Unicode
"ကိုကို Saint ရှူရှူးပေါက်ချင်လို့"
"ညီညီ အခု ဒုတိယတန်းတောင် ရောက်နေပြီလေ ကိုကိုမပါပဲ သန့်စင်ခန်းသွားလို့ရနေပြီ"
"ဟွန်း"
Saintက ၈နှစ်အရွယ်လေးရောက်နေပေမယ့် မုန့်စားဆင်းတိုင်း Perthရှိတဲ့ အလယ်တန်းဆောင်ကိုသွားပြီး အိမ်သာသွားဖို့ခေါ်သည်။ အိမ်မှာဆို သူ့ဟာသူ သွားပေမယ့် ကျောင်းမှာတော့ Saintက Perthကို အမြဲခေါ်သွားသည်။ အိမ်မှာလည်း သူ့ဟာသူဆိုပေမယ့် Perthက သူ့အိမ်ဆို လိုက်စောင့်ပေးပြီး Saintအိမ်မှာတော့ မာမားကလိုက်စောင့်ပေးရ၏။ နဂိုတည်းက နှလုံးမကောင်းသူမို့လို့ ထိန့်လန့်စရာတွေမတွေ့အောင်၊ အနိုင်ကျင့်သူတွေနဲ့တွေ့မှာကို စိတ်မချတာကြောင့် Perthက သူ့ညီလေးကို ကျောင်းမှာဆို ဘယ်နေရာမှ တစ်ယောက်တည်းပေးမသွားတာက အကျင့်ဖြစ်နေပြီ။ သူလုပ်ခဲ့တဲ့အကျင့်က အခုတော့ ဖြေရှင်းရ ခက်သည်။ အခုလည်း အတန်းခေါင်းဆောင်ဖြစ်တဲ့ Perthက ကျောင်းကာယပြိုင်ပွဲအတွက် အလုပ်ကူလုပ်နေရတာမို့ Saintနဲ့လိုက်သွားဖို့အခက်တွေ့နေ၏။ သူစိတ်မချပေမယ့်လည်း Saintက သူ့အားသူကိုးလို့ရတဲ့အရွယ်ရောက်နေပြီလေ။
နှုတ်ခမ်းလေးဆူပြီး ရပ်နေတဲ့ ညီလေးကို ကျန်တဲ့လူတွေက အသဲယားကြတော့ Perthကိုလိုက်ပို့ပေးဖို့ပြောကြ၏။ သူတို့ညီအစ်ကို ဘယ်လောက်ချစ်လဲက တစ်ကျောင်းလုံးအသိ။ ပြီးတော့ Saintက ငယ်ငယ်တည်းက တစ်ကျောင်းလုံးရဲ့အချစ်ကိုရထားတော့ Perthသူငယ်ချင်းတွေအပြင် အတန်းကြီး အစ်ကိုအစ်မတွေက ဂရုစိုက်ကြသည်။ Saintလို ဖြူဖြူလုံးလုံးကလေးတွေရှိပေမယ့် Saintက စကားပြော ချစ်ဖို့ကောင်းတာရော၊ အပြုံးချိုချိုလေးတွေရော၊ ဖြူစင်တဲ့စိတ်လေးရော၊ ညာစားတတ်တာရော၊ ရောဂါသည်လေးဖြစ်နေတာအပြင် သူ့အစ်ကိုကို ချစ်တတ်ပုံကနာမည်ကြီးတာရောကြောင့် အားလုံးကအချစ်ပိုကြသည်။
"နောက်ဆို ကိုကိုက အတန်းကြီးလာလို့ စာတွေအလုပ်တွေများလာရင် ညီညီနဲ့အတူ လိုက်နိုင်မှာမဟုတ်ဘူး"
"ဟင့်အင်း မရဘူး"
"မရလို့ မရဘူးလေ... ကိုကို မရှိလည်း ကိုယ့်ဟာကိုယ်သွားတတ်လာတတ် လုပ်တတ်ကိုင်တတ်ရမယ်လေ... ကိုကို ပြောတာနားလည်လား"