်းမှာသာ မချင့်မရဲဖြစ်ရသည် ။