အပိုင်း-၂၁

8K 760 29
                                    

Unicode

"ဝိုး.... အလေးအပင်ကောင်းကောင်းမ,နိုင်တာပဲ"

"ဟုတ်ပါ့ နုနုထွတ်ထွတ်လေးဆိုတော့ မထင်ထားမိဘူး ကျွန်မတို့က"

"ဟင်းဟင်း"

"မောင်လေးက တော်လိုက်တာနော်။ မနေ့ကလည်း ဖယောင်းပုဆိုးတွေကူခင်းပေးသေးတယ်"

"ဟယ် အဲ့ဒါကြောင့် ကျွန်မတို့ရောက်တော့ အသင့်ဖြစ်နေတာကိုး။ ကျေးဇူးတင်လိုက်တာ မဟုတ်တောင် volunteer အင်အားက ဒီတစ်ခေါက်နည်းနေလို့ စိတ်ညစ်နေရတာ"

ရောက်ကတည်းက အမျိုးသမီးထုကြီးတရုန်းရုန်းကြားမှာ ပြုံးစိစိလုပ်နေသည့်ကောင်လေးကို နိုင်ဝေငေးကြည့်နေမိသည်။ အသင်းဝင်လည်းမဟုတ်ပါဘဲ နေ့တိုင်းလာနေသူအား အစပိုင်း နိုင်ဝေ့ကိုဂရုစိုက်လွန်း၍လို့ပဲဟု ထင်ခဲ့ပေမဲ့ ခုတော့မဆိုင်သည့် အလုပ်တွေပါဝင်လုပ်နေပြီ။ ရေဘူးကဒ်တွေသယ်လို့သယ်၊ ဖယောင်းပုဆိုးတွေကူခင်းလို့ခင်းဖြင့် အခမ်းအနားစီစဉ်သူတွေနားမှာရှုပ်နေတတ်ကာ ကနဦးရည်ရွယ်ချက် နိုင်ဝေ့ကိုပင်မေ့နေပုံရသည်။

လျစ်လျူရှုနေတော့မည်ဟု ဆုံးဖြတ်ပြီးခါမှ ခဏခဏအာရုံရောက်နေသည့် ကိုယ့်ကိုယ်ကိုယ်လည်း မနိုင်တော့ပါ။ ကောင်လေးရဲ့လှုပ်ရှားမှုတိုင်းကိုကြည့်ပြီး ဘဝင်မကျဖြစ်နေတတ်သလို၊ အနားမှာ အရိပ်တစ်ခုလိုစွဲစွဲမြဲမြဲရှိနေတာကိုလည်းစိတ်ရှုပ်သည်။ ဒီလိုဆိုလို့ မတွေ့ရမမြင်ရ မျက်ကွယ်ပြုနေရလျှင် ပျော်‌မည်လားဆိုလည်းမဟုတ်ပြန်။ မိုးလင်းလို့အိမ်အပြင်ထွက်တာနှင့် ခြံရှေ့ကကားအနီကို အရင်ကြည့်တတ်သည်။ဒါတင်မကသေး ကောင်လေး တည်းခိုခန်းအပြင်ထွက်လာမည့်အချိန်နှင့် ကွက်တိဖြစ်အောင်ရောက်လာတတ်သော အငှားကားကလည်း နိုင်ဝေ့အားမလုံမလဲဖြစ်စေသည်။စီစဉ်ထားခြင်းမဟုတ်သော်ငြား timing မကိုက်မှာကိုစိုးနေတတ်တာ ရယ်ချင်စရာအတော်ကောင်း၏။

‌မှတ်မှတ်ရရ သူတို့နှစ်ယောက်နောက်ဆုံးစကားပြောခဲ့ကြတာ ပြီးခဲ့တဲ့စနေနေ့ကဖြစ်သည်။ အင်္ကျီလေးမပါလို့၊ ဘောင်းဘီလေးမပါလို့နှင့် ခြံရှေ့ချောင်းပေါက်အောင်လာနေသူ၏ အဝတ်တွေကိုထုတ်ပေးလိုက်သည့်နေ့ဖြစ်၏။ ဒါ‌တောင်အခန်းထဲမှာ ကောင်လေးပစ္စည်းပစ္စယတွေအများကြီးကျန်နေသေးသည်။ စဉ်းစားကြည့်လျှင် သူ့အိမ်သူ့ရာလည်းမဟုတ်ပါဘဲ သူများနေရာကိုမောင်ပိုင်စီးထားသည့် ဒီကလေးကသတ္တိအတော်ကောင်း၏။ ဒါကို စီးလို့စီးမှန်းမသိ အခန်းအပြင်ပါ ထွက်အိပ်ပေးလိုက်သေးသည့်နိုင်ဝေကတော့ ဦးနှောက်ချို့ယွင်းနေတာမဟုတ်လျှင် ဆင်ခြင်တုံ့တရားမရှိတာပဲ ဖြစ်ပါလိမ့်မည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now