အခန်း ၃၄

13.2K 1K 223
                                    

Unicode

တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသည့် ဦးမာန်၏ တုန်လှုပ်ခြောက်ခြားနေသည့် မျက်ဝန်းတွေ။ မှိုင်းညှို့တက်လာသည့် မျက်အိမ်တွေ။ ကျစ်နေအောင် သိုင်းဖက်ထားသည် လက်တစ်စုံ။ နှလုံးအိမ်ထဲဖောက်ဝင်မတက် စူးစူးနစ်နစ်စိုက်ကြည့်နေခဲ့သည့် မျက်ဆံတွေ။ ပြီးတော့ တိုးလျလျကြားရသည့် မချိတင်ကဲ စကားသံ......

နစ်ဝင်နေသည့် ကျည်ကြောင့် အသဲခိုက်လုမတတ်နာကျင်မှုကို အံကြိတ်ခံရင်း မျက်လုံးတို့ထဲ တိုးဝင်လာသည့် ဦးမာန်၏ ပုံစံက သျှားကို ကျိန်းသေအံ့သြစေခဲ့ရသည့် မြင်ကွင်းမျိုး။

အမြဲတမ်းအေးစက်နေခဲ့သည့်မျက်ဝန်းတွေမှနွေးထွေးမှုတချို့ကိုတွေ့ခဲ့တော့ နှလုံးအိမ်ထဲ ထိုပုံရိပ်တို့က ခပ်ရေးရေးစွဲထင်၏

သတိအနည်းငယ် ပြန်လည်တည်းက  ခပ်လှမ်းလှမ်းမှ ကျွန်းခုံပေါ်မျက်လုံးတို့ မှိတ်ကာ ထိုင်နေသည့် ဦးမာန်ကို မာကျူရီမီးရောင်မှိန်မှိန်အောက် သျှား မမှိတ်မသုန်စိုက်ကြည့်ရင်း အတွေးတို့ဟိုဟိုဒီဒီရောက်နေမိသည်။ မနက်လင်းကြက်တွန်ချိန်ပင်မရောက်သေးသည်ကြောင့် ကောင်းကင်ယံသည် မဲမှောင်နေဆဲ။ အရိပ်ကျနေသည့် မီးရောင်ကြောင့် ခပ်ရေးရေးသာမြင်ရသည့် ဦးမာန်၏ မျက်နှာတစ်ခြမ်းက အိပ်ပျော်နေတာတောင်မျက်ခုံးတန်းတွေတွန့်ချိုးနေခဲ့၏

သျှား ဦးမာန် အခန်းထဲ ရောက်နေခဲ့တာ ဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီဖြစ်သည်။ ဆေးမှူးပေးသည့် အကိုက်အခဲ ပျောက်ဆေးက ပြင်းလွန်းသည်ကြောင့်လားတော့မသိ။ ဒီနှစ်ရက်အတွင်း မျက်လုံးတို့ ဖွင့်ဟဖို့တောင် ခဲယဥ်းလွန်းခဲ့၏ ဗိုက်ထဲ ဆာလောင်၍ နှုတ်ခမ်းတွေခြောက်ကပ်နေသည့်ကြောင့် အလွတ်ရနေသည့် အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ကြည့်တော့ နာကျင်မှုဒဏ်ကို သိပ်မခံစားရ။ 

လက်တစ်ဖက်နှင့် ပခုံးကို တွဲချည်ထားသည့်ပတ်တီးကြောင့် သျှားက လှုပ်ရှားရအနည်းငယ်ခက်ခဲနေပေမယ့်အိပ်ရာက ထကာရေနွေးအိုးဆီသွားလိုက်သည်။ အသံတစ်ချက်မှမထွက်စေဖို့တော့ သတိခပ်ကြီးကြီးထားရသည်။ ခေါင်းအနည်းငယ် ငိုက်ကျကာ ထိုင်ခုံမှာထိုင်ရက်အိပ်နေသည့် ဦးမာန်က ဒီနှစ်ရက်အတွင်း ညဘက်တွေဒီအတိုင်းအိပ်ခဲ့ပုံရ၏ အိပ်ရေးပျက်နေလောက်မည်ကြောင့် အအိပ်ဆတ်သည့် ဦးမာန်ကို မနှိုးစေချင်။  သွေးတို့အတော်အတန်ဆုံးရှုံးထားသည်ကြောင့် သျှားကခေါင်းထဲ နောက်ကျိမူးဝေနေ၏ ရေနွေးကို ခွက်ထဲထည့်၍သောက်တော့ ခါးဖန့်ဖန့်ရေနွေးကြမ်းက အေးစက်နေပြီဖြစ်သည်။

Smile Sparkle Shineحيث تعيش القصص. اكتشف الآن