Unicode
Perth Mayနဲ့ တွဲနေတာ ၄နှစ်ပြည့်တော့မည်။ Saintလုပ်လို့ နှစ်ဖက်လူကြီးတွေ သိကုန်ပြီး တွဲဖြစ်ရင်းကနေ အခုထိ မြဲလာတာ။ ၂ယောက်လုံးက စာကိုသာ အာရုံစိုက်နေကြတော့ နှစ်ယောက်ကြားထဲ အချစ်ရေးပြဿနာဆိုတာရှားသည်။ Mayကလည်း အေးဆေးသမားမို့ သူတို့၂ယောက် ကျောင်းတွင်းမှာ နေ့လည်စာချိန်လေး အတူတူထမင်းစားတာကလွဲရင် တကူးတက ဒိတ်ဖြစ်တယ်ဆိုတာလည်းသိပ်မရှိ။ ကျောင်းသာပြီးသွားတယ် ၂ယောက်သား တီတီတာတာချစ်စကားတွေ လုံးဝမပြောဖြစ်။ တွဲကြည့်တယ်၊ အဆင်ပြေလို့ ဆက်တွဲတယ်။ အချင်းချင်းလည်းအဆင်ပြေတယ်၊ လူကြီးတွေလည်းမတားဘူး။ ဒီလောက်ပဲ။ သူတို့ relationshipက အေးစက်စက်နိုင်ပေမယ့် မပူလောင်ရဘူး။
Mayက လက်တွဲဖော်ကောင်းဖြစ်မည်ဟု Perthထင်သည်။ ကဂျီကဂျောင်လည်းသိပ်မရှိပဲ လူကြီးဆန်သည်။ နှလုံးသားရေးအတွက် Perthဆီမှာ ထူးထူးခြားခြား စံချိန်စံနှုန်းတွေမရှိပါ။ လက်တွဲဖော်ဟာလည်း ဘယ်လိုပြည့်စုံရမယ်လို့ မသတ်မှတ်ထားဘူး။ အိမ်ကလူတွေနဲ့အဆင်ပြေလျှင် ရပြီ။ ပြီးတော့ Saintအပေါ်နားလည်ပေးပြီး စိတ်ရှည်တဲ့သူဆို ရပြီပေါ့။
"ဝါး!"
"အမလေး! ဟာ သားငယ်ရာ မေ နှလုံးရောဂါဖြစ်တော့မယ် အဲ့လိုနဲ့"
"ရုတ်တရတ် လန့်သွားတဲ့ သူတွေရဲ့ face expressionကို သိချင်လို့ပါ မေရဲ့"
Saintကို သည်းခံရမယ်ဆိုတာ အဲ့ဒါပါပဲ။ ကျောင်းကအိမ်စာပေးလို့ ဝတ္ထုရေးနေရင် အတွင်းကျကျလေ့လာပြီးမှ ရေးတတ်သည်။ face expressionကအစ ဘယ်လိုပုံလဲဆိုတာ သေချာလေ့လာ၏။ သူ့ရဲ့ကြိုးကြိုးကြိုးစားစားလေ့လာမှုကို အိမ်ကလူတွေတင်မကပဲ ကျောင်းက သူငယ်ချင်းတွေ ဆရာဆရာမတွေကပါ ပေးဆပ်နေရတာ။ ကျန်တဲ့သူတောင် ဒီလောက်ဆို သူတွယ်ကပ်လွန်းတဲ့ Perthက ဘယ်လောက် ဒဏ်ခံရမလဲစဉ်းစားသာကြည့်တော့။ ဘာပဲလုပ်လုပ် ပြီးစလွယ်မလုပ်တတ်တာကိုတော့ ချီးကျူးရမည်။
ဟင်းချက်နေတဲ့ မေ့ကို အနားကနေ အမျိုးမျိုး စနောက်နေတဲ့သူအား Perthထိုင်ကြည့်နေလိုက်၏။ အသက်၂၀ကျော်ပြီဆိုတော့ အိမ်အပြင်မှာဆို သူကလူကြီးဖြစ်နေပြီ။ Perth အမြဲတမ်း သတိထားပြီး သူ့ပြောပုံဆိုပုံတွေကို လိုက်ကြည့်၏။ ပြင်ပလောကမှာ ရှင်သန်ဖို့ ကောင်းကောင်းကြီးပြင်းနေပြီဖြစ်သည်။ ပြောရမယ်ဆို ရင့်ကျက်လာတာ။ ဒါပေမယ့် အိမ်မှာတော့ အရင်ကလို ကလေးဆန်တုန်းပဲ။ အခုလည်း ဘောင်းဘီပေါင်တိုလေးနဲ့ အင်္ကျီအပွ ဝမ်းဆက်ကို ဝတ်ထားသည်။ အဲ့ဒါဘယ်သူဆင်ပေးလဲဆို သူ့ကို ကလေးပေါက်စလို့မြင်နေတဲ့ မေပဲ။ ချည်သားဝမ်းဆက်တွေက သူ့အကြိုက်မဟုတ်တော့ပေမယ့် မေစိတ်ချမ်းသာအောင်တော့ အိမ်နေရင်းအဝတ်ဆို မေဝယ်ပေးတာတွေပဲ ဝတ်ပေးရှာသည်။ ကျောင်း uniformကလွဲလို့ အပြင်သွားရင်တော့ သူ့စိတ်ကြိုက်ဝတ်၏။