Unicode
သွေးကြောထဲကို ဆေးထိုးအပ် ဝင်လာတော့ Perthရဲ့လက်ကို Saint တင်းတင်းဆုတ်ကိုင်ထားလိုက်၏။ Markက ဆေးထိုးရမှာ ကြောက်တဲ့ Saintကို ပြုံးပြီးကြည့်နေရင်း ဆေးရည်တွေ ကုန်အောင် ထိုးသွင်းနေသည်။ Saintက တစ်လတစ်ခါ အားဆေးသွင်းရ၏။ မဟုတ်ရင် ခဏခဏဖျားလွယ်သည်။ အခုလို မိုးတွင်း ကာလမှာဆို ပိုဆိုး။ ကျောင်းမှာ လိုက်ထိန်းဖို့ Perthမရှိတော့ သူနေချင်တိုင်းနေ၊ လုပ်ချင်တိုင်းလုပ်တတ်သည်။
Perthက တက္ကသိုလ်ဝင်တန်းဖြေထားတော့ ကျောင်းခဏနားနေတဲ့အချိန် သင်တန်းတွေတက်ရင်း စာတွေလေ့လာရင်း အချိန်ကုန်ဆုံးပေမယ့် Saintကို ကျောင်းကြိုကျောင်းပို့လုပ်ပေး၏။ ဒါတောင် လစ်ရင်လစ်တဲ့အချိန် Saintက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဆိုးသည်။
"အ... နာတယ်"
"ပြီးပါပြီ ကလေးရဲ့"
Markက Saintကို ကလေးဟု ခေါ်လိုက်တိုင်း Perth နားကြားပြင်းကပ်လွန်းသည်။ ဆေးထိုးပေးပြီးတော့ Mark သိမ်းဆည်းနေတုန်းမှာ Perthက ခုတင်ပေါ်ထိုင်နေသည့် Saintအနောက်သို့ဝင်ထိုင်ပြီး Saintကို မသိမသာဖက်၍ ရင်ခွင်ထဲ ထည့်ထား လိုက်၏။
"ဆေး မှန်မှန်သောက်လား Saint"
"ဟုတ်"
"မတည့်တာတွေ မစားနဲ့နော်... အအေးမခံနဲ့ မိုးမမိစေနဲ့"
"ဟုတ်"
"တစ်ခုခုဆိုရင် ကိုယ့်ကို လှမ်းပြောနော်"
"ကျေးဇူးပါနော် ကျွန်တော်စောင့်ရှောက်ပေးနေပါတယ်... ဆရာပြန်ဖို့ ဟိုကလေး လိုက်ပို့ပေးပါလိမ့်မယ်"
စကားကြောရှည်နေသည့် Markကြောင့် Perth စိတ်မရှည်စွာ စကားကြားဖြတ်ပြောလိုက်ပြီး ပြန်ဖို့ကိုပါ စကားလမ်းကြောင်းလိုက်၏။ အိမ်မှာ မိသားစု အရင်းအချာတွေရှိနေတာတောင် ဆရာဝန်က အပိုတွေ လုပ်ပြနေသည်ဟု Perthထင်သည်။ အမြင်ကိုကပ်တယ်။
"ဒါဆို ကိုယ်ပြန်ပြီနော် Saint"
"ဟုတ်"
Markက Saintကို ရယ်ပြပြီး ပေါင်လေးကို လှမ်းပုတ်ကာ နှုတ်ဆက်ပြီး ထွက်သွား၏။ ထိုအခါမှ Saintလည်း Perthဆီကနေ ရုန်းထွက်လိုက်သည်။