Uni
ကြမ်းကြမ်းရမ်းရမ်း မောင့်အနမ်း
Part 7
စူဋာမဏိမင်္ဂလာခန်းမအတွင်း ကြွရောက်လာတဲ့ ဧည့်သည်တော်များဖြင့်စည်ကားသိုက်မြိုက်လှသည်။ တည်ခင်းဧည့်ခံထားတဲ့စားသောက်ဖွယ်ရာများကလည်း စုံလင်လှသည်။
"အောင်ဇေရတု .. အောင်ဇေရတု... အောင်ဇေရတု..... ယနေ့ကျင်းပပြုလုပ်တဲ့ မင်္ဂလာပွဲအခန်းအနားကို ကြွရောက်ချီးမြှင့်ပေးကြကုန်သော ဂုဏ်သရေရှိ ဧည့်သည်တော်များကို... သတို့သား မောင်မင်းထက်မြတ် ၊ သတို့သား မောင်နေမင်းငယ်တို့ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်ကပဲ ပြောပြပါရစေခင်ဗျာ။... မင်္ဂလာအချိန်အခါ ကျရောက်တော့မည်ဖြစ်သောကြောင့် သတို့သားနှစ်ယောက်ကို ခန်းမအတွင်း ဝင်လာဖို့အတွက် ဖိတ်ခေါ်ပါရစေခင်ဗျာ..။"
ဘိသိတ်ဆရာကြီးရဲ့စကားအဆုံး မင်္ဂလာဗြောစည်တီးသံနှင့်အတူ သတို့သားနှစ်ယောက်သည် လက်ချင်းချိတ်တွယ်လို့ ခန်းမထဲသို့ ဖြေးညင်းစွာလျှောက်ဝင်လာခဲ့သည်။ တောင်ရှည်ပိုးပုဆိုး အဖြူပေါ်တွင် ရွှေချည်တို့ကို မတ်တပ်အစင်း ချိတ်လိုင်းသဏ္ဏာန်ဖော်ကာ ကျောက်စိမ်းတို့ဖြင့်စီခြယ်ထား၏။
စတစ်ကော်လံအဖြူလက်ရှည်ပေါ်တွင် တိုက်ပုံအဖြူကိုထပ်ဝတ်လျှက် ရင်ဘတ်တွင် ကျူးလစ်ပန်းအဖြူရောင်အပွင့်လေးကို မင်္ဂလာပန်းအဖြစ်တပ်ဆင်ထားသေးသည်။ မောင့်ကျက်သရေခေါင်းပေါင်းကိုဆောင်းလျှက် လည်တိုင်တွင် စံပယ်ပန်းကိုလည်း ဝတ်ဆင်ထားသေးသည်။
ထိုကဲ့သို့ လှပသေသပ်သော မင်္ဂလာသတို့သားဝတ်စုံကို ဆင်တူဝတ်ဆင်ထားသည့် သတို့သားနှစ်ယောက်သည် ဧည့်သည်တော်များ၏အာရုံကို အပြည့်အဝဖမ်းစားထားနိုင်သည်။ သတို့သားနှစ်ယောက်၏အရှေ့တွင်တော့ ထိုင်မသိမ်းဝတ်စုံအဖြူရောင်လေးနှင့် ရှေးခေတ်ဘုရင့်သမီးတော်များကဲ့သို့ ပြင်ဆင်ခြယ်သထားတဲ့ အိန်ဂျယ်လ်လေးသည် မင်္ဂလာပန်းခြင်းကို ကိုင်လျှက် လျှောက်လမ်းတစ်လျှောက်တွင် ပန်းအပွင့်အဖတ်များကို ကြဲပေးလေသည်။
ဒီမင်္ဂလာပွဲက သိပ်ကိုပြီးပြည့်စုံလွန်းလှသည်။ထို့နောက် မင်္ဂလာစင်မြင့်ပေါ်သို့ရောက်သောအခါ ဘိသိတ်ဆရာကြီးအရှေ့တွင် နှစ်ယောက်အတူ ခြေစုံရပ်လိုက်ကြသည်။