အခန်း ၂၃

9.5K 812 27
                                    

Unicode

လက်ဖ၀ါးနှစ်ဖက်ကိုခပ်ဖွဖွပွတ်သပ်ရင်း သျှား ဟိုဟိုဒီဒီလိုက်ကြည့်နေသည်။ ခေါင်းထဲအတွေးတို့သည် အမြင်အာရုံနှင့်ထပ်တူမကျသည်က ကိုရဲခေါင် ပြောလာသည့်စကားကြောင့်ဖြစ်၏

"ဒါဆိုအခု Noon က ဆရာလေးအိမ်မှာပေါ့"

ခေါင်းတစ်ချက်ညိတ်ပြသည့် ကိုရဲခေါင်က အရှေ့မှတောအရက်တစ်ခွက်ကိုမော့ချ၏ ဆိုင်ကယ်ကြွားချင်သည်ကြောင့် ကိုရဲခေါင်ဆီလာခဲ့ပေမယ့် ခပ်လှမ်းလှမ်းတွင်ထိုးရပ်ထားသည့် ဦးမာန်၀ယ်ပေးသည့်ဆိုင်ကယ်လေးအကြောင်း တစ်လုံးတစ်ပါဒမှ မဟဖြစ်သေး။

"မင်းသဘောပဲ သျှား။ ငါအတင်းမတိုက်တွန်းချင်ဘူး။ အန္တရာယ်များတယ်။ ခေါင်းဆောင်သိသွားရင်လည်း ဒေါသထွက်လိမ့်မယ်"

"Noon အသက်ရှင်နေသေးတယ်ဆိုတာနဲ့ဘယ်မှာရှိတယ်ဆိုတာကိုကျွန်တော်သတင်းပေးလိုက်နိုင်တယ်ဆိုတာ မတွေးမိဘူးလားအစ်ကို"

"မင်းကအဲ့လိုလုပ်မယ့်သူမဟုတ်ဘူးလေ သျှား"

"ကျွန်တော့်ကိုသတ်ဖို့ လုပ်ခဲ့တဲ့သူပါအစ်ကို"

"မင်းသာ အဲ့လိုစိတ်ကူးရှိရင် ဒီမှာဘာလို့ ငါ့စကားကို နာရီ၀က်လောက်ထိုင်စဥ်းစားနေလဲ"

သက်ပြင်းမောကို ထပ်ချမိပြန်၏ ဒီမှာ ထိုင်နေသည့် ခဏအတွင်း သျှားသက်ပြင်းချနေမိတာ ဘယ်နကြိမ်ဘယ်နခါမှန်းမသိတော့။ လူတစ်ယောက်၏ အသက်နှင့် ဆိုင်သည့် ဆုံးဖြတ်ချက် နှင့် ဦးမာန် ကျိန်းသေစိတ်ဆိုးလောက်မည့်အလုပ်။

သျှားတို့လောကမှာ လူတစ်ယောက်အသက်ဆိုတာ ကြက်ကလေး ငှက်ကလေးတစ်ကောင်ကို သတ်ပစ်ရသလောက်လွယ်သည်ဆိုတာ လူတိုင်းသိသည်။ သျှားတို့လို မူးယစ်ဂိုဏ်းတွေအတွက် လူ့အသက်ထက် ပစ္စည်းက ပို အဖိုးတန်သည်။ ရန်ငြိုးရန်စရှိလျှင် ရေဆုံးမြေဆုံးလိုက်တတ်ကြသည်။ ဂိုဏ်းတစ်ခုကို ဖြိုလျှင် ကျူပင်ခုတ်ကျူငုတ်မကျန်ဖြိုပစ်ရသည်။ တစ်ယောက်ကျန်လျှင် ထို တစ်ယောက်က ကိုယ့်အတွက် မရဏလမ်းပို့ပေးတဲ့သူ ဖြစ်သွားတတ်ကြသည့် သာဓကတွေကတပုံကြီး။

အခုလည်း Noon တို့ ဂိုဏ်းမှာ Noon တစ်ယောက်သာကျန်သည်။ ကယ်သင့်လားမကယ်သင့်လား သျှား တွေဝေရ၏ ဘယ်လိုပဲဖြစ်ဖြစ် Noon ဆိုတာသျှား ညီမလေးတစ်ယောက်လို ခင်မင်ခဲ့ရသည့်သူ။ အမှန်အတိုင်းပြောရလျှင် သျှားကိုလုပ်ကြံဖို့ ရည်ရွယ်ခဲ့သည့်သူက Noon ပါလို့သိသိချင်း အပြစ်တင်သည့်စိတ်ထက် ဘယ်လိုအခက်အခဲတွေကြောင့်များလဲဟူသည့်အတွေးကခေါင်းထဲအရင်တိုး၀င်လာခဲ့သည်လေ။

Smile Sparkle ShineTempat cerita menjadi hidup. Temukan sekarang