Unicode
စစ်မှန်တဲ့ချစ်ခြင်းတရားတွေကို ဝန်းရံခစတင်သဘောကျခဲ့မိတာ အစ်ကိုလွန်းဆက်ခကြောင့်။ တစ်နေ့ထက်တစ်နေ့ပိုမိုသက်ဝင်လာတဲ့အစ်ကိုအပြုံးတွေဆီကနေ ချစ်ခြင်းမေတ္တာကိုဝန်းရံခ ခံစားရသည်။
လူတစ်ယောက်ကအချစ်နဲ့တွေ့နေပြီဆိုရင် သိပ်ကိုသိသာတာမဟုတ်လား။ တစ်နေကုန်အလုပ်ပင်ပန်းတာတောင် အိမ်ပြန်ရောက်ချိန် ပြုံးပျော်နေတတ်တဲ့အစ်ကို့ကို မေမေရော ဝန်းရံခပါသတိထားမိနေလေရဲ့။
အစ်ကို့ရဲ့အပြုံးတွေတဖြည်းဖြည်းသက်ဝင်လာခဲ့ပြီး အချိန်တို့ တရွေ့ရွေ့ကုန်တော့ သုံးလခန့်ကြာမြင့်လာတဲ့အချိန်မှာ အစ်ကို့မှာချစ်သူရှိလာခဲ့သည်။ ထိုချစ်သူကတော့ တခြားသူမဟုတ်။ ပွဲရုံပိုင်ရှင်ရဲ့သားလို့ အစ်ကို အမြဲပြောနေခဲ့တဲ့သူဖြစ်သည်။
ကိုမာန်ရယ်လို့ အစ်ကိုလွန်းဆက်ခ ခေါ်တတ်သည့်ထိုသူကို တစ်ရက်တော့အစ်ကိုကအိမ်ကိုဖိတ်၍ ဝန်းရံခတို့နှင့်မိတ်ဆက်ပေးခဲ့သည်။
ငွေရှင်ကြေးရှင်လူတန်းစားပေမယ့် ဂုဏ်မောက်သည့်အရိပ်အယောင်ကို လုံးဝမတွေ့ရသည့် သူကို ဝန်းရံခကတော့ အစ်ကိုနဲ့သဘောတူသည်။ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် အသားခပ်လတ်လတ်ရှိတဲ့သူက အတော်ကြည့်ကောင်းသည်။ တစ်ခါတစ်လေ အိမ်ကိုအကြိုအပို့လုပ်ပေးတတ်သည်ကြောင့် ဝန်းရံခနဲ့ရော မေမေနဲ့ပါရင်းနှီးနေကြပြီဖြစ်၏ ဝန်းရံခကတော့ အစ်ကိုနက္ခတ်လို့ ခေါ်တတ်ပြီး ထိုသူ၏ နာမည်အပြည့်အစုံကတော့.......နှိုင်းမာန်နက္ခတ်။
တည်ကြည်သည့်မျက်နှာသည် ဝန်းရံခရီစရာတွေပြောရင်တောင်ခပ်ရေးရေးသာပြုံးတတ်တာဖြစ်၏ ဒါပေမယ့် အစ်ကို့ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကတော့ အမြဲပြုံးရိပ်တွေသန်းနေခဲ့တာဖြစ်၏
အစ်ကိုနက္ခတ်က အစ်ကိုလွန်းဆက်ခကိုစက်ဘီးနှင့်အကြိုအပို့လုပ်ပေးတတ်သည်။ အခြေခံလူတန်းစားတို့နေသည့် ဝန်းရံခတို့ရပ်ကွက်လေးထဲ အစ်ကိုနက္ခတ်ကထင်ပေါ်လွန်း၏ တချို့ကတော့ သူဌေးသားမို့ကပ်တာနေမှာပေါ့လို့ပြောဆိုကြပေမယ့် အစ်ကိုလွန်းဆက်ခဆိုတာပတ်ဝန်းကျင်ကိုဂရုစိုက်တတ်သူမှမဟုတ်ဘဲ။ ရေဒီယိုဇာတ်လမ်းတွေထဲက ပြောနေကျစကားနဲ့ပြောရမယ်ဆိုရင်တော့ *မိုးမမြင်လေမမြင် ချစ်နေကြတဲ့ စုံတွဲပေါ့*။