အပိုင်း-၂၀

8K 773 59
                                    

Unicode

"ဦးလေး ပြန်လာပြီလား ၊ ဘာနဲ့စားခဲ့တာလဲ။ သားက စောင့်နေတာကြာပေါ့"

လူကိုမြင်တာနှင့် ကုန်းပေါ်ကနေပြေးဆင်းလာကာ ဘေးကနေတတွတ်တွတ်ရွတ်နေသည့်ကောင်လေးက အဝါရောင်ညဝတ်ဝမ်းဆက်ကိုဝတ်ထားကာ ကြက်ပေါက်တစ်ကောင်နှင့်တူနေသည်။တစ်ပါတ်ဆယ်ရက်လောက်ပျောက်သွားပြီး ပြန်ရောက်လာတော့ ဘာမှမဖြစ်ခဲ့သလိုလုပ်နေသူဟာ နိုင်ဝေထင်ထားသလို လက်လျှော့သွားပုံမပေါ်ပါ။ မျက်နှာလေး နည်းနည်းချောင်ကျသွားတာကလွဲရင် အရင်အတိုင်း သွက်လက်နေဆဲဖြစ်သည်။

"ခွေးတွေရော ကျွေးခဲ့ပြီးပြီလား။ လက်ထဲကအထုပ်ကရော ဘာလဲ။ ဦးလေးအတွက် ညလယ်စာလား"

နိုင်ဝေမဖြေပဲ ဆက်လျှောက်တော့ နောက်ကနေကပ်လျက်ပါလာသည်။ ခြံရှေ့မှာတွေ့ရသည့် ပြိုင်ကားအနီလေးက စနစ်တကျမရှိ။၊ဖြစ်သလိုရပ်ထားတာဖြစ်၏။

တောင်ကြီးကနေ ပြန်လာသည့်နေ့ကတည်းက သူတို့ပြတ်ပြတ်သားသားလမ်းခွဲခဲ့ကြတာ နိုင်ဝေမှတ်မိသည်။ အတိအကျဆို ၈ရက်နဲ့ တစ်ည ၊ ဒီကောင်လေးကို အိမ်မှာဆက်လက်ခံထားဖို့မဖြစ်ကြောင်းပြောခဲ့စဉ်က "မနေစေချင်ရင် မနေပါဘူး"ဆိုကာ အေးအေးဆေးဆေးပဲ ထွက်သွားခဲ့ပြီး ခုကျမှ သူမဟုတ်သလိုပဲ ပြန်ရောက်လို့လာပြန်သည်။

"Hotelမှာက လုံးဝသက်တောင့်သက်သာမရှိဘူး။ အလုပ်ထဲ ခေါင်းစိုက်နေရတာနဲ့ ဒီရက်ပိုင်းတအားကိုပင်ပန်းနေခဲ့တာ ဦးလေးရဲ့"

မမေးသော စကားတွေကိုဖြေရင်း ၊ မတောင်းသော‌ဆင်ခြေတွေကိုပေးရင်း ကောင်လေးကနိုင်ဝေ့အာရုံကိုယူဖို့ကြိုးစားနေပြီ။ ခြံတံခါးဖွင့်သည်အထိ အနားမှမခွာသေးပါ။ ခြံထဲကိုနိုင်ဝေဝင်သည့်အခါ ခပ်တည်တည်ပဲ ကပ်လိုက်ရန်ကြိုးပမ်းလာသည်။

"ကိုယ် ဧည့်သည်လက်မခံဘူး"

မှောင်ရီပျိုးစအချိန်ရဲ့ အမှောင်ရိပ်တွေက ကောင်လေးကိုယ်ပေါ်သို့ ကျရောက်လို့နေသည်။ကောင်လေးရဲ့လက်ချောင်းဖြူဖြူသွယ်သွယ်တို့ဟာလည်း ခြံတံခါးကိုကိုင်လျက်သားဖြစ်၏။ ထိုအခိုက် လမ်းမီးတိုင်မှမီးရောင်က ဖျတ်ခနဲထွန်းကာဖြာကျလာသည်။ဝင်းမွတ်နေသည့် ကောင်လေးမျက်နှာကို ထင်ထင်ရှားရှားမြင်လိုက်ရ၏။ အတော်လေးနီးကပ်လွန်းတာကြောင့် ဆူပုတ်ချင်တာကို အတင်းဖြန်ဖျေဟန်လုပ်ယူထားရသော နှုတ်ခမ်းကိုပါတွေ့နိုင်သည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now