Uni
ကြမ်းကြမ်းရမ်းရမ်းမောင့်အနမ်း
Part 12
ဦးဘောဂ၏အိမ်တွင် သက်ဆိုင်ရာ အရာရှိဝန်ထမ်းများနှင့်ရှုပ်ယှက်ခက်နေပြီး အခင်းဖြစ်ရာနေရာအား စစ်ဆေးနေကြသည်။ မင်းထက်ကတော့ ငိုနေတဲ့ နေမင်း၏ပုခုံးမှတဆင့် သိုင်းဖက်ကာ နှစ်သိမ့်နေရသည်။
"ဦးဘောဂနဲ့ နောက်ဆုံးအချိန်တွေ့တဲ့လူ ဘယ်သူလဲ"
အရာရှိသည် ခြံစောင့်ဦးလေးအား စစ်ဆေးမေးမြန်နေခြင်းဖြစ်သည်။
"မေမဒီဆိုတဲ့ အမျိုးသမီးနဲ့ သူဌေး နောက်ဆုံးတွေ့ခဲ့တာပါ။ ည ရှစ်နာရီခွဲဝန်းကျင်လောက်မှာ မေမဒီက သူဌေးနဲ့တွေ့ဖို့ အိမ်ကိုလာခဲ့ပါတယ်။ သူဌေးနဲ့တွေ့ပြီး နာရီပိုင်းလောက်အကြာမှာပဲ သူ(မ)ပြန်သွားပါတယ်။
သူ(မ) မပြန်ခင်တုန်းကတော့ သူဌေးကခေါင်းကိုက်လို့အိပ်နေတယ်၊ မနက်မှနှိုးပါဆိုပြီး ဦးလေးကိုပြောသွားပါတယ်။ မေမဒီပြန်သွားပြီး နာရီအနည်းငယ်အကြာမှာ အကိုလေးတို့ပြန်ရောက်လာပြီး သူဌေးအခန်းကိုသွားကြည့်တဲ့အချိန်မှာ သူဌေး သေဆုံးနေတာကို အခုလိုတွေ့ရတာပါပဲ။"
အရာရှိက ခြံစောင့်ဦးလေးရဲ့ ဖြေကြားချက်ကို စာအုပ်မှာချရေးပြီး ဒေါ်တုတ်ကိုဆက်မေးပါတယ်။
"မေမဒီနဲ့ သေဆုံးသူဟာ ဘယ်လိုပတ်သတ်မှု့ရှိလဲ"
"လွန်ခဲ့တဲ့ရက်ပိုင်းလောက်က အကိုလေးမင်းထက်က ဆန်စက်ကိစ္စနဲ့ နယ်ဘက်ကိုခရီးသွားရပါတယ်။ အကိုလေးမင်းထက်သွားပြီး နောက်တစ်ရက်မှာ အကိုလေးနေမင်းကပါ အကိုလေးမင်းထက်အနောက်ကိုလိုက်သွားပါတယ်။
အကိုလေးတို့နှစ်ယောက် မရှိတဲ့ရက်မှာ သူဌေးက သူ့မိတ်ဆွေ သူဌေး ဦးထူးသာဆိုတဲ့လူ နိုင်ငံခြားကပြန်ရောက်လို့ ပါတီပွဲလုပ်တဲ့အတွက် သူဌေးသွားရပါတယ်။ အဲ့ဒီညတစ်ညလုံး သူဌေးက အိမ်ပြန်မလာခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ သူဌေးနဲ့အတူ အမျိုးသမီးတစ်ယောက်ပါလာခဲ့ပါတယ်။