Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 2
ကော်ဖီဆိုင်လေးတစ်ခုမှာ ဦးဘောဂသည် တစ်စုံတစ်ယောက်အား စောင့်နေဟန်ရှိသည်။ သူသည် စတစ်ကော်လံ လက်ရှည်အဖြူကို အဖြူနှင့်အပြာစပ်ထားသော ပလေကပ် ပုဆိုးဖြင့်တွဲဖက်ဝတ်ဆင်ထားပြီး ကော်ဖီခွက်ကို တည်ငြိမ်အေးဆေးစွာ သောက်နေပုံဟာ လူကြီးလူကောင်းပီသ၏။
"စောင့်နေတာ ကြာပြီလားရှင်။ နောက်ကျသွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်"
ဂန္ဓမာပန်းပွင့်ကြီးတွေကို ဆေးသားတံဆိပ် ရိုက်ခတ်ထားသည့် ပန်းဆီရောင် ပါတိတ်ဝမ်းဆက်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဦးဘောဂနှင့် မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်ရင်း တောင်းပန်စကားဆို၏။
"ရပါတယ် မမြနှစ်။ ကျုပ်လဲ ရောက်နေတာ သိပ်မကြာသေးပါဘူး။ နို့.... ဘာများသုံးဆောင်မလဲခင်ဗျ... မှာပါ... မှာပါ။"
လူဂုဏ်ထံအသိုင်းအဝိုင်းမှ လူကြီးလူကောင်းတစ်ယောက်ဟာ ဟိတ်ဟန်မရှိပဲ သူ(မ)အားစကားဆိုလေတော့ ဒေါ်မြနှစ် စိတ်ထဲပေါ့ပါးမှု့ကိုခံစားရသည်။ ရုတ်တရက် သားကြီးရဲ့အလုပ်ရှင်က သီးသန့်တွေဆုံရန်ချိန်းတာကြောင့် သူ(မ)အနည်းငယ်စိတ်လှုပ်ရှားမိတာအမှန်ပင်ဖြစ်၏။
"ကော်ဖီတစ်ခွက်ပဲမှာပေးပါရှင်"
သူ(မ)ပြောလိုက်တော့ ဦးဘောဂသည် စားပွဲထိုးကောင်လေးကို ကော်ဖီတခွက်ချပေးရန် မှာလိုက်သည်။ ခဏအကြာတွင် ထိုကောင်လေးသည် ဒေါ်မြနှစ်တို့ထိုင်နေသော စားပွဲဝိုင်းဆီသို့ ကော်ဖီတစ်ခွက်လာချပေးလေ၏။
"ကျွန်မကို ဒီက လူကြီးမင်းနဲ့ တွေ့ဆုံဖို့ တလေးတစားဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးဘောဂလို လူကြီးလူကောင်းတစ်ယောက်က ကျွန်မလိုလူမျိုးနဲ့ တွေ့ဖို့အကြောင်း ဘာများရှိနေပါသလဲ"
"စကားကိုလွတ်လပ်စွာပြောပါလေ မမြနှစ်။ လူထဲကလူပဲ ဒီနေရာမှာ ဂုဏ်ပကာသနတွေ ခဏဘေးချိတ်ထားစို့လား။"
"ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ။ ဦးဘောဂ ပြောချင်တဲ့အကြောင်းအရာကို ပြောပါ။ သားကြီး အလုပ်ထဲမှာအပြစ်တစ်ခုခုများလုပ်မိလို့လားရှင်။ "