Uni
ကြမ်းကြမ်းရမ်းရမ်းမောင့်အနမ်း
part 11
ညဦးပိုင်း8နာရီဝန်းကျင်ခန့်တွင်ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အမှောင်ထုသာကြီးစိုးနေပြီး အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေ၏။ အပြာရောင်ဆေးသုတ်ထားတဲ့ နှစ်ထပ်တိုက်အိမ်ကြီး၏ မျက်စောင်းထိုးအကွယ်တစ်နေရာတွင်တော့ BMWကားအဖြူလေးတစ်စီး ထိုးရပ်သွားလေ၏။
နေမင်းတို့ ကားပေါ်မှမဆင်းသေးပဲ ခြံ၏အနေအထားကို အကဲခတ်မိတော့ ခန္ဓာကိုထွားကြိုင်းလှသည့် လူသုံးဦးက ခြံရှေ့မှာ ရုပ်တည်ကြီးတွေနှင့် ရပ်လို့နေ၏။ ထိုအခြေနေအရပ်ရပ်ကြောင့် ခြံထဲကိုအလွယ်ကူဝင်လို့မရနိုင်ဘူးဆိုတာ သူတို့ခန့်မှန်းမိပါသည်။
"အစောင့်တွေချထားတယ်"
"အင်း။ မောင်တို့ အလွယ်တကူဝင်လို့ မရလောက်ဘူး။ ဘာဆက်လုပ်မလဲ ငယ်"
မောင့်ရဲ့မေးခွန်းကို နေမင်းတယောက် ကားစတီယာတိုင်ကို လက်ချောင်းထိပ်များဖြင့်ခေါက်ရင်း အကြံထုတ်နေမိသည်။ ဦးထူးသာဆိုတာ သာမန်လူမဟုတ်လေတော့ သူ့အိမ်က CCTVမှတ်တမ်းကိုယူဖို့ရာ လွယ်ကူမည်မဟုတ်။
"ဒီလိုလုပ်မယ်မောင်။ ငယ် အရင်ဝင်သွားမယ်"
ငယ့်ရဲ့စကားကြောင့် မင်းထက်ရဲ့မျက်လုံးတွေ ဝိုင်းစက်သွားရတယ်။ ငယ့်ကို အန္တရာယ်တောထဲသို့ မည်သို့မျှ သူ မလွှတ်နိုင်ပါ။
"တခြားနည်းလမ်းမရှိတော့ဘူးလားငယ်။ ငယ်တစ်ယောက်ထဲသွားဖို့ကို မောင်စိတ်မချနိုင်ဘူး"
"ဒါဆိုလဲ အတူသွားကြမယ်။ ဒီနေ့ ဦးထူးသာ မေမြို့ကိုသွားတာ ပြန်မရောက်သေးဘူး။ အစောင့်တချို့ကို သူနဲ့အတူခေါ်သွားလို့ အိမ်မှာ အစောင့် သိပ်မကျန်ခဲ့လောက်ဘူး။ ခုချိန်ဝင်တာအကောင်းဆုံးပဲ။"
ငယ့်ရဲ့စကားကို မင်းထက်လဲ ခေါင်းငြိမ့်ထောက်ခံပြီး ဦးထူးသာရဲ့အိမ်သို့ဝင်ရန် စစ်ဆင်ရေးကို စတင်လိုက်သည်။ ခြံရှေ့တွင် အစောင့်သုံးယောက်ရှိတာကြောင့် သူတို့ကိုမမြင်စေရန် ပုန်းလျှိုးကွယ်လျှိုးဖြင့်အိမ်အနားသို့ ချဥ်းကပ်ရသည်။