Dare to say love?(ကိုကို့အသည်း)
Part 12
ကိုကို ဘာလိုချင်လဲလို့မေးတုန်းက ဘာမှမလိုချင်ဘူးလို့ သေချာပေါက်ဖြေခဲ့ပေမယ့် နှစ်ပတ်လောက်အကြာ မိုးသည်း ပုံမှန်အတိုင်းကျောင်း ကနေအိမ်သို့ ပြန်လာချိန် ဧည့်ခန်းထဲတွင် ဘူးတစ်ဘူးရောက်လို့နေသည် ။
စပ်စုချင်တဲ့ စိတ်ကြောင့် ကျောင်းဝတ်စုံတောင် သွားမလဲနိုင်ဘဲ ထိုဘူးနားလျှောက်သွားကာ ကြည့်လိုက်တော့'တပည့်မလေးက တော်လို့ ဆုချတာ 'ဆိုတဲ့ခပ်သော့သော့လက်ရေးစာသားပါတဲ့ စာရွက်ဖြူဖြူလေးကို တန်းတွေ့ရသည် ။
ထိုစာကို မြင်တာနဲ့ ဒီဘူးက ကိုကို့စီကလာတယ် ဆိုတာ မိုးသည်းတန်းသိလိုက်သည် ။"မားမားရေ မားမား "
"ရှင် ရှင် မားမားအပေါ်မှာ သမီးရေ "
မားမားကအသံပြန်ပြုတာမို့ မိုးသည်း ဘူးကို
မပြီး အပေါ်ထပ်သို့ပြေးတက်လာလိုက်သည် ။
သောကြာနေ့တိုင်းမားမားက စာကြည့်ခန်းကို ရှင်းတက်တာကြောင့် အခုလည်းစာကြည့်ခန်းမှာဘဲရှိလောက်မည် ။
အပေါ်ထပ်ရဲ့ ထောင့်ဆုံးမှာရှိတဲ့ စာကြည့်ခန်းထဲသို့ မိုးသည်းဝင်လာလိုက်သည် ။အထဲရောက်တော့ မိုးသည်းထင်တဲ့အတိုင်း မားမားရှိနေသည် ။
မားမားက ခုံပုလေးတစ်လုံးပေါ်တက်လျက် စာကြည့်စင်ရဲ့အပေါ်ပိုင်းကို ကြက်မွှေးတစ်ချောင်းဖြင့် ဖုန်ခါနေတာ ၊
အသက်၄၀ဆိုပေမယ့် သွယ်လျလျခန္ဓာကိုယ်နဲ့ မားမားက ၄၀လို့မထင်ရအောင် နုသည် ။
မျက်နှာမှာဆိုလည်း အရေးအကြောင်းတစ်ခုတစ်လေတောင်မရှိ ၊ခါးနားထိရှိလောက်မယ့် ဆံနွယ်တွေကလည်း ဂရုတစိုက်ထိန်းသိမ်းမှုကြောင့် နက်မှောင်နေဆဲ ၊အိမ်မှာနေရင်းဆို ဆံနွယ်တွေကိုနောက်မှာစုစည်းထားတာဖြစ်ဖြစ် ၊ခပ်လျော့ထုံးထားတာဖြစ်ဖြစ် တစ်နည်းနည်းဖြင့် သပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားသော မားမားသည် ဆံပင်ချထားလျှင်သိပ်လှသည် ။
သို့သော် မားမားဆံပင်ချတာကို နောက်ဆုံးမြင်ခဲ့တာက မိုးသည် ၁၀နှစ်အရွယ်တုန်းကဖြစ်သည် ။
ထိုစဉ်ကတောင် ခေါင်းလျှော်ထားတာမခြောက်သေးလို့ ဖြန့်ချထားတုန်း ခဏမြင်ခဲ့ရတာ ၊
ထို့နောက်ပိုင်းတော့ မားမားကို ဆံပင်ချလျက်ဖြင့်လုံးဝမမြင်ရတော့ ၊