Uni~~~
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 1
အတိတ်တွေထဲမှာနစ်မြုပ်နေသူလို ကူကယ်ရာမဲ့တဲ့ဘဝတွေပါပဲ...။ ကိုယ်ဘက်ကဆွဲမှမြဲမယ့်လက်ကို အလိုမရှိလို့ လွတ်ချမိပြန်တော့လဲနာကျင်ရတာ ကိုယ်တိုင်ပါပဲ...။ မင်းတို့ကပဲ
မာယာများတာလား ?ငါကိုယ်တိုင်ကပဲ တုံး အ လွန်းခဲ့တာလား ? သေချာတာတစ်ခုကတော့ အချစ်စစ် မဟုတ်တဲ့လူဆီမှာ ငါ့ရဲ့ အချစ်တွေပုံပေးမိခဲ့တယ်။ အသုံးမကျခဲ့တဲ့ငါ့ကြောင့် ဖြူစင်တွေငါ့အချစ်တွေ ထပ်မံ သေဆုံးသွားခဲ့ရပြန်တယ်။ တကယ် ငါ ထပ်မချစ်ချင်တော့ဘူး...။
"ယနေ့ မိုးလေဝသ အခြေနေအရ ရာသီဥတုသာယာပါမယ်ရှင်"
ရေဒီယိုလိုင်းကတဆင့် မိုးလေဝသ သတင်းကြေညာသူရဲ့လေသံဟာ အညိုရောင်ဆေးခြယ်ထားတဲ့ သစ်သားဖြင့်ဆောက်ထားသော အခန်းငယ်လေးထဲမှ တကျစ် ကျစ် မြည်လို့ မပီမသ လွင့်ပျံလာတယ်။ အင်း... ရာသီဥတုသာယာပေမယ့် တစ်စုံတစ်ယောက်ရဲ့နေ့ရက်တွေဟာ မသာယာခဲ့တာကြာခဲ့ပြီ။
အပြုံးရေးရေးလေးတွေကို လွမ်းမိသလို ဆေးလိပ်မသောက်ဖို့အတန်တန်တားမြစ်တတ်တဲ့ သူ(မ)ရဲ့ အနီရောင်နုတ်ဖူးလေးကို တမ်းတမိပြန်တယ်။ ခုချိန်လောက်ဆို သူ့အပိုင်မဟုတ်တော့တဲ့ သူ(မ)ကတော့ တခြားတစ်ယောက်ရဲ့လက်ကိုတွဲလို့ မင်္ဂလာပွဲကြီးဆင်နွှဲနေလောက်ပြီပေါ့။ အတိတ်တွေဟာ တကယ်ကိုလှပခဲ့သလောက် မာယာများတဲ့မိန်းကလေးတွေကို သူ တဖြည်းဖြည်းကြောက်တတ်လာခဲ့တယ်။
"သား နိုးပြီလား ။မေမေ သား အတွက် ထမင်းချိုင့်အဆင်သင့်ပြင်ပြီးပြီ။"
မီးဖိုဆောင်ထဲမှာ ချက်ပြုတ်ကြော်လှော်နေတဲ့ မေမေ့အနားကို သူသွားမိတော့ မေမေက ထိုသို့စကားဆိုတယ်။ သူတို့အိမ်က သွပ်မိုးပျဥ်ထောင်အိမ်လေးဆိုပေမယ့် ခြံကလဲအနည်းငယ်ကျယ်သည့်အတွက် အိမ်ကလဲ ဆောက်ထားတာ အနည်းငယ် ကျယ်သည့်အထဲတွင်ပါ၏။
သာမန်လူတန်းစားရပ်ကွက်လေးထဲမှာတော့ သည်လိုအိမ်နှင့်နေနိုင်တာ ကံကောင်းသည်ဆိုရမည်။ မေမေ ကြက်သားကြော်ပြီးထည့်ထားတဲ့ ကြွေပန်ကန်လုံးလေးထဲက ကြက်သားကြော်တစ်တုံးကို သူ ယူစားလိုက်ပြီး မေမေ့ရဲ့ သနပ်ခါးပါကွက်ကြားလေး လိမ်းကြန်ထားတဲ့ ပါးပြင်တစ်ဖက်ကို နှာဖျားနစ်ဝင်သည်အထိမွှေးကြူလိုက်တယ်။