Unicode
"အတော် စားကောင်းနေပုံပဲ"
အမြီးများယမ်းခါသည်အထိ ဝိုင်းဖွဲ့စားသောက်နေကြသောခွေးအုပ်ကိုကြည့်ကာ သစ်မှူးပြောလိုက်သည်။ သစ်မှူးရေတွက်ကြည့်သလောက် ခြောက်ကောင်ထက်မနည်းသော အဖြူ၊အညို၊အနက်၊ အကြား အရောင်စုံခွေးတွေဟာ ပလပ်စတစ်ထုပ်များဖြင့်ဖြန့်ခင်းထားသည့်ညစာကို မြိန်ရည်ရှက်ရည်စားသောက်ရင်း အသံပေါင်းစုံထွက်လို့နေကြ၏။ တစ်ဖက်တွင် ကျန်နေသောခွေးတစ်ချို့က လမ်းမဘေးတွင်ကျွတ်ကျွတ်အိတ်များခင်းကျင်းနေသူအနားတွင် တအီအီအော်ရင်း အလှည့်ကျချိန်ကိုစောင့်လို့နေကြသည်။
သစ်မှူးက ခွေးအုပ်နှင့်မနီးမဝေးတွင်ဆောင့်ကြောင်ထိုင်ရင်း အလုပ်ရှုပ်နေသူထံ တစ်ချက်ကြည့်လိုက်သည်။ ဇွတ်လိုက်ဆွဲနေသော ခပ်ကဲကဲခွေးနှစ်ကောင်ကို "လာမယ် နေဦး နေဦး" ဟုအော်ရင်း စိတ်ရှည်လက်ရှည်လုပ်နေပုံက ဒီလုပ်ငန်းကိုကျွမ်းဝင်နေသူမှန်းသိသာလှ၏။
"ဘယ်ကိုပြန်ရမှာလဲ" ဟု မေးလာစဉ်က "ခုချိန်အိမ်ပြန်လို့ မဖြစ်ဘူး" ဟုပြန်ဖြေသည့် သစ်မှူးကို ရဲစခန်းလိုက်ပို့ရမလားဟု မေးလာသေးသည်။ ခေါင်းကိုခါလျက် သစ်မှူးငြင်းတော့ "အင်း ဒီတစ်ညတော့ ခေါင်းအေးအေးထားပြီး ကိုယ့်ဆီမှာနေချင်နေ" ဟုသူကဆိုသည်။ ချက်ချင်းပဲ ခေါင်းကိုအခါခါငြိမ့်ကာလိုက်ခံပစ်လိုက်၏။ ဘာစိတ်ကူးနဲ့ သစ်မှူးစိတ်ဝင်စားမိသည်မသိပေမဲ့ ဒီခပ်တုံးတုံးလူကြီးအကြောင်း သိချင်သည်။ လူတွေအာရုံစိုက်ရလောက်အောင်ထိ ဘာတွေများထူးကဲသာနေလည်းဆိုတာ ကြည့်ချင်၏။
လောလောဆယ်တော့ သစ်မှူးက ညဉ့်နက်သန်းခေါင် ခွေးစာထကျွေးနေတဲ့ ဆရာဝန်ကြီးကိုကြည့်ရင်း နားမလည်နိုင်ဖြစ်နေရသည်။ သတ္တဝါတွေအပေါ် သနားညှာတာတာ ကောင်းတဲ့ကိစ္စဆိုပေမဲ့ ဆယ့်နှစ်နာရီဝန်းကျင်ဆိုတာ လမ်းပေါ်မှာ သရဲနဲ့သရဲသာရှိတော့သည့် အချိန်ပင်။ ကလောလိုမျိုး အစောကြီးတံခါးပိတ်ကြသည့်ဒေသမှာဆို ပိုတောင်သိသာသေးသည်။Barမှာဆံုခဲ့ကြသည့် ဧည့်သည်တွေပင် ပြန်နှပ်နေလောက်ပြီ။သူခေါ်လာသည့် လမ်းသွယ်အတွင်းမှာဆိုရင်လည်း ခွေးတစ်အုပ်စားသောက်နေသံကသာ ကြီးစိုးလို့ထား၏။
![](https://img.wattpad.com/cover/341690159-288-k653527.jpg)
YOU ARE READING
ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)
Romanceကျွန်တော် ဝေါဟာရမကြွယ်ဝပါ။ ဒါကြောင့် အချစ်ကဗျာရေးတဲ့အခါ မည်သို့မည်ပုံရေးရမည်ကို သေချာမသိပါ။ သို့သော် ကဗျာတစ်ပုဒ် ကျွန်တော်ပိုင်ပါသည်။ ကျွန်တော့် နှလုံးသားထဲက အဲ့ဒီကဗျာကိုမူ ကျွန်တော့်ချစ်သူရဲ့အမည်နာမနှင့် ခေါင်းစဉ်တပ်ထားပါ၏။ #BL #Boylove #Myanmar #S...