အပိုင်း - ၁

34.9K 1.4K 66
                                    

Unicode

"ရပါတယ်  ‌ဒေါက်တာရယ်။ ရှေ့ကနေသွားပါဆိုတာလဲ မသွားဘူး။ ကျွန်တော်တော့ အားနာပြီးရင်း အားနာနေရပြီ"

ဝဲသောအသံနှင့်အတူ ရှမ်းအမျိုးသားကြီးက အားတုံ့အားနာစွာရေရွတ်နေသည်။ဝတ်ထားသော ချည်ဖျင်ထည်မှာ အရောင်များပြယ်စပြုနေကာ လက်မောင်းနှစ်ဖက်တွင် ချည်မျှင်အစနများထွက်လို့နေ၏။

"ရတယ် အဘ။ ဖြေးဖြေးတက်ပါ။ အချိန်‌ကျတော့ ကျွန်တော်တို့ရောက်ပါလိမ့်မယ်"
မောဟိုက်နေသည့်ကြားမှ တစ်ဖက်လူစိတ်သက်သာရာရစေရန် သူပြန်ဖြေလိုက်သည်။ လွန်ခဲ့သော ဆယ်မိနစ်ခန့်ကတည်းက တက်လာခဲ့သောကုန်းမှာ ယခုထိ ကုန်းထိပ်ကို မမြင်ရသေး၊ မှိုင်းညှို့ညှို့ထင်းရှူးတောကြား တိုးဝင်ပျောက်ကွယ်သွားသည့် လမ်းကိုကြည့်ရင်း ‌ဆိုင်ကယ်နောက်မြှီးကို အားထည့်ကာတွန်းပေးလိုက်သည်။

အင်ဂျင်မကောင်းရှာသည့်ဆိုင်ကယ်လေးက ကုန်းအတက်မှာတင် မီးခိုးတွေတလူလူထနေခဲ့တာကြောင့် လူကဆိုင်ကယ်ကို ပြန်တွန်းရသည့်အဖြစ်သို့ရောက်နေ၏။ ကလောကနေ အောင်ပန်းအဝင်ထိ နှင်လာခဲ့ရသည့်ခရီးပင်လျှင် နည်းလှသည်မဟုတ်။ ဒီကြားထဲ မတ်စောက်သည့် ကုန်းကိုပါဖြတ်ရသည့်အခါ ဆိုင်ကယ်အိုလေးခင်မျာ လုံးဝကို အလံဖြူပြလို့သွားရှာတော့သည်။

"ခုလို ဒုက္ခများမယ်သာသိရင် ခြေဦးကိုမလှည့်ပါဘူး ဒေါက်တာရယ်။ ကလေးကလည်း အဲ့ဒီအလုပ်ကိုမှ အသည်းအသန်ဖြစ်နေတော့ ကျွန်တော်လည်း စိတ်နဲ့ကိုယ်လွတ်သွားတော့တာပါပဲ။ တကယ်တမ်း ဒီလောက်လုပ်ရလောက်တဲ့အထိ အလိုမလိုက်သင့်ဘူးနော့"

"ရောက်လာတဲ့အတူတူ ကျန်းမာရေးအတွက် အားကစားလုပ်တယ်ပဲတွေးကြတာပေါ့။ ကျွန်တော့အတွက်တော့ အားမနာပါနဲ့။ ခုထက်ပိုခက်ခဲတဲ့နေရာတွေမှာတောင် သွားလာနေခဲ့တာပါ"

ပြောပြီးမှ အနည်းငယ်ရယ်ချင်သွားသည်။ လက်ရှိနေရာမှာ ကလောမြို့နယ်တစ်ဝိုက်နာမည်ကြီးစာရင်းမှာပါသော ဇိမ်ခံ HOTEL တစ်ခုဖြစ်ကာ အတော်ငွေကုန်ကြေးကျခံနိုင်သူများသာ လာရောက်တည်းခိုနိုင်သည့်နေရာဖြစ်သည်။ဒါကို သူကတော့ ဆိုင်ကယ်အိုလေးကိုတွန်းတက်ရင်း ကိုယ့်ကိစ္စနှင့်ကိုယ် ပင်ပန်းနေရခြင်းဖြစ်၏။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now