အခန်း ၁၈

14.3K 982 125
                                    

Unicode

ကြီးမားသည့် ခြံဝန်းကြီးထဲ ထီးထီးတည်ရှိနေသည့် တိုက်အဖြူရောင်ကြီးသည် ခမ်းနားမှုကို ဖော်ညွှန်းသည်။ အရှေ့တွင်စောင့်နေသည့် လက်နက်ကိုင်တပ်သားများက အယောက် နှစ်ဆယ်ခန့်ရှိ၏

ထိုစံအိမ်ကြီး၏ ပိုင်ရှင်က လာအိုနိုင်ငံနယ်နိမိတ်ဝန်းအတွင်း ဆိုင်ရာပိုင်ရာတို့နှင့် ပေါင်းကာ ဒီဒေသကို လက်ဝါးကြီးအုပ်၍ကြီးစိုးထားသည့် ဦးမိုးမင်းဟန်။ ထင်ထင်ပေါ်ပေါ်နေထိုင်သည့် ဒုစရိုက်ဂိုဏ်း။ သျှားကို ဦးမာန်ဆီ ထားခဲ့သည့် ဒီနှစ်တွေအတောအတွင်း ပြိုကွဲသွားသည့် အဖွဲ့အစည်းကိုကျားကုတ်ကျားခဲပြန်စုစည်းကာ ဖေဖေက ဒီလိုအခြေအနေထိရောက်အောင်ရုန်းထနိုင်ခဲ့သည်။

သျှား ဖခင်ဖြစ်သူနဲ့ လာအိုထဲရောက်နေတာ ဒီနေ့ဆို တစ်ပတ်တင်းတင်းပြည့်ပြီဖြစ်သည်။ ရက်တွေကရှည်ကြာလွန်းသည်။ မနက်မိုးလင်းမျက်လုံးတွေပွင့်ချိန် မှစ ည မျက်လုံးတွေမှိတ်ချသည့်အချိန်ထိ သျှားက၀ိညာဥ်မဲ့နေသည့် စက်ရုပ်တစ်ရုပ်လို ပြုမူနေခဲ့မိတာဖြစ်သည်။

"ထင်..သျှား...ဟန်"

*တောက်!!*

နာမည်ခေါ်သံနှင့် အတူ တစ်ခါတည်းပါလာသည့် တောက်ခေါက်သံခပ်ကျယ်ကျယ်ကြောင့် ဆိုင်ကယ်အဟောင်းလေးကို ဆေးပြန်မှုတ်နေရာမှ  သျှား လှေကားထိပ်ကိုဆတ်ခနဲမော့ကြည့်မိသည်။

"မင်း....လာစမ်း ဟေ့ကောင်"

"......"

ခြေလှမ်းကျဲနှင့် လှည့်ထွက်သွားသည့် ဖေဖေ့နောက် ဆေးဘူးကိုပစ်ချကာလိုက်ရသည်။ အိမ်ရှေ့ခန်းရောက်တော့ ကျွန်းစားပွဲကြီးရှေ့ခါးထောက် မတ်တပ်ရပ်နေသူကြောင့် သျှားအရှေ့သွားရပ်လိုက်သည်။

မျက်ခုံးများတွန့်ချိုးကာကြည့်လာသည့် ဖေဖေက မျက်ဝန်းထဲဒေါသအရိပ်အယောင်တို့ တရိပ်ရိပ်တက်နေသည်ကိုမြင်ရ၏ လက်နှစ်ဖက်အနောက်ယှက်ကာ ခေါင်းငုံ့ချမိသည့် သျှားက မျက်နှာထက်အရယ်အပြုံးတို့မဲ့နေခဲ့တာ ဦးမာန်ကို ထပ်မတွေ့ရတော့သည့်နေ့ကတည်းက။

"ဒါဘာလဲ ထင်သျှားဟန်"

အသက်ခပ်ပြင်းပြင်းရှိုက်သံနှင့်အတူ အံကြိတ်မေးလိုက်သည့် အမေးတစ်ခု...ထို့နောက် ကျွန်းစားပွဲပေါ် ဘုတ်ခနဲပစ်ချလိုက်သည့် အရာကြောင့် သျှားအလန့်တကြား နှလုံးမှသွေးတို့သည် နားထင်သို့တက်စောင့်သွားသလို။ ပူတက်လာသည့်အပူငွေ့က ရုတ်ချည်းချွေးတို့သီးစေ၏

Smile Sparkle ShineWhere stories live. Discover now