အခန်း ၂၄

10.8K 889 65
                                    

Unicode

ဆေးပြင်းလိပ်တစ်လိပ်ကို ဖွာကာခြေတစ်ဖက်ကို ကျောက်တုံးတစ်ခုပေါ်တင်ရင်း ပစ်ကွင်းထဲမှ တပ်သားတချို့၏ လေ့ကျင့်မှု ကိုရပ်ကြည့်နေသည့် ခေါင်းဆောင်ကြောင့် အဖွဲ့သားတို့ ၏ အာရုံစူးစိုက်မှုသည် ယခင်ကထက် ပို၏ ရောက်လာသည့် လက်နက်အသစ်တို့ကို တပ်သားတွေနဲ့ အသားကျဖို့ လေ့ကျင့်ရေးတာဝန်ယူထားရသည့် မျိုးသူရမြင့် ဟူသည့် လေ့ကျင့်ရေးဆရာ၏ အရည်အချင်းက ဒီအဖွဲ့အစည်းထဲ သက်ရောက်မှုမှ မနည်းဘဲ။

လေ့ကျင့်ရေးနှင့် ပတ်သတ်လျှင် ခေါင်းဆောင်ဖြစ်သူပင်လှည့်ကြည့်စရာမလိုလောက်အောင် စေ့စပ်သည်။ သေချာသည်။ တိကျသည်။ စည်းကမ်းကြီးသည်။ ဘက်မလိုက်တတ်။ ကျောသားရင်သားမခွဲခြားတတ်။ ထိုအရာတို့က မျိုးသူရမြင့်ဆိုသည့်သူ၏ ဂုဏ်ပုဒ်တွေ။ အေးဆေးတည်ညိမ်စွာနေတတ်ပြီး ခေါင်းဆောင်ကို အသက်ပေးသစ္စာရှိသည့် သူဟူသည့် စာရင်းထဲ မျိုးသူရမြင့်ကမပါမဖြစ်။ ခေါင်းဆောင်၏ စကားတစ်ခွန်းအောက် သေဆိုလျှင်သေ ရှင်ဆိုလျှင်ရှင်မည့်သူမျိုး။

"မင်းထင်"

"ဟုတ်ကဲ့ခေါင်းဆောင်"

"မင်းရယ်၊ ကျော်စွာရယ်၊ မျိုးသူရရယ် ဆိုတာ ငါ့အတွက်ဘယ်လိုလူတွေလဲမင်းသိတယ်မလား"

"ကျွန်တော်သိပါတယ်ခေါင်းဆောင်"

ဘေးတိုက်မြင်ရသည့် ခေါင်းဆောင်ကို မင်းထင် လေးစားစွာပင်မမှိတ်မသုန်ကြည့်နေမိသည်။ ခေါင်းဆောင်အကြည့်တို့က မျိုးသူရမြင့်ထံတွင်ဖြစ်သည်။ မျိုးသူရဆိုတဲ့ကောင်ကို မင်းထင်ဒေါသထွက်တာ ဒါတွေကြောင့်။ *မင်းတို့ကငါ့အတွက်ညီအစ်ကိုတွေပဲ* ဆိုသည့်စကားကိုခေါင်းဆောင်က ဘယ်တုန်းကမှ စကားအဖြစ်နဲ့ပဲပြီးစေခဲ့တာမဟုတ်ပါ။ သေတွင်းထဲက သူတို့ကိုပြန်ဆွဲတင်ဖို့ ရခဲ့တဲ့ဒဏ်ရာတွေက ခေါင်းဆောင်ခန္ဓာကိုယ်မှာ သေရာပါအမာရွတ်တွေတောင်ဖြစ်နေခဲ့တာမဟုတ်လား။

"နောက်ဝင်တဲ့ ရိုင်ဖယ်တွေက အရည်အသွေးတော်တော်ကောင်းတယ် ခေါင်းဆောင်"

အနားရောက်လာသည့် မျိုးသူရ အပြောကို တစ်ချက် စောင်းငဲ့ကြည့်သည့်ခေါင်းဆောင်က ခေါင်းတစ်ချက်ညိတ်ပြ၏ ဒီနေ့ လာမည် အကြောင်းမကြားထားပါဘဲ လေ့ကျင့်ရေးကွင်းထဲရောက်လာသည့်ခေါင်းဆောင်ကြောင့် ကောင်လေးတွေ အနည်းငယ်တော့ပျာယာခတ် သွားခဲ့ကြပေမယ့် ဘယ်တုန်းကမှ အလုပ်ကို မခိုကပ်တတ်သည့် သူ့အတွက် ပြဿနားကြီးကြီးမားမားမရှိ။

Smile Sparkle ShineWhere stories live. Discover now