Part 7

396 28 15
                                    

Unicode

Perthအထက်တန်း ရောက်လာပြီဖြစ်တဲ့အတွက် စာလုပ်ရတဲ့အချိန်တွေက ပိုများလာ၏။ နဂိုတည်းက ထူးချွန်တဲ့ကျောင်းသားမို့လို့ အထက်တန်းအထိလည်း Perthက ကြိုးစားဆဲပင်။ နှစ်တိုင်းလည်း ဘာသာရပ်တိုင်းမှာ ထူးချွန်ဆုတွေရသလို တစ်ခြား ဖွံ့ဖြိုးရေးဘာသာတွေမှာလည်း ဆုရ၏။ Perth အကျွမ်းကျင်ဆုံးအားကစားကတော့ basket ball ကစားရတာပဲ။ ထူးချွန်ထက်မြတ်နေပေမယ့် Perthမှာက ဘဝင်မြင့်နေတာမျိုး သီးသန့်နေတာမျိုးမရှိပဲ ဖော်ရွေတတ်သေးသည်။ အမြဲတမ်းပြုံးနေတဲ့ စီနီယာအစ်ကိုကြီးဆိုပြီး အငယ်တန်းလေးတွေရဲ့ စံပြတစ်ယောက်ဖြစ်နေ၏။ အပြောအဆိုလည်း ချိုသာယဥ်ကျေးတော့ မကြောက်ကြပဲ ချစ်ပြီးရိုသေကြ၏။ ဒါကြောင့် နှစ်တိုင်း အတန်းခေါင်းဆောင်နေရာကို တာဝန်ယူရပြီး ကျောင်းက ပျော်ပွဲရွှင်ပွဲတွေစီစဉ်ရာမှာ Perthက မပါမဖြစ်။ စီစဉ်နေရာချရေးရာမှာ လူကြီးတစ်ယောက်လို ထက်မြတ်သည်။ ဖြတ်ထိုးဉာဏ်ကလည်းကောင်းပြီး အခက်အခဲတွေ့ရင်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းတတ်သေးသည်။ သူကြည့်ကြပ်တိုင်းလည်း အလွဲအမှားက ဖြစ်ခဲတော့ ဆရာ ဆရာမတွေရဲ့ အားကိုးရာလေးဖြစ်နေတော့၏။ မိဘတွေရဲ့ လုပ်ငန်းတွေကိုဆက်ခံဖို့ တကယ်အရည်အချင်းပြည့်ဝတဲ့ကလေး ဖြစ်လာမှာ သေချာသည်။

အလုပ်တာဝန်တွေ ဘယ်လောက်များများ ညီငယ်လေးကို ဂရုစိုက်ဖို့လည်း ဘယ်တော့မှ မပျက်ကွက်တတ်။ ညီလေးအပေါ်လည်း ဩဇာကညောင်းသေးတာ။ Saintကို ဘယ်သူမှ ပြောလို့မရတဲ့ကိစ္စတွေဆို Perthပြောလျှင် တစ်ခွန်းတည်းနှင့် ပြီးသည်။ Saintက နေမကောင်းခဏခဏ ဖြစ်တတ်တာကြောင့် ကျောင်းပျက်ရက်တွေများတော့ Perthလောက် ထူးချွန်တဲ့ကျောင်းသားမဖြစ်ပေမယ့် စာတော်တဲ့ကလေးထဲပါသည်။ ဒါဟာလည်း Perthရဲ့ ထိန်းကျောင်းနိုင်မှုကြောင့်ဆို မမှားနိုင်။ ကျောင်းပျက်ရက်တိုင်း စာတွေဝိုင်းကူးပေးပြီး စာမေးပွဲနီးရင် စာသေချာပြပေးတော့ Saintက အဆင့်Sနဲ့Aမှာ အမြဲရှိသည်။ လူကြီးတွေတောင် Saintကို ကြပ်မတ်စရာမလိုပဲ Perthနဲ့စိတ်ချထားလို့ရ၏။

Saintက အလယ်တန်းရောက်နေတာတောင် သူ့စိတ်က ၃နှစ်အရွယ်ကလေးလေးလိုပဲ။ ဆော့မယ်၊ စားမယ်၊ စာလုပ်မယ်၊ အိမ်ကလူတွေကို ချွဲမယ်၊ Perth ဦးဆောင်မှုနောက်ပဲလိုက်ပြီး သူ့အစ်ကို လုပ်တဲ့အတိုင်းလိုက်လုပ်နေတုန်းပဲ။ ကိုကို့ဆီကအနမ်းကိုလည်း တစ်နေ့တစ်ခါ ရအောင် ယူသေးသည်။ ငယ်ငယ်တည်းက စိတ်ဆိုးစိတ်ကောက်တာမျိုး မလုပ်တတ်တော့ အခုချိန်ထိ အော်လိုက်ရင် စိတ်ဆိုးစိတ်ကောက်မယ့်အစား ကလေးငယ်လေးတွေလို အောက်နှုတ်ခမ်းလေးကိုထော်ပြီး ငိုချင်နေတဲ့ မျက်လုံးရွှဲလေးတွေနဲ့ သနားစရာပုံစံ လုပ်ပြသည်။ အမေဘက်က အမျိုးထဲမှာ အငယ်ဆုံးဖြစ်နေတော့ အားလုံးအလိုလိုက်ပြီး ချစ်တာခံနေရတာကြောင့် အားလုံးရဲ့ပျော့ကွက်ကို သူသိနေတာ မဆန်း။

DevotionWhere stories live. Discover now