Unicode
"တက်လေ ။ မတက်ဘဲ ဒီတိုင်းပဲရပ်ကြည့်နေတော့မှာလား"
"ဟင် .. တက်လို့ရော ဖြစ်ပါ့မလား"
"..."
ဆွံ့အသွားတာကြောင့် နေကာမျက်မှန်ကို နှဖူးပေါ်ထိပင့်တင်ကာ မျက်လုံးပြူးပြလိုက်သည်။ ပလက်ဖောင်းထက်မှာရပ်လျက် သစ်မှူးကားကိုစူးစူးကြီးကြည့်လို့မပြီးဖြစ်နေသူက ချည်သားအိတ်ကလေးကို ဘေးလွယ်လွယ်ထား၏။ "It's just not a tree, it's a home" ဆိုသည့်ဆောင်ပုဒ်ကို ဆေးရိုက်ထားသည့်အိတ်က Campaign တစ်ခုခုမှပြန်ရခဲ့ပုံပင်။ သူ့ဆီမှာ ခမ်းခမ်းနားနားအသုံးဆောင်ပစ္စည်းရယ်လို့လည်း သိပ်မတွေ့ဖူးပါ။ တော်တော်များများက Charity Organizations တွေကပြန်ရထားသော အိတ်တွေ၊ ခွက်တွေ၊ စာအုပ်တွေ၊ဘောပင်တွေသာဖြစ်ကြသည်။
"ကားငှားသွားလိုက်လည်း ရပါတယ်"
စတိုင်ပန်ခပ်ပွပွနှင့် ချည်သားလည်ကတုံးလက်ဇကကိုဝတ်ထားသူက မနက်စောစောစီးစီးသန့်ပြန့်နေသည်။ ဂျယ်လိမ်းမထားတာကြောင့် ပွယောင်းယောင်းဖြစ်နေသည့်ဆံပင်တွေက လေပြေနုနုအောက်မှာ လှုပ်ယိမ်းလျက်ရှိ၏။ မျက်နှာထက်မှာတော့ ဘာမှလိမ်းထားပုံမရပါ။ ခြောက်သွေ့နေသော အသားအရည်က အအေးဒဏ်အောက်မှာ အဖြူရောင်အသားဖတ်များပင် လန်ချင်နေသည်။ ခန္ဓာကိုယ်နှင့် အရေပြားအတွက် အထူးတလည်ဂရုစိုက်ထိန်းသိမ်းတာမျိုးကို ဝါသနာမပါပုံပင်။
"Come On! ဦးလေးကိုပို့ပေးဖို့ အောင်ပန်းကနေ မနက် ၆နာရီကြီးမောင်းချလာရတာနော်။ ရေချိုးပြီး ပြင်ဆင်ဖို့အတွက်ဆို ဘယ်အချိန်ထလာရတယ်ထင်လဲ"
"..."
"ငါးနာရီ... ငါးနာရီ! ဟောဒီ ပါးပါးကြည်ကြည်မိတ်ကပ်ရဖို့ နာရီဝက်လောက် အားစိုက်ထုတ်ထားရတာ"
သစ်မှူးစိတ်မရှည်စွာပြောတော့ သူ့မျက်နှာကပြုံးလာသည်။မို့တက်သွားသည့် သူ့ပါးပြင်ထက်မှာ နေရောင်ပါးပါးကလွှမ်းခြုံလိုက်သည့်အခါ ပြောင်တင်းလို့နေ၏။ သို့သော် ကားပေါ်တက်ရန်ကိုတော့ ခုချိန်ထိ တွန့်ဆုတ်ဆဲသာ။
နောက်ဆုံးပေါ် သစ်မှူးကားကလေးက ဆိုးဆိုးရွားရွားဖျက်ဆီးချင်လောက်အောင်အထိတော့ ဈေးမပေါပါ။ နောက်ပြီး သစ်မှူးက ဆရာနဲ့စနစ်တကျသင်ပြီး လိုင်စင်စာမေးပွဲကိုလည်း စာတွေ့ရောလူတွေ့အမှတ်နဲ့ပါ အောင်မြင်လာတာမို့ ဒီလောက်ထိမဝံ့မရဲဖြစ်နေတဲ့ သူ့ပုံစံက လူကိုသိက္ခာလာချသလိုဖြစ်နေသည်။ ဘယ်မောင်းနှင့်ညာမောင်း ၊လမ်းစည်းကမ်းတချို့ကွာပေမဲ့ မြန်မာနိုင်ငံက ယာဉ်ကြောတွေဆိုတာ လွတ်လပ်လွန်း၏။ ဟိုင်းဝေး မိုင်လေးငါးရာလောက်မှမဟုတ်ရင် သစ်မှူးအတွက်တော့ ကားမောင်းသည်ဆိုတာ eyeliner ဆွဲသလောက်ပင် အားစိုက်စရာမလိုသည့်အရာဖြစ်ပါသည်။
YOU ARE READING
ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)
Romanceကျွန်တော် ဝေါဟာရမကြွယ်ဝပါ။ ဒါကြောင့် အချစ်ကဗျာရေးတဲ့အခါ မည်သို့မည်ပုံရေးရမည်ကို သေချာမသိပါ။ သို့သော် ကဗျာတစ်ပုဒ် ကျွန်တော်ပိုင်ပါသည်။ ကျွန်တော့် နှလုံးသားထဲက အဲ့ဒီကဗျာကိုမူ ကျွန်တော့်ချစ်သူရဲ့အမည်နာမနှင့် ခေါင်းစဉ်တပ်ထားပါ၏။ #BL #Boylove #Myanmar #S...