Uni
ကြမ်းကြမ်းရမ်းရမ်းမောင့်အနမ်း
Part 13
ပါတီပွဲဆိုသော်ငြားလည်း DJသံတွေနှင့်ပြည့်နက်နေတာမဟုတ်ပဲ.. နိုင်ငံခြားသံစဥ်အေးအေးလေးကို ဖွင့်ကာ ဝိုင်ခွက်ကိုယ်စီကိုင်လို့ သံစဥ်အတိုင်း ခန္ဓာကိုယ်ဟာလှုပ်ရှားကာ စီမြောနေကြခြင်းဖြစ်သည်။
ပါတီပွဲအတွင်းက စားပွဲဝိုင်းတစ်ခုမှာတော့ Suitအပြည့်အစုံဝတ်ထားသော ဦးဘောဂသည် ဝိုင်ခွက်ကိုလှုပ်ရမ်းရင်း အနည်းငယ်မော့သောက်ကာ ကနေတဲ့လူတွေအား ကြည့်နေတာကိုတွေ့ရသည်။ ခဏအကြာတွင် ဦးဘောဂအနားသို့ နောက်မြီးအရှည်နှင့် အညိုရောင်အသားကပ်ဂါဝန်ကို ဝတ်ဆင်ထားသော မေမဒီသည် ဝိုင်ခွက်ကိုင်ကာရောက်ရှိလာသည်။
"ကျွန်မ ဒီမှာ ထိုင်လို့ရမလား"
မျက်နှာစိမ်းမိန်းကလေးကြောင့် ဦးဘောဂသည် သောက်လက်စဝိုင်ခွက်ကိုသာ ဆက်သောက်နေလိုက်သည်။ မေမဒီသည် သူ့အားလစ်လျူရှု့လိုက်သော ဦးဘောဂ၏ဆက်ဆံပုံကြောင့် အနည်းငယ်အောင့်သက်သက်ဖြစ်သွား၏ ။
သို့သော် အရှက်တရားသည် ဂျိုနှင့်လားဟုမေးရလောက်အောင်ပင် အရှက်အကြောက်ကင်းမဲ့သော သူ(မ)သည် ဦးဘောဂ၏ ဘေးတွင် သွက်လက်စွာဝင်ထိုင်လိုက်သည်။ သို့သော် အချိန်တခုကြာမြင့်သည်အထိ တိတ်ဆိတ်နေ၏။ ခဏကြာတော့ အနည်းငယ်လှုပ်ရှားလာတဲ့ ဦးဘောဂကြောင့် မေမဒီအာရုံစိုက်မိသည်။
"ဝိုင် ထပ်လိုချင်တာလား ဦး"
ဝိုင် ကုန်သွား၍ ထပ်ယူရန် ထိုင်နေရာမှထလိုက်စဥ် သူ့နည်းတူ မတ်တပ်ထရပ်လိုက်သော မိန်းကလေးကြောင့် ဦးဘောဂ မျက်မှောင်ကုတ်သွားသည်။ ထို့နောက် မေမဒီက ဦးဘောဂ၏ ဝိုင်ခွက်ကိုင်ထားသော လက်မောင်းကို လှမ်းကိုင်၍....
"မေလဲ ဝိုင်ထပ်ဖြည့်မလို့လေ"
"မလိုဘူး!.. ကျုပ်နဲ့ဝေးဝေးနေပါမိန်းကလေး"
မေမဒီကိုင်ထားသော သူ၏လက်မောင်းကို ခက်ဆတ်ဆတ်ရုန်းထွက်လိုက်ပြီး ဦးဘောဂသည် ထိုနေရာမှထွက်လာခဲ့သည်။ မေမဒီသည် ဦးဘောဂ၏ ကျောပြင်ကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။