အပိုင်း - ၅

10.8K 894 54
                                    

Unicode

သစ်မှူးနိုးလာတော့ မနက်ခြောက်နာရီကျော်နီးပါးရှိတော့မည်။ အေးစိမ့်စိမ့်အငွေ့အသက်ကြောင့် စောင်ပုံထဲမှာပုဇွန်ထုပ်‌ကွေးကွေးချင်သေးသော်လည်း သူများအိမ်မှာဆိုသောအသိကခွင့်မပြုတာကြောင့် သတိကပ်သည်နှင့် အိပ်ရာမှထကာစောင်နှင့်ခေါင်းဦးကို နေရာတကျထားပေးလိုက်သည်။ တစ်ဘက်လှည့် ဒီဘက်လှည့်ရုံနှင့် တစ်ညလုံးတကျွိကျွိမြည်မပြီးသည့် တစ်ယောက်အိပ်သံကုတင်ကြီး‌ကိုတော့ ခပ်စူးစူးကြည့်လိုက်ဖို့မမေ့ချေ။

"ဘယ်နှရာစုက ဟာကြီးလဲ"

ဒီလိုကုတင်နှင့်နေ့တိုင်းနှစ်ပါးသွားနေသူကို သစ်မှူးတော်တော်လက်ဖျားခါပါသည်။ သူရှာသမျှပိုက်ဆံတွေကို ဘယ်မှာသွားသုံးလို့ မွေ့ယာကောင်းကောင်းတောင်မဝယ်နိုင်သည်အထိ နွမ်းပါးနေရလည်း မသိပါ။

"ကြည့်ရတာ ဇယားတွေကိုအမ်းတာနဲ့ ကုန်တာဖြစ်မယ်"

မနက်စောစောပေမဲ့ သစ်မှူးကတော့လွတ်လပ်စွာဝေဖန်လိုက်သေး၏။

အခန်းပြင်ထွက်လာတော့ မှောင်နေဆဲဧည့်ခန်းထဲမှာအသက်ရှူသံတစ်ခုသာရှိနေသေးသည်။ ပက်လက်ကုလားထိုင်ထက် ဆန့်ဆန့်ကြီးအိပ်နေသူက မနေ့ညကနောက်ကျ၍ပဲလား၊ ပုံမှန်နောက်ကျမှထတတ်သည်လားကိုတော့ သူကိုယ်တိုင်ပဲသိလိမ့်မည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် ခြေကိုဖော့လျက်နောက်ဘက်က ရေချိုးခန်းဆီဦးတည်လိုက်၏။ ရေပူမရသောရေချိုးကန်က မနေ့ညကတစ်ခါနှင့်ပင် သစ်မှူးကိုလုံလောက်သွားစေသည်။ အပေါ့အပါးသွားပြီး အိမ်နောက်ဘက်တံခါးကိုဖွင့်ကာ ခြံကျယ်ထဲကိုခြေချလိုက်၏။

တစ်ညလုံးအသံပိတ်ထားခဲ့သည့်ဖုန်းကိုဖွင့်ကြည့်တော့ မက်ဆေ့တစ်ချို့ကလွဲလျှင်ဘာမှရှိမနေချေ။ သစ်မှူးမိသာစုဆိုတာ အဲ့ဒီလိုကို အမေးမြန်းမရှိသစ်မှူးကိုလွှတ်ထားပေးတာဖြစ်သည်။ ဒီနေရာမှာ လွှတ်ထားပေးခြင်း၏အကြောင်းအရင်းနှစ်မျိုးကိုပြောပြချင်သေး၏။ ပထမတစ်မျိုးက သားသမီးကလိမ္မာကာ ဘယ်နေရာရောက်ရောက်ကောင်းကောင်းနေနိုင်မည်ဟုယုံကြည်တာကြောင့် စိတ်ချလက်ချနေခွင့်ပေးတာဖြစ်သည်။ သေချာပေါက်သစ်မှူးကတော့ထိုအထဲမှာမပါပေ။ သစ်မှူးက နံပါတ်နှစ်အမျိုးအစားဖြစ်တဲ့ ပြောမရဆိုမရ၍လွှတ်ထားခံထားရသော မိမနိုင်ဖမနိုင်နှစ်ဆောင်မြိုင်သာဖြစ်သည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now