Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 9
နံနက်လေးနာရီလောက်ထကာ ကားမောင်းလာရသည်မလို့ နေ့လည်တစ်ချက်တီးချိန်တွင် ဦးတည်ရာဆီသို့ရောက်ခဲ့သည်။ ဝိုင်းထဲတွင် အကြမ်းရည်သောက်ရင်း ရွာလူကြီးနှင့်အတူ ရောက်တတ်ရာရာအကြောင်းအရာများကို အပြန်အလှန်ပြောရင်း ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ စကားလက်ဆုံကျနေသည့် မင်းထက်တို့အဖွဲ့ရှိနေသည်။
ဝိုင်းအရှေ့တွင် BMWကားအဖြူလေးသည် စက်ရှိန်သတ်ကာရပ်သွားတာမလို့ သူတို့အားလုံး၏အာရုံသည် ထိုကားဆီတွင်ရောက်ရှိကုန်၏။ ထိုအထဲမှ မင်းထက်ကတော့ ဒီကားလေးသည် မည်သူ့ကားဖြစ်ကြောင်း သိနေတာမလို့ အံ့ဩနေစဥ်မှာပဲ ကားပေါ်မှဆင်းလာသည့် သူ၏ဆိုင်ရာပိုင်ရာလေးကြောင့် ခဏတာ ဆွံ့အ သွားရ၏။
"ဟဲ့ သမီးခင်နှောင်း ၊ ဝိုင်းအရှေ့က ဘယ်သူတုန်းကွယ် သွားကြည့်လိုက်စမ်းပါ။"
"ဟုတ်ကဲ့ အဘ"
"နေ... နေ..ခင်နှောင်း။ အကိုပဲသွားလိုက်မယ်။ အဲ့ဒါ အခြားသူမဟုတ်ဘူး။ အကို့ရဲ့အိမ်သားလေး"
မင်းထက်က ပြောလဲပြောရင်း ထိုင်နေရာမှ သုတ်ခနဲထကာ ဝိုင်းအရှေ့သို့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့လျှင်မြန်စွာလျှောက်သွားလိုက်သည်။ ခင်နှောင်းကတော့ အကိုပြောခဲ့သည့်စကားကြောင့် နှလုံးသားကို ဆွဲထုတ်ခံရသလို နာကျင်သွားမိသည်။ မျက်နှာကလဲ ပြိုတော့မည့်မိုးကဲ့သို့ ငိုမဲ့မဲ့နှင့်။
*အကို့ရဲ့ အိမ်သားလေးတဲ့လား အကိုရယ်။ ခင်နှောင်းက မပြိုင်ခင်ကတည်းက ရှုံးနေပါပေါ့လားရှင်*
ခင်နှောင်းစိတ်ထဲကတွေရင်း ကျလုဆဲဆဲမျက်ရည်တို့အား မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်ကာ မကျအောင်ထိန်းထားလိုက်သည်။
"မောင်...."
ခွဲရတာ တစ်ရက်တောင်ရှိနေပြီဖြစ်တဲ့ လွမ်းဆွတ်ရပါသော ခေါ်သံလေး။ မင်းထက်သည် ပျော်ရွှင်မှု့များစွာဖြင့် ဆိုင်ရာပိုင်ရာလေး၏ ခန္ဓာကိုယ်ပြည့်ပြည့်လေးအား သူ၏သန်မာသောလက်တွေဖြင့် အားပါးတရပွေ့ဖက်လိုက်သည်။ အကြင်သူ၏ ခန္ဓာကိုယ်ရနံ့ကလေးဖြစ်သည့် လာဗင်ဒါပန်းရနံ့သင်းသင်းလေးက မင်းထက်၏နှာဖျားမှတဆင့် နှလုံးသားထဲသို့စီးဝင်သွားသယောင်။