Unicode
*ဝုန်း*
တစ်မနက်လုံးလေ့ကျင့်ရေးကွင်းထဲအချိန်ကုန်ထားရသည်မို့ ညောင်းချိနေသည့်ကိုယ်ကြောင့် သျှားအိပ်ရာထဲ မှောက်ရက်လှဲနေတုန်း ဝုန်းခနဲ တံခါးကန်ဖွင့်သံကြောင့် အကျင့်ဖြစ်နေသည့် လက်က ခေါင်းအုံးအောက်က သေနတ်ကို ဆတ်ခနဲဆွဲထုတ်ကာ တံခါးဝကို ကောက်ချိန်လိုက်မိသည်။
စခန်းတွင်း မည်သည့်အန္တရာယ်မှ မရှိဘူးဆိုတာသိနေတာတောင် အမြဲတမ်းတိုက်ခိုက်ရေးတွေအတွက်အဆင်သင့်ဖြစ်နေဖို့ လေ့ကျင့်သင်ကြားမှုတွေကအရိုးစွဲနေပြီဖြစ်သည်။ အလစ်အငိုက်ဆိုတဲ့စကားလုံးအောက်ဇီ၀ိန်မကြွေစေဖို့ သျှားတို့က စား၊ သောက်၊ အိပ်၊ နေ အမြဲသတိကပ်ထားရသည်လေ။
"ကိုမင်းထင်"
သျှားကအနည်းငယ်အံ့သြသွားပေမယ့် ကိုမင်းထင်ကတော့ သူ့ပုံစံအတိုင်းခံစားချက်ကင်းမဲ့နေသည့် မျက်နှာနှင့်.... နှုတ်ခမ်းထက် ဆေးလိပ်ကို တစ်ချက်ဖွာကာလက်ချောင်းတို့ကြား ညှပ်ကိုင်လိုက်၏
"ခေါ်ခဲ့"
အခြေအနေကို နားလည်ဖို့ ကြိုးစားနေတုန်း ကိုမင်းထင်နောက်ပါလာသည့် လက်ရုံးလေးယောက်က သျှားကို လာချုပ်၏ လက်ထဲက သေနတ်ကို ပါသိမ်းသွားပြီး တစ်ကိုယ်လုံးဟိုစမ်းဒီစမ်းနှင့်။
ခါးမှ ဓါးမြှောင်နှင့် ကျည်ကဒ်ကို ပါဖြုတ်သိမ်းသွားကြသည်အထိ သျှား ဘာတွေဖြစ်ပျက်နေသည် နားမလည်နိုင်သေး။ လက်ကို နောက်ပြန်ထိန်းကာ ကြိုးချည်လိုက်တော့ သျှား ကိုမင်းထင်ကို မျက်မှောင်ကြုတ်ကာလှမ်းကြည့်လိုက်မိသည်။
"ကိုမင်းထင်"
"သံသယဖြစ်စရာတွေ တွေ့ထားတယ်။ မင်းကို ငါတို့ရက်နည်းနည်းထိမ်းသိမ်းထားဖို့လိုတယ်"
"သံသယဖြစ်စရာ.........ဘာကိုလဲ ကိုမင်းထင်။ ဘာကို သံသယဖြစ်တာလဲ"
"စခန်းထဲ သူလျှိုရှိတယ်"
"ကျွန်တော့်ကို သူလျှိုလို ထင်လိုက်တာလား"
"ဘယ်သူမဆို ဖြစ်နိုင်တယ်"
"ဘာသက်သေရှိလဲ"